ကိုယ်ဝန်တားဆေးကဒ် ( လက်ညှိုးကဒ် )အကြောင်း ဗဟုသုတ ( May, 2022 )

ကိုယ်ဝန်တားဆေးကဒ် ( လက်ညှိုးကဒ် )အကြောင်း ဗဟုသုတ ( May, 2022 )
======================================

❓တားဆေးကဒ် သောက်ဖို့ခဏခဏ မေ့တယ်။ ဘယ်လိုလုပ်ရမလဲ

တားဆေးကဒ်သောက်မယ်လို့ ဆုံးဖြတ်ရင် နေ့တိုင်းမပျက်မကွက် သောက်ဖို့လိုသလို သောက်တဲ့အချိန်လဲ မှန်ဖို့လိုပါတယ်။

ဥပမာအားဖြင့် မနက် (၇)နာရီမှာသောက်မယ်ဆိုရင် နေ့တိုင်း မနက် (၇)နာရီမှာသောက်သင့်ပါတယ်။ ဒီနေ့ မနက် (၇)နာရီမှာသောက်တယ်။ နောက်နေ့မှာ မေ့သွားလို့ (၉)နာရီလောက်မှာမှ သောက်ဖြစ်တယ်။ နောက်တစ်နေ့ကျ ညနေမှသောက်ဖြစ်တယ်။ အဲဒါဆို ကိုယ်ဝန်မရအောင် တားနိုင်စွမ်းနည်းပါတယ်။

တားဆေးကဒ်သောက်နေရင်းနဲ့ ကိုယ်ဝန်ရသွားတယ်လို့ ပြောတဲ့ လူနာအများစုကို သေချာမေးကြည့်ရင် ဆေးသောက်ဖို့ ရက်ကျော်တာ၊ အချိန်ကို ပုံမှန်မသောက်ကြဘဲ အဆင်ပြေတဲ့ အချိန်သောက်လိုက်တာ ၊ တစ်ခါတလေလည်း သောက်ဖြစ်လား မသောက်ဖြစ်လား သေချာမမှတ်မိဘူးဆိုပြီးအဖြေရတတ်ပါတယ်။

အချိန်မှန်သောက်ဖို့တိုက်တွန်းတာမှာ အကြောင်း (၂) ချက်ရှိပါတယ်။

နံပါတ် (၁)အချက်အနေနဲ့ အလေ့အကျင့်စွဲမြဲစေချင်လို့ပါ။ မနက်တိုင်းအိပ်ယာထတာနဲ့ ဆေးသောက်တဲ့ အကျင့်ရှိရင် ဒီနေ့သောက်ပြီးပြီလား၊ မသောက်ရသေးဘူးလားဆိုတဲ့ ပြဿနာမရှိတော့ပါဘူး။ အဲဒါကြောင့် ဆေးကဒ်သောက်သူတွေအနေနဲ့ ဆေးသောက်မယ့် အချိန်ကို ဖုန်းမှာ နေ့တိုင်း နှိုးစက် alarm ပေးထားဖို့ အကြံပေးချင်ပါတယ်။

နံပါတ် (၂)အချက်အနေနဲ့ ရှင်းပြချင်တာက သောက်လိုက်တဲ့ တားဆေးမှာပါတဲ့ ဟော်မုန်းပမာဏတွေဟာ တစ်လုံးနဲ့တစ်လုံး မတူပါဘူး။ သားဥကြွေနိုင်တဲ့ရက်တွေ၊ ဇီဝကမ္မဖြစ်စဉ်တွေပေါ်မူတည်ပြီး ကိုယ်ခန္ဓာထဲမှာ ကိုယ်ဝန်တားနိုင်တဲ့ အာနိသင်ဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဆေးကတ်ရဲ့ အပေါ်တန်း၊ အောက်တန်းမတူရင်တောင် ဆေးထဲမှာပါတဲ့ ဟော်မုန်းပမာဏမတူပါဘူး။

– ဒါကြောင့်နေ့စဉ် ပုံမှန်၊ အချိန်မှန်မသောက်ရင် တကယ်ကိုယ်ဝန်တားနိုင်တဲ့ ဟော်မုန်းရဲ့အာနိသင်ပမာဏလိုအပ်တဲ့အတိုင်းမဖြစ်တဲ့အတွက်ကိုယ်ဝန်ရသွားနိုင်ပါတယ်။

– တားဆေးကတ်သောက်တာက တချို့ အကိုက်အခဲပျောက်ဆေးတွေလို ကိုက်ခဲညောင်းညာနေရင် သောက်၊ လိုတဲ့အချိန်သောက်၊ ဆေးပတ်လည်ဖို့မလို၊ သက်သာရင် ရပ်လိုက် လုပ်သလိုလုပ်လို့မရပါဘူး။

