“လက်မ စုပ်တဲ့ကလေး”

ကလေးပိစိလေး လက်မ (သို့) လက်ချောင်းလေးတွေ စုပ်နေရင် မေမေတို့အတွက် ချစ်စရာကောင်းတယ်ထင်သမျှ နည်းနည်းလေးကြီးလာလို့ ဒီအကျင့်က ဆက်ရှိနေသေးရင် မေမေတို့ စိတ်ထဲမှာ သရိုးသရီဖြစ်လာပါပြီ။ ကလေးလက်စုပ်တာနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ ဝေဖန်သံတွေ၊ အကြံပြုခေါင်းလောင်းသံတွေ စမြည်လာပါပြီ။ အဲဒီအခါ ကလေးက လက်မစုပ်နေတာနဲ့ အတင်းဆွဲဖြုတ်၊ ကလေးလေးကစိတ်ဆိုးပြီး အော်ငို၊ အဲလိုဖြစ်လေ မေမေတို့ကလဲ “ဒီအကျင့်ဖျောက်ကိုဖျောက်ပေးရမယ်”ဆိုတဲ့ စိတ်ပိုဝင်လေနဲ့ ဘေဘီလေးတွေနဲ့မေမေတို့ကြား တိုက်ပွဲဆင်နွှဲနေရတတ်ပါတယ်။

မေမေတို့အနေနဲ့ ကလေးလေးလက်မလေးစုပ်နေတာကို ရုတ်တရက် ဆွဲမဖြုတ်ခင် ဘေဘီလေးတွေ ဘာလို့ လက်မစုပ်တာလဲဆိုတဲ့ အကြောင်းရင်းကို သိထားဖို့လိုပါတယ်။

အရင်ဆုံးမေးခွန်းတစ်ခုမေးချင်ပါတယ်။

❓မေမေတို့ မျက်လုံးလေးမှိတ်ပြီး သီချင်းလေးနားထောင်ရင်း ငြိမ့်နေတဲ့အချိန် တစ်ယောက်ယောက်က မပြောမဆို ရုတ်တရက် သီချင်းလာပိတ်သွားရင် ဘယ်လိုခံစားရမလဲ?

အဲဒီအတိုင်းပါပဲ။ ကလေးလေးတွေဟာ လက်မလေးစုပ်နေတဲ့အချိန် သူတို့ကိုယ်သူတို့ နွေးထွေးမှု၊ စိတ်ကျေနပ်မှု၊ လုံခြုံမှု ဆိုတဲ့ ခံစားချက်လေးတွေနဲ့ ကျေနပ်နေကြတာပါ။

ကလးလေးတွေလက်မစုပ်တယ်ဆိုတာ နို့စို့သလိုမျိုးပဲ မွေးရာပါ ပါလာတဲ့ အကျင့်ပါ။ အမေရဲ့ဗိုက်ထဲမှာရှိနေတုန်းအချိန်မှာတောင် လက်မလေးစုပ်နေတဲ့ တချို့ကလေးလေးတွေရဲ့အယ်လ်ထွာဆောင်းပုံတွေ မြင်ဖူးကြမှာပါ။

စကားနဲ့ထုတ်မပြောနိုင်သေးပေမယ့် သူတို့ကိုယ်သူတို့ကျေနပ်နှစ်သိမ့်နေတဲ့ အခိုက်အတန့်လေးကို အတင်းအဓမ္မ တားဆီးခံလိုက်ရတာဟာ ကလေးလေးတွေအတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေနိုင်ပါတယ်။

❓အဲဒါဆိုရင် လက်စုပ်တဲ့အကျင့်ကို ဖျောက်မပေးရတော့ဘူးလား?

