အသက်ကြီးသူများတွင် ဖြစ်တတ်သော ဒူးနာခြင်း ( Osteoarthritis )

အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး (osteoarthritis)ကို အသက်အရွယ်မရွေးခံစားရပေမယ့် ၊ အသက်အရွယ်ကြီးရင့်သူတွေမှာတော့ တော်ရုံမပျောက်ကင်းဘဲ စွဲစွဲမြဲမြဲ ဒုက္ခပေးနေတတ်တဲ့အိမ်မက်ဆိုး တစ်ခုဖြစ်နေတတ်ပါတယ်။

အဓိကကတော့ အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေအပေါ် ဒဏ်တွေသက်ရောက်ပြီး ဖြစ်ပေါ်လာခြင်းပါ။ ဒီလိုအဆစ်ရောင်ခြင်း (Degenerative joint disorder )ကို ပျက်စီးယိုယွင်းလာသော အဆစ် မူမမှန်ခြင်းလိုလဲခေါ်ကြပါသေးတယ်။

❓ဘာကြောင့်ဖြစ်တာလဲ

အသက်အရွယ်ရလာတဲ့အခါမှာ ဒူးဆစ်အတွင်းမှာရှိတဲ့ အရိုးတွေ (ပေါင်ရိုးနဲ့ခြေသလုံးရိုး)ပေါ်မှာဖုံးအုပ်ထားတဲ့ အရိုးနုတွေ ဒဏ်ဖြစ်ပြီး တဖြည်းဖြည်းပါးကာ အရိုး အချင်းချင်း ပွတ်တိုက်မိလာပါတယ်။

အဲဒီ့အခါ ဒူး အကွေးအဆန့် အထိုင်အထ ခက်လာပြီး ၊ တစ်ခါတရံ ရောင်ရမ်းနာကျင်ပြီး မလှုပ်မရှားနိုင်ထိဖြစ်နေတတ်ပါတယ်။ ဒူးလှုပ်ရှားစေဖို့ ဆောင်ရွက်ပေးရတဲ့ ကြွက်သားတွေလည်း အားနည်းလာတတ်ပါတယ်။

အဓိက အကြောင်းအရာဟာ အသက်ကြီးလာလို့ ပျက်စီးလာတာဖြစ်ပြီး ၊ လူတော်တော် များများဟာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာမှုကို သတိမထားမိတတ်ကြပါဘူး။

❓ဘယ်လိုလူတွေမှာ ပိုပြီးခံစားရနိုင်လဲ

ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ဒူးဆစ်ဒဏ်ရာ ရဖူးသူတွေ (ဥပမာ၊ ၊အားကစားပြင်းပြင်းထန်ထန် လှုပ်ရင်းဒဏ်ရာရဖူးသူ၊ ဒူးလှုပ်ရှားမှုအတွက် အရေးပါဆုံးအရွတ်Anterior cruciate ligament စုတ်ပြဲဒဏ်ရာရဖူးသူ၊ ဒူးဆစ်ထဲမှ အရိုးနု Meniscus ဒဏ်ရာရဖူးသူ)များဟာ အသက်အရွယ်ကြီးလာတဲ့အခါ ဒူးဆစ်ရောင်ရမ်းနာကျင်ခြင်းကို ပိုကြုံတွေ့ရတတ်ပါတယ်။

အသက်ကြီးလာသူတိုင်း ခံစားရတယ်ဆိုပေမယ့် တစ်ခါတရံ လူလတ်ပိုင်းတွေမှာလဲ တွေ့ကြုံရတတ်ပါတယ်။

❓ဘယ်လိုအရာတွေက ပိုဆိုးစေသလဲ

ဒူးဆစ်နာခြင်း/ရောင်ခြင်းကို အားပေးသောအကြောင်းအရာတွေကတော့….
– အဝလွန်ခြင်း
– မွေးရာပါ ဒူးဆစ် အနေအထားမမှန်ခြင်း(ခြေခွင်နေခြင်း၊ ဒူးဆစ်နေရာသာပူးကပ်နေခြင်း)
– ဒူးဆစ်ဒဏ်ရာ ရထားဖူးခြင်း
– ဒူးထောက်ပီး ဒူးဆစ်ပေါ်အားပြုလုပ်ရသော အလုပ်များကြာရှည်လုပ်ကိုင်ထားဖူးခြင်း

❓ဘယ်လိုဝေဒေနာတွေ ခံစားရမလဲ

ပထမဆုံး ဒူးဆစ် တောင့်တင်း နာကျင်လာခြင်းကို တဖြေးဖြေး စတင်ခံစားရနိုင်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဒူးဆစ်တောင့်တင်းခြင်းကို နားနေစဥ်(အထူးသဖြင့် ခုံပေါ်မှာထိုင်ရက် ဒူးကို ဒေါင့်မှန်ကွေးထိုင်တာ ကြာလာချိန်)မှာ တစ်ဆင့်တိုး သိသာခံစားရနိုင်ပါတယ်။

အထူးသဖြင့်သတိထားမိလာနိုင်တာတွေကတော့….