– ကိုယ်ဝန်တားချင်တဲ့ ကာလတလျောက်လုံး ပုံမှန်အတိုင်းသောက်သွားဖို့ အရမ်းအရေးကြီးပါတယ်။

ဒါကြောင့် ကိုယ်တိုင်က အလုပ်အရမ်းရှုပ်တယ်၊ ဆေးကိုအချိန်မှန်ပုံမှန်မသောက်ဖြစ်ဘူး၊ alarm လဲမလုပ်ချင်ဘူးဆိုရင်တော့ တကယ်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကိုယ်နဲ့ တခြားဘယ်နည်းလမ်းတွေသင့်တော်မလဲ ရှာဖွေပါ။

❓တားဆေးကဒ်သောက်ဖို့ မေ့သွားရင် ဘယ်လိုဆက်သောက်ရမလဲ

ဆေးကဒ်တစ်ခုမှာ ဆေး(၂၈)လုံး ပါရှိပါတယ်။
– အဖြူရောင်ဆေးလုံးပါတဲ့ အတန်း (၃) တန်း
– အညိုရောင်ဆေးလုံးပါတဲ့ အတန်း (၁) တန်း စုစုပေါင်း အတန်း(၄)တန်း ပါပါတယ်။

???? ဆေးသောက်ဖို့မေ့တာက အညိုရောင် အလုံးလေးတွေပါတဲ့ အတန်းမှာဆိုရင် လွယ်ပါတယ်။ အားဆေးပဲဖြစ်တဲ့အတွက် မေ့သွားတဲ့ဆေးလုံးတွေကို ဖယ်ပြီး ကျန်တဲ့ ဆေးတွေကို တစ်နေ့တစ်လုံး ဆက်သောက်ပါ။ (ဥပမာ။ ၂ ရက်သောက်ဖို့မေ့ရင် ၂ လုံးဖယ်လိုက်ပါ)။

???? အဖြူဆေးလုံးကို (၁)ရက် (ဒါမှမဟုတ်) (၂)ရက် သောက်ဖို့မေ့ခဲ့ရင်လဲ လွယ်ပါသေးတယ်။ ဆေး(၁)လုံးကို သတိရရချင်းသောက်ပြီး၊ အဲ့ဒီနေ့အတွက် ဆေးလုံးကို ပုံမှန်သောက်နေကျ အချိန်မှာ သောက်ပါ။ ကျန်တဲ့ဆေးတွေကို ပုံမှန်အတိုင်း တစ်နေ့တစ်လုံး ဆက်သောက်ပါ။

❗️ အဖြူဆေးလုံးကို (၃)ရက်နဲ့အထက် ပိုပြီးသောက်ဖို့မေ့ခဲ့ရင်တော့ ကိစ္စရှိပါပြီ ❗️

အပေါ်မှာ ရှင်းပြခဲ့သလိုပဲ တားဆေးကဒ်က သားဥကြွေနိုင်တဲ့ရက်တွေ၊ ဇီဝကမ္မဖြစ်စဉ်တွေပေါ်မူတည်ပြီး ကိုယ်ခန္ဓာထဲမှာ ကိုယ်ဝန်တားနိုင်တဲ့ အာနိသင်ဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဆေးကဒ်ရဲ့ အပေါ်တန်း၊ အောက်တန်းမတူရင်တောင် ဆေးထဲမှာပါတဲ့ ဟော်မုန်းပမာဏမတူပါဘူး။

ကိုယ်က ဆေးသောက်ဖို့ ရက်ရှည်မေ့ထားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ကိုယ်ဝန်တားနိုင်တဲ့ဟော်မုန်းပမာဏက ပျက်သွားပါတယ်။ ဒါကြောင့် ဆေးကဒ်ရဲ့ ဘယ် အတန်းမှာသောက်ဖို့မေ့တာလဲဆိုတာနဲ့ သေချာကိုက်ပြီး အောက်မှာရေးပြထားတဲ့အတိုင်း အတိအကျလိုက်လုပ်ဖို့လိုပါတယ်။
????????????

❗️အပေါ်ဆုံး(၂)တန်းမှာ ၊ (၃)ရက်နဲ့အထက် ပိုပြီးသောက်ဖို့မေ့ခဲ့တာဆိုရင်….

