မေး – ဟိုတစ်ရက်က ဦးလေးဦးကျော်တစ်ယောက် ခြံထဲမှာ သံရိုက်နေရာကနေ အမှတ်တမဲ့ သံစူးသွားတယ်တဲ့။ တော်တော်နက်နက်စူးပြီး သွေးတွေအများကြီးထွက်တယ်လို့လည်း ကြားတယ်။ ဘာမှမဖြစ်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့နေရာကနေ တစ်ပတ်လောက်ကြာတော့ ပါးစပ်လည်းဖွင့်မရ တစ်ကိုယ်လုံးတောင့်သွားတယ်လို့ ပြောသံကြားတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ မသိဘူးနော်။

ဖြေ – အဲ့ဒါ မေးခိုင်ပိုးဝင်တာလေ။

မေး – မေးခိုင်ဆိုတာဘာလဲ ?

ဖြေ – ကဲ မသိသေးဘူးဆိုရင် မေးခိုင်ရောဂါအကြောင်းကို ပြောပြမယ်နော်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

❓မေးခိုင်ရောဂါဆိုတာဘာလဲ

• မေးခိုင်ရောဂါဆိုတာကတော့ clostridium tetani လို့ခေါ်တဲ့ မေးခိုင် ဘက်တီးရီးယားပိုးကနေ ကူးစက်တတ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဓိကကတော့ ရောဂါပိုးရှိတဲ့၊ မသန့်ရှင်းတဲ့ အရာဝတ္ထုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိပြီး အနာကနေတစ်ဆင့် ဖြစ်တတ်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာဆိုရင်တော့ အကြောကနေတစ်ဆင့် မူးယစ်ဆေးသွင်းတဲ့ မူးယစ်ဆေးဝါးသမားတွေမှာလည်း မေးခိုင်ရောဂါဖြစ်ခြင်း မြင့်တက်လာတာ တွေ့ရပါတယ်။

❓မေးခိုင်ပိုး ဘယ်လိုကူးစက်နိုင်လဲ

• မေးခိုင်ပိုးရဲ့ spore လို့ခေါ်တဲ့ မျိုးမှုန်လေးတွေက မြေကြီး၊ ဖုန်မှုန့်၊ လူနဲ့ တိရစ္ဆာန်တို့က စွန့်တဲ့ အညစ်အကြေးတွေမှာ နေထိုင်တတ်ပါတယ်။ ချွန်ထက်တဲ့ ဆူး၊ သံ အစရှိတဲ့ အရာတွေက ထိုးမိစူးမိရာကနေ မေးခိုင်ပိုးက ခန္ဓာကိုယ်ထဲ ဝင်တတ်ပါတယ်။ အဲ့ဒီ မျိုးမှုန်လေးတွေဟာ အရေပြားဆဲလ်သေတွေ ဒါမှမဟုတ် ကြွက်သားတွေမှာ ပွားများပြီး ကြွက်သားတောင့်တင်းစေနိုင်တဲ့ အဆိပ်တွေကို ထုတ်လွှတ်ပါတော့တယ်။

• ဒါ့အပြင် ကလေးမီးဖွားတဲ့အချိန်မှာ မသန့်ရှင်းတဲ့ အလေ့အကျင့် အပြုအမူတွေကြောင့်လည်း မွေးကင်းစလေးတွေမှာ မေးခိုင်ပိုးဝင်နိုင်ပါတယ်။

• ဒါပေမယ့် မေးခိုင်ပိုးက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်တဲ့ ရောဂါပိုးတော့ မဟုတ်ပါဘူး။