????အများအားဖြင့် ဒီအကျင့်က ကလေးအသက် ၆လ / ၇လ အရွယ်မှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

တချို့ကလေးတွေမှာတော့ နောက်ကျတတ်ပြီး ကလေးအသက် ၂ နှစ်ကနေ ၄ နှစ်လောက်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။

????တချို့ ကလေးအထူးကုတွေကတော့ ကလေးအသက် ၃ နှစ်မတိုင်ခင် လက်မစုပ်တဲ့အကျင့်ကို ဖျောက်ပေးသင့်တယ်လို့ ပြောကြပါတယ်။ အမေရိကန်ကလေးအထူးကုဆရာဝန်များ အကယ်ဒမီကတော့ ကလေးအသက် ၅ နှစ်ဝန်းကျင်အထိတော့ ခွင့်ပြုထားလို့ရတယ်ဆိုပါတယ်။

????ငယ်သွားလဲတဲ့အချိန်အထိ ချိုလိမ်စုပ်၊ လက်မစုပ်၊ လက်ချောင်းလေးတွေ စုပ်နေသေးရင်တော့ သွားနဲ့ သွားဖုံးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

❓ဘယ်လိုမျိုးပြသနာတွေဖြစ်တတ်တာလဲ?

– ရှေ့သွားလေးတွေခေါနေတာ၊

– အပေါ်သွားနဲ့ အောက်သွား မစေ့တော့ပဲ လျှာလေးပြူထွက်နေတာ၊

– တချို့စကားသံတွေ ပီပီသသမထွက်နိုင်တော့တာ စတဲ့ပြဿနာတွေပဲ ဖြစ်ပါတယ်။

❓လက်မစုပ်တဲ့အကျင့်ပျောက်အောင် ကူညီလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေက ဘာတွေလဲ?

????(၁) နားလည်အောင်ရှင်းပြပြီး ကူညီပေးပါ။

လက်မစုပ်ရင် သွားတွေမလှတော့ဘူး။ ကြီးလာရင် ရုပ်ဆိုးသွားလိမ့်မယ် စသဖြင့်ပြောပြပါ။အထောက်အထားပြ ဓါတ်ပုံတွေနဲ့ပြပြီး ဒါမျိုးမဖြစ်ချင်ရင် လက်မစုပ်ရဘူးဆိုတာကို ကူညီပြောပြပါ။ကလေးကိုယ်တိုင် လိုလိုလားလားနဲ့ ပြုပြင်ချင်စိတ်ဖြစ်ပါစေ။ ကလေးတွေက ငယ်ရွယ်ပေမယ့် သူတို့ကို တပူပူ တဆူဆူလုပ်နေရင် မလုပ်စေချင်တာကို ပိုလုပ်တတ်တာ သတိပြုပါ။

“သားသား/မီးမီး လက်စုပ်မိတာကို သတိထားမိပြီဆိုတာနဲ့ ကိုယ့်ဘာသာ သတိထားပြီး ချက်ခြင်း ရပ်ရမယ်။ မေမေလဲ ကူပြီး သတိပေးပေးမယ်” စသဖြင့် အတင်းအဓမ္မဖိအားပေးတာမျိုးမဟုတ်ဘဲ မိဘက ကူညီပြီး သတိပေးတယ်ဆိုတာ ကလေးနားလည်ပါစေ။

????(၂) လျစ်လျူရှူပါ။

လက်စုပ်နေလို့ အမေက ဟန့်တဲ့အခါ ကစားနည်းတစ်ခုလိုသဘောထားပြီး ဆက်လုပ်နေတဲ့ ကလေးမျိုးဆိုရင် မသိချင်ယောင်ဆောင်နေ‌ပေးလိုက်ပါ။

