သွေးလွန်တုပ်ကွေး
သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။
❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ
အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။
❓ရောဂါလက္ခဏာဘာတွေလဲ။
အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။
ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ…
– ချမ်းတုန်ပြီး အဖျားကြီးခြင်း
– မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း
– အကြိတ်များရောင်လာခြင်း
– အရိုးအဆစ်ကြွက်သားများနာခြင်း
– အလွန်အမင်းပင်ပန်းနွမ်းနယ်ပြီးနုန်းခြင်းတို့ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းများလည်းဖြစ်တတ်ပါတယ်။ အနီစက်တွေလည်း အရေပြားပေါ်မှာ သုံရက်မြောက်နေ့မှာပေါ်လာတတ်ပါတယ်။ အဖျားကတော့အများအားဖြင့် တစ်ပတ်လောက်ကြာတတ်ပါတယ်။
❗အထူးသတိထားရန်
သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေရဲ့ ငါးရာခိုင်နှုန်းလောက်မှာ ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်ကိုရောက်သွားတတ်ပြီးတော့ သွေးယိုတာ၊ သွေးလန့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။
❗အန္တရာယ်လက္ခဏာများ
– ဗိုက်အရမ်းနာခြင်း
– အသက်ရှုမြန်ခြင်း
– ကော်ဖီရောင်အန်ခြင်း
– အဆက်မပြတ်အန်ခြင်း
– သွားဖုံးသွေးယိုခြင်း
– ကလေးအရမ်းပျော့ခွေနေခြင်း/ ဂဏာမငြိမ်ဖြစ်ခြင်း
သွေးလန့်တာက အများအားဖြင့် ဖျားပြီးသုံးရက်ကနေ တစ်ပတ်အတွင်းဖြစ်တတ်ပါတယ်။
❗အထူးသတိပြုရန်
သွေးလန့်တာမဖြစ်ခင် အဖျားကျသွားတတ်ပါတယ်။ အဲတော့နေကောင်းသွားပြီထင်ပြီး အန္တရာယ် လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။
အန္တရာယ်လက္ခဏာတွေပေါ်လာပြီးနောက် ၂၄-၄၈နာရီကအင်မတန်အရေးကြီးပါတယ်။ ဆေးရုံမှာကြပ်ကြပ်မတ်မတ်ကုမှ နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။
❓ဘယ်လိုကူးတာလဲ
သွေးလွန်တုပ်ကွေးဗိုင်းရပ်ရှိနေတဲ့လူကို နေ့ဘက်မှာကိုက်တဲ့ ရေကြည်ရေသန့်မှာပေါက်တဲ့ Aedes လို့ခေါ်တဲ့ခြင်ကိုက်လိုက်တော့ ခြင်ရဲ့ကိုယ်ထဲမှာ ဗိုင်းရပ်တွေကပွားနေပါတယ်။ အဲဒီခြင်ကပြန်ကိုက်တဲ့လူမှာ ရောဂါဖြစ်စေတာပါ။
❓ဘယ်လိုကာကွယ်မလဲ
ခြင်ကိုက်မခံရအောင်
– အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ
– ကလေးအိပ်ရင်ခြင်ထောင်ထောင်ပါ
– ဆေးစိမ်ခြင်ထောင်သုံးပါ
– ခြင်မကိုက်အောင်လိမ်းတဲ့ ဆေး(mosquito repellent) လိမ်းပေးပါ
– ကလေးကိုအလင်းရောင်ရတဲ့နေရာမှာ ကစားခိုင်းပါ။
ခြင်မရှိအောင် ဖုံးသွန်လဲစစ်လုပ်ပါ။
– ရေစည် ၊ ရေအိုး ၊ ရေလှောင်ကန်တွေကိုဖုံးအုပ်ထားပါ။
– ပိုးလောက်လန်းပေါက်ဖွားနိုင်တဲ့ ရေဝပ်နိုင်တဲ့ချိုင့်ခွက်တွေကို မြေဖို့ပါ။
– ပန်းအိုး ၊ ရေအိုးတွေကို နေ့စဉ်တိုက်ချွတ်ပြီး ရေလဲလှယ်ပါ။ မိုးရေတင်နိင်တဲ့ အိုးဟောင်း တာယာဟောင်း များကို စွန့်ပစ်ပါ။
✔️ကုသနည်း
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါမို့လို့ ပိုးသတ်ဆေးမလိုပါဘူး။ နာကျင်ကိုက်ခဲတာတွေ ဖျားနာတာတွေအတွက် ပါရာစီတမောတိုက်ပါ။ အရည်များများတိုက်ပါ။
အန္တရာယ်လက္ခဏာတွေကို အထူးသတိထား စောင့်ကြည့်ပါ။ အကယ်၍ ပေါ်ပေါက်လာပါက/မသေချာရင် ဆေးရုံချက်ချင်းသွားပြီး စစ်ဆေးကုသမှုခံယူပါ။
Reference:
Dengue, communicable diseases fact sheet. New South Wales Government Health. Australia.
DHF fact sheet. MOH. Myanmar.
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.