❓မေးခိုင်ရောဂါ ဘယ်နှမျိုးရှိလဲ

• မေးခိုင်ရောဂါကို အဓိကအားဖြင့် ၄မျိုး ခွဲခြားလို့ ရပါတယ်။

(၁) ခန္ဓာကိုယ်အနှံ့ဖြစ်သော မေးခိုင် ( ခန္ဓာကိုယ်အနှံ့ ကြွက်သားများတောင့်ခြင်း)
(၂) တစ်နေရာတည်းတွင်သာ ဖြစ်သော မေးခိုင် ( ဒဏ်ရာနှင့် အနီးတဝိုက်တွင်ရှိသော ကြွက်သားများ တောင့်တင်းခြင်း)၊
(၃) ဦးခေါင်းပိုင်းတွင်ဖြစ်သော မေးခိုင် (မျက်နှာက အာရုံကြောများ ထိခိုက်ခြင်း)
(၄) မွေးကင်းစကလေးများတွင်ဖြစ်သော မေးခိုင် ( ကလေးမီးဖွားချိန် ချက်ကြိုးဖြတ်တဲ့အခါ မသန့်ရှင်းတဲ့ကိရိယာတွေ သုံးခြင်းကြောင့် ရောဂါပိုးဝင်ရောက်ခြင်း) ဆိုပြီး ခွဲခြားနိုင်ပါတယ်။

❓ရောဂါလက္ခဏာက ဘာတွေလဲ

• ပိုးဝင်ပြီး တစ်ပတ် – ၁၀ရက်အကြာမှာ လက္ခဏာပြနိုင်သလို တစ်ခါတရံမှာ လပေါင်းများစွာကြာပြီးမှ လက္ခဏာပြတာလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း လက္ခဏာပြလေ ပိုဆိုးရွားလေ ဖြစ်ပါတယ်။ ၃ရက်အတွင်း လက္ခဏာပြရင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။

• ပထမဆုံးစပေါ်တဲ့ လက္ခဏာကတော့ အစားအစာတွေကြိတ်ဝါးပေးတဲ့ မေးရိုးက ကြွက်သားတွေ လှုပ်မရအောင် တောင့်သွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပါးစပ်ဖွင့်ဖို့နဲ့ အစားအစာတွေ ဝါးဖို့ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် လက္ခဏာကို လိုက်ပြီး “မေးခိုင်ရောဂါ” လို့ အစွဲပြု ခေါ်ဝေါ်တာပဲ ဖြစ်ပါတယ်။

နောက်ထပ် လက္ခဏာကတော့….

• မျက်နှာ၊ လည်ပင်း၊ ကျောကုန်းနဲ့ ဝမ်းဗိုက်ကြွက်သားများ တောင့်ခြင်း
• အစာ၊ ရေ မျိုရခက်ခဲခြင်း
• အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ တောင့်နေတဲ့အတွက် အသက်ရှူရတာ ခက်ခဲခြင်း
• အလားတူပဲ ဆီးလမ်းကြောင်းကြွက်သားနဲ့ စအိုကြွက်သားတွေ တောင့်တင်းနေတာကြောင့် ဆီးမသွားနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း

ရောဂါလက္ခဏာပြင်းထန်လာရင်တော့ ကြွက်သားများတောင့်ခြင်းက (၂)စက္ကန့်-(၃)စက္ကန့်ကနေ (၃-၄) မိနစ်လောက်ထိ ကြာမြင့်ပြီး လူနာက အလွန်နာကျင်တတ်ပါတယ်။

ဒါ့အပြင် အခြားသော လက္ခဏာများအနေဖြင့် ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်ပါတယ်။

ရောဂါဝေဒနာရှင်တွေက ဆူညံသံ၊ အလင်းနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတို့ကို မခံနိုင်ပါဘူး။ ဒါတွေကြောင့် လက္ခဏာ ပိုဆိုးရွားတတ်တာကို တွေ့ရပါတယ်။

❓မေးခိုင်ရောဂါက အသက်အန္တရာယ်ရှိလား

• မွေးကင်းစကလေးတွေမှာ ဖြစ်ရင်တော့ ၁၀၀% စိုးရိမ်ရပြီးတော့ လူကြီးတွေမှာဆိုရင်တော့ ၄၀%လောက် အန္တရာယ်ရှိလို့ ပေါ့ဆလို့ မဖြစ်ပါဘူး။

❓မေးခိုင်ရောဂါ ဖြစ်ပွားနိုင်ချေအများဆုံး ဖြစ်တဲ့သူတွေက ဘယ်သူတွေလဲ

• မေးခိုင်ရောဂါ ကာကွယ်ဆေးမထိုးထားတဲ့ သူတွေ
• ရောဂါပိုးမျိုးမှုန်တွေရှိတဲ့ မြေကြီးတွေ အညစ်အကြေးတွေနဲ့ ထိတွေ့ကိုင်တွယ်ပြီး အလုပ်လုပ်နေရသူတွေ
• မူးယစ်ဆေးဝါးကို အကြောမှတစ်ဆင့် ထိုးသွင်းသုံးစွဲသူတွေ
• မသန့်ရှင်းတဲ့ကိရိယာများသုံးပြီး ချက်ကြိုးဖြတ်ခံရတဲ့ ကလေးတွေနဲ့
• သံ၊ ဆူး၊ ညှောင့်နဲ့ တခြားချွန်ထက်တဲ့ အရာဝတ္ထုပစ္စည်းများ စူးမိ၊ ထိုးမိသူတွေတို့ပဲ ဖြစ်ပါတယ်။