????(၃) အသိအမှတ်ပြုပေးပါ။

အလေ့အကျင့်တစ်ခုကို ချက်ခြင်းရပ်နိုင်မှာ မဟုတ်သလို ချက်ချင်းရပ်ပစ်ဖို့ဆိုတာ မလွယ်ကူတဲ့အတွက် အချိန်အပိုင်းအခြားကာလတစ်ခု သတ်မှတ်ပေးပြီး ပေးထားတဲ့အချိန်အတွင်း လက်မ မစုပ်ရင် ဂုဏ်ပြုတဲ့အနေနဲ့ ကလေးနှစ်သက်တဲ့ stickerလေးတစ်ခုကပ်ပေးတာမျိုးလုပ်ပါ။ အချိန်ကာလသတ်မှတ်ပေးတာကို level အဆင့်ဆင့်သတ်မှတ်ပေးထားပါ။ ဥပမာ နေ့တစ်ဝက်ကနေ တဖြည်းဖြည်းတိုးလာပြီး ၁ လ / ၂ လအထိတိုးလုပ်ပါ။

????(၄) စိတ်အားတက်အောင်ပြောပေးပါ။

“သားသား/မီးမီး လက်မ မစုပ်တော့တဲ့အတွက် စကားပြောတဲ့အခါ စကားပီသွားပြီ” စသဖြင့် အားပေးစကားမျိုးပြောပါ။

????(၅) ဖြစ်စေတဲ့ အကြောင်းအရင်းကိုရှာပါ။

တချို့ကလေးတွေ လက်မစုပ်တာ၊ လက်သည်းကိုက်တာက စိတ်ဖိစီးချိန်၊ အာရုံအရမ်းစိုက်ရချိန်၊ အားမလို အားမရ ဖြစ်ပြီး အသဲယားတဲ့အချိန် မှာဖြစ်တတ်ပါတယ်။ အဲလိုတွေဖြစ်တဲ့အခါ ကလေးကို ကြင်ကြင်နာနာဆက်ဆံပေးတာ၊ အားပေးစကားပြောပေးတာ စသဖြင့်ကူညီပေးဖို့လိုပါတယ်။ ကလေးစိတ်လှုပ်ရှားတဲ့အချိန် ဖိညှစ်စရာ၊ ဖျစ်ညှစ်စရာ အမွေးပွရုပ်ကလေးတွေ၊ ကလေးစောင်/ ခေါင်းအုံးအိအိလေးတွေပေးထားရင်လဲ အဆင်ပြေစေနိုင်ပါတယ်။

????(၆) တခြားအကူအညီများ

အထက်မှာပြောခဲ့သလို ကလေးကိုယ်တိုင် လိုလိုလားလားနဲ့ ပြုပြင်ဖို့ ကြိုးစားနေပေမယ့် ခဏခဏပြန်ဖြစ်နေရင် တခြားအကူအညီတွေ သုံးလို့ရပါတယ်။ ဥပမာ ဘေဘီလေးတွေ စုပ်လေ့ရှိတဲ့ လက်ကလေးတွေကို အနာကပ် ပလာစတာ ကပ်ပေးထားတာမျိုး၊ မုန့်ခါး သုတ်လိမ်းပေးထားတာမျိုး စတဲ့ အကူပစ္စည်းလေးတွေကို ကလေးနားလည်အောင်ရှင်းပြပြီး သုံးပေးလို့ ရပါတယ်။ ကလေးကို နားလည်အောင် ‌ရှင်းပြဆွေးနွေးတာမျိုးမလုပ်ဘဲ ကြမ်းတမ်းစွာကိုင်တွယ်ပြောဆိုပြီး အကူပစ္စည်းတွေ အတင်းအကျပ်သုံးလိုက်မယ်ဆိုရင်တော့ ကလေးက မိဘကွယ်တာနဲ့ မလုပ်စေချင်တာကို ရအောင် ပြန်လုပ်တတ်ပါတယ်။

❗သတိပြုရန်

လက်စုပ်တဲ့အကျင့်က လပေါင်းများစွာပျောက်သွားပြီးမှ ပြန်ပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဦးစွာရှာပါ။ ကလေးကို အပြစ်မတင်ဘဲ အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေသုံးပြီး ပြန်လည် ကူညီပေးပါ။

References: ????

????Mayo’s clinic: Thumb sucking: Help your child break the habit

????Better health channel: Thumb sucking

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.