ခြေထောက်သွေးပြန်ကြော သွေးခဲခြင်း (Deep Vein Thrombosis)
DVTဆိုတာမပြောခင် အရင်ဆုံးတော့ သွေးပြန်ကြော(Vein)ရဲ့ပုံမှန်အလုပ်လုပ်ပုံလေး သိထားသင့်ပါတယ်။
သွေးပြန်ကြောဟာ သူ့နာမည်အတိုင်း ခန္ဓာကိုယ်အနှံ့ကသွေးတွေကို နှလုံးထဲပြန်ရောက်အောင် သယ်ပေးတာပါ။
သွေးပုံမှန်စီးဆင်းနေပြီး သွေးမခဲသွားအောင် သွေးပြန်ကြောဘေးတလျောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ညှစ်အားနဲ့ ပြန်ကြောအတွင်းရှိအဆို့ရှင်(Valves)လေးတွေက ကူညီပေးကြပါတယ်။
❓ဘယ်လိုအချိန်မှာသွေးခဲမှာလဲ
အကြောင်းအမျိုးမျိုးကြောင့် သွေးလည်ပတ်မှုပျက်သွားရင်တော့ သွေးခဲခြင်း(thrombosis)ဖြစ်ပါတယ်။
ခြေသလုံးအတွင်းရှိသွေးပြန်ကြောအတွင်း သွေးခဲခဲ့ရင်တော့ Deep vein thrombosis လို့ခေါ်ပါတယ်။
❓ဘယ်လိုလူတွေမှာဖြစ်တတ်လဲ
– ခြေထောက်လှုပ်ရှားမှုနည်းတဲ့သူ
( လတ်တလော အကြီးစားခွဲစိတ်ခံထားရသူ၊ တင်ပဆုံပတ်လည်ခွဲစိတ်ခံထားရသူ၊ ကုတင်ပေါ်မှာအကြာကြီးလှဲနေရသူ၊ လေယာဥ်အကြာကြီးစီးထားသူ )
– အသက်ကြီးသူ
– အဝလွန်သူ
– ကိုယ်ဝန်တားဆေး၊ oestrogen ဟော်မုန်းသောက်နေရသူ
– ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးခါစအချိန်
– ဆေးလိပ်သောက်သူ
– ရေဓာတ်ခန်းခြောက်သူ
– ရောဂါအခံရှိသူ( ကင်ဆာ၊ နှလုံးအားနည်းရောဂါ )
– ခြေထောက်သွေးကြောထုံး(varicose vein) ရှိသူ
– သွေးခဲလွန်ရောဂါ (Thrombophilia)ရှိသူ
– မိသားစုမျိုးရိုးမှာ ဖြစ်ဖူးတဲ့ရာဇဝင်ရှိသူ
– အရင်ကလည်းဖြစ်ဖူးသူတွေမှာ ဖြစ်လေ့ရှိပါတယ်
❓ခြေထောက်သွေးပြန်ကြောသွေးခဲရင် ဘယ်လိုသိနိုင်လဲ
ခြေထောက်မှ သွေးပြန်မစီးနိုင်တဲ့အတွက် ခြေသလုံးတင်းပြီးနာတာ၊ ရောင်တာ၊ နီတာ (သို့မဟုတ်) အရောင်ပြောင်းတာ၊ ကိုင်ကြည့်ရင်ပူနေတာ မျိုးတွေဖြစ်တတ်ပါတယ်။
Ultrasound ရိုက်ကြည့်ရင် အတိအကျသိနိုင်ပါတယ်။
❓အသက်အန္တာရယ်ရှိနိုင်လား
‼️ရှိနိုင်ပါတယ်
မတော်တဆ သွေးခဲလေးက ခြေထောက်ကနေ ပြုတ်ထွက်သွားပြီး နှလုံးကိုဖြတ်ကာ အဆုတ်ရဲ့ ပင်မသွေးကြောများကို ပိတ်ဆို့သွားနိုင်ပါတယ်။
ဒါကို အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary Embolism) လို့ခေါ်ပါတယ်။
❓အဆုတ်သွေးကြောပိတ်သွားပြီလား ဘယ်လိုသိမှာလဲ
အဆုတ်ကို သွေးမရောက်တော့တဲ့အတွက် အသက်ရှူကြပ်တာ၊ အသက်ရှူမြန်တာ၊ ရင်တုန်တာ၊ ချောင်းဆိုးသွေးပါတာတွေဖြစ်နိုင်ပါတယ်။
( တစ်ခါတလေ ရုတ်တရက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ် )
ဒါ့ကြောင့် အထက်ပါဝေဒနာတွေကို ရုတ်တရက်ခံစားရရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကိုအမြန်သွားဖို့ အရေးကြီးပါတယ်။
❓ဒါဆို ခြေထောက်သွေးပြန်ကြောသွေးမခဲအောင် ဘယ်လို ကာကွယ်ကြမလဲ
✔️ခြေထောက်လေ့ကျင်ခန်းကို ကုတင်ပေါ်မှာတင်အောက်ပါအတိုင်းလုပ်လို့ရပါတယ်
(၁) ခြေဖဝါးကိုအောက်ဖိချပါ
(၂) ခြေဖဝါးကိုအပေါ်ကော့တင်ပါ
(၃) ခြေချင်းဝတ်ကိုအသုံးပြုပြီး ခြေဖျားလေးတွေကို ဝလုံးရေးသလို တစ်ပတ်လည်အောင်လှည့်ပေးပါ
(၄) ခြေထောက်ကို အပေါ်မြောက်ပေးပါ
ခြေထောက်တစ်ဖက်စီလုပ်ပေးရပါမယ်။
✔️ရေဓာတ်မခန်းခြောက်အောင် ရေများများသောက်ပါ
အရက်နှင့် caffeine ပါသောအရည်(ကော်ဖီ)လျှော့သောက်ပေးပါ။
✔️လေယာဥ်အကြာကြီးစီးရတဲ့အခါ Compression stocking ကိုဝတ်ဆင်ပေးပါ
ထိုင်ခုံတွင်လည်းအထက်ပါအတိုင်း လေ့ကျင့်ခန်းလုပ်ပေးပါ။
❓ခြေထောက်သွေးပြန်ကြောသွေးခဲသွားရင် ဘယ်လိုကုလို့ရလဲ
ဆေးရုံဆေးခန်းတွေမှာ သွေးကျဲဆေးတွေဖြစ်တဲ့ထိုးဆေး(Heparin) နဲ့ သောက်ဆေးများနဲ့ကုလို့ရပါတယ်။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.251
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.