❓မေးခိုင်ရောဂါကို ဘယ်လို ကုသကြမလဲ?

• ‌‌မေးခိုင်ရောဂါကတော့ အိမ်မှာ ကုသလို့ရတဲ့ ရောဂါ လုံးဝမဟုတ်ပါဘူး။

• ဆေးရုံကြီးတွေမှာထားပြီး ကုသရတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အလင်းအသံတို့ကြောင့် လက္ခဏာ ပိုမိုဆိုးရွားနိုင်တဲ့အတွက် တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းတစ်ခုမှာ လူနာကို ထားပြီး လိုအပ်တဲ့ ပိုးသတ်ဆေးနဲ့ ပဋိဇီဝဆေးဝါးများ သုံးစွဲကုသခြင်း၊ ဒဏ်ရာအနာကို ဆေးထည့်သန့်စင်ခြင်း၊ ‌ဖြေဆေးထိုးခြင်းတို့ကို ဆရာဝန်က အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။ နောက်ဆုံး မေးခိုင်ပိုးအဆိပ်တွေ ပြေပျောက်သွားတဲ့အထိ ဂရုတစိုက်ကုသရတာပဲ ဖြစ်ပါတယ်။

• အကြောဆွဲခြင်း၊ အသက်ရှူရန်ခက်ခဲခြင်းတို့ ဖြစ်လာပါက အသက်ရှူစက်အသုံးပြုဖို့ လိုအပ်ပါတယ်။

❓မေးခိုင်ရောဂါကို ဘယ်လိုကာကွယ်နိုင်လဲ

(၁) ကာကွယ်ဆေးထိုးခြင်း
• မွေးကင်းစကလေးတွေမှာ အသက် (၂)လ၊ (၄)လ၊ (၆)လနဲ့ (၅)နှစ်အရွယ်တွေမှာ မေးခိုင်ကာကွယ်ဆေးထိုးခြင်း
• ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန် (၄)လနဲ့ (၆)လမှာ မေးခိုင်ကာကွယ်ဆေးထိုးခြင်း
• ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရရှိချိန်မှာ ကာကွယ်ဆေးထိုးခြင်း

(၂) မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကိုင်ရတဲ့အခါ အရေပြားမှာ စူးမိထိုးမိတဲ့ ဒဏ်ရာမရအောင် ဂရုတစိုက်နေခြင်း ( ဥပမာ -လက်အိတ်၊ ကြက်ပေါင်ဖိနပ်ရှည်ဝတ်ပြီး အလုပ်လုပ်ခြင်း)

(၃) ထိခိုက်ဒဏ်ရာ ရလာတဲ့အခါမျိုးမှာ အနာကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာ စနစ်တကျ ဆေးကြောခြင်း၊ စနစ်တကျ ပိုးသတ်ဆေးထည့်ခြင်း

(၄) မေးခိုင်ပိုးဝင်နိုင်တယ်လို့ သံသယရှိမယ်ဆိုရင်တော့ မေးခိုင်ကာကွယ်ဆေး ထပ်မံထိုးဖို့ လို/မလို ဆေးသာက်ဖို့ လို/မလိုကို ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆို မေးခိုင်ရောဂါနဲ့ ပတ်သက်ပြီးသိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ထိုက်သင့်သလောက် ရရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အားလုံးလည်း မေးခိုင်ရောဂါပိုးကို ကာကွယ်ပြီးသားဖြစ်အောင် ထိခိုက်အနာတရမဖြစ်ဘဲဘဲ နေထိုင်ကြပါလို့ အကြံပြုလိုပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.154
Davidson 23rd edition pg – 1125, 1126
SRB’s manual of surgery pg – 50, 51, 52

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.