ဆေး(၁)လုံးကို သတိရရချင်း သောက်ပါ။ ကျန်တဲ့ဆေးတွေကို ပုံမှန်အတိုင်းဆက်သောက်ပါ။

❗️တတိယအတန်းမှာ (၃)ရက်နဲ့အထက် ပိုပြီးသောက်ဖို့မေ့ခဲ့တာဆိုရင်

ဆေး(၁) လုံးကို သတိရရချင်းသောက်ပါ။ အဲဒီအတန်းက ကျန်တဲ့ဆေးတွေကို ပုံမှန်အတိုင်း ဆက်သောက်ပါ။ အရေးကြီးတဲ့အချက်က အောက်ဆုံးအတန်းက ဆေးအညိုတွေကို မသောက်တော့ဘဲ အဖြူလုံးတွေကုန်သွားတာနဲ့ နောက်ဆေးကတ်အသစ်ကို အဖြူတန်းက စပြီးဆက်သောက်ပါ။

❗️❗️ဆေးသောက်ဖို့ (၃)ရက်နဲ့အထက် ပိုပြီးသောက်ဖို့မေ့တဲ့ သူတွေအားလုံးအတွက် အပေါ်ကအချက်တွေအပြင် ၊ ရက်ရှည်ဆေးသောက်ဖို့မေ့ထားတာဖြစ်တဲ့အတွက် ကိုယ်ဝန်တားနိုင်တဲ့ အာနိသင်ပြန်တည်ဆောက်နေတဲ့အချိန်မို့လို့ လိင်ဆက်ဆံတာကို (၇) ရက်ရှောင်ပါ။ မရှောင်ဖြစ်ရင် ကွန်ဒုံးကိုသုံးပါ။ ဆေးသောက်ဖို့ မေ့ခဲ့တဲ့ ရက်တွေအတွင်း လိင်ဆက်ဆံမှုရှိခဲ့ရင် အရေးပေါ်သန္ဓေတားဆေးကို လိင်ဆက်ဆံပြီး(၅) ရက်အတွင်း မဖြစ်မနေသောက်ပါ။

ဆေးကတ် ဘယ်နှစ်တန်းမြောက်ဆိုတာရေတွက်နည်း ????????????

တချို့က အနီတန်းကနေစပြီးရေတွက်တာမှားပါတယ်နော်။
ကိုယ်သောက်နေတဲ့ ဆေးကတ်ကို ဆေးအညိုလုံးလေးတွေပါတဲ့ အတန်းကို အောက်ဆုံးမှာထား၊ ထောင်ပြီးကိုင်လိုက်ပါ။ အပေါ်မှာ အဖြူဆေးလုံး ၃ တန်း၊ အောက်ဆုံးမှာ အညို ၁ တန်းဖြစ်နေပါတယ်။ အပေါ်ဆုံး အဖြူတန်းကစပြီး ရေတွက်ရမှာပါ။

အပေါ်မှာရှင်းပြထားတာတွေကို သိပ်မရှင်းလင်းဘူး၊ ဆရာဝန်နဲ့ ကိုယ်တိုင်ဆွေးနွေးချင်တယ်ဆိုရင် တယ်လီကျန်းမာမှာ အခမဲ့ဆွေးနွေးလို့ရပါတယ်။

Reference:
Family Planning- Global handbook for providers 2018

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာဆေးခန်းများဟာ အပြင်မှာဖွင့်လှစ်ထားတာမဟုတ်ဘဲ ၊ အွန်လိုင်း (Telegram)ကတစ်ဆင့်အထွေထွေရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးရမှာပါ။ လိုအပ်ရင် အထူးကုဆရာဝန်ကြီးများနဲ့ ဆက်လက်ဆွေးနွေးခွင့် ရမှာပါ။

ဆွေးနွေးကုသမှုအားလုံးကို အခမဲ့ (အခမဲ့) ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ????
( Telegram appလေး မိမိဖုန်းထဲမှာရှိဖို့ပဲ လိုတာပါ )

ဆေးခန်းပြဖို့အတွက် ကြိုတင်ဘိုကင်ယူမယ်ဆိုရင်တော့ တယ်လီကျန်းမာရဲ့ messengerမှာ မိမိရဲ့ အမည် ၊ အသက် ၊ နေထိုင်ရာမြို့နယ်ကို စာရင်းပေးသွင်းပြီး ဘိုကင်ယူနိုင်ပါတယ်။
https://m.me/telehealthmm )

ရောဂါအခြေအနေအရ ကြိုတင်ဘိုကင်မယူပဲ ချက်ချင်းဆေးခန်းပြလိုသူတွေကတော့ တယ်လီကျန်းမာရဲ့ “ တန်းစီဆေးခန်း” မှာ တိုက်ရိုက်ပြသလို့ရပါတယ်။
https://t.me/TelehealthMM )

*** အထူးသတိပြုရမှာကတော့ ဖော်ပြပါဝန်ဆောင်မှုတွေဟာ နေ့စဥ် မနက်(၈)နာရီမှ ညနေ(၆)နာရီအထိပဲ ဖြစ်ပါတယ် ***

မမေ့နဲ့နော်….

ဘိုကင်ယူရန်အတွက်
https://m.me/telehealthmm ကိုနှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက်
https://t.me/TelehealthMM ကိုနှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 31 May 2022
Last Updated: 31 May 2022 

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...