– ကြာကြာလှုပ်ရှားလုပ်ကိုင်နေစဥ် နာကျင်လာခြင်း၊ ဥပမာ-လမ်းလျောက်ခြင်း၊ မတ်တပ်ရပ်ခြင်း၊squat(ထိုင်ထလေ့ကျင့်ခန်းကဲ့သို ထိုင်ခြင်း) ထိုင်ခြင်း၊ ဥယျာဥ်အလုပ်များ လုပ်ခြင်း၊ အိမ်အလုပ် များ(ဒူးထောက်၍ကြမ်းတိုက်ခြင်း) လုပ်ခြင်း

– လှေကားအတက်အဆင်း လုပ်ရာတွင်နာခြင်း

– ဒူးဆစ် ကွေးညွှတ်တဲ့အခါ ကြိတ်ဖိသံများ ထွက်ပေါ်လာခြင်း

– ဒူးဆစ်တစ်၀ိုက် ရောင်လာခြင်း

– ဒူးကွေးရခက်လာခြင်း

– လှုပ်ရှားသွားလာရာမှာ အလွန်အမင်း ခက်ခဲ နာကျင်မှုများခံစားလာရခြင်းနဲ့ ပုံမမှန်တဲ့ သွားလာ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခြင်း စတာတွေ ဖြစ်ပါတယ်။

???? ဒူးဆစ်နာရောဂါကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများ

– နာကျင်ကိုက်ခဲ လမ်းလျှောက်ရခက်ခဲမှုတွေကလွဲရင် ကြီးကြီးမားမားနောက်ဆက်တွဲများမရှိပါဘူး။ ဒူးနာခံစားနေရသူအတော်များများဟာ ဂရုစိုက်နေထိုင်ရင် တစ်သက်တာ အဆင်ပြေပြေနေထိုင်နိုင်ပါသေးတယ်။
– အရေးကြီးတာကတော့ လှုပ်ရှားသွားလာမှုမနည်းအောင် ၊ ချော်လဲပြုတ်ကျခြင်း မဖြစ်အောင် အမြဲဂရုစိုက်ရပါမယ်။

❓ဒူးဆစ်ရောင်နာ ဖြစ်နေရင် ဘယ်လိုကုသရမလဲ

– အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ ဒူးဆစ်ရောင်နာခြင်းအတွက် ထိရောက်သေချာတဲ့/အရှင်းအမြန်​ပျောက်ကင်းစေတဲ့ ကုသမှုမရှိပါဘူး။ ဒါပေမယ့် ဘ၀တစ်လျှောက် အဆင်ပြေသက်သာစေဖို့နဲ့ အမှီအခိုကင်းမဲ့စွာ လှုပ်ရှားသွားလာနိုင်ဖို့ ပြုလုပ်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။

(၁) အစားအစာနှင့်ထိန်းညှိခြင်း
– အ၀မလွန်စေဖို့ ပုံမှန်သတိထား ထိန်းညှိခြင်းဟာ ဒူးဆစ်ပေါ်က ပျက်စီးယိုယွင်းစရာဒဏ်များကိုလျှော့ချနိုင်ပါတယ်။

(၂) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့်ထိန်းညှိခြင်း
– လုံလောက်တဲ့ အနားယူခြင်းနဲ့ တတ်နိုင်သလောက် လေ့ကျင့်ခန်းတွေ ( ဥပမာ၊ ၊တုတ်ကောက်အကူနဲ့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်း) စတာတွေကို နေ့စဥ်ပုံမှန်သတိထား ပြုလုပ်ပေးသင့်ပါတယ်။
( အထူးသတိပြုစေရန် – ဒူးဆစ်နာကျင်မှုကိုဖြစ်စေတဲ့ လေ့ကျင့်ခန်းနဲ့လှုပ်ရှားမှုတွေကိုတော့ လုံးဝရှောင်ကျဥ်ရပါမယ် )

– ဒူးဆစ်အနားမှာရှိတဲ့ ကြွက်သားတွေတောင့်တင်းခြင်းနဲ့ ဒူးဆစ်အကွေးအဆန့်ခက်ခဲတောင့်တင်းနေခြင်းအတွက် သက်သာစေတဲ့ လေ့ကျင့်ခန်းတွေလည်း ရှိပါတယ်။
Quadriceps Exercise (ပေါင်ရှေ့ ကြွက်သားလှုပ်ရှားလေ့ကျင့်ခြင်း)ကို နေ့စဥ်ပုံမှန် ပြုလုပ်ခြင်းဟာ ဒူးဆစ်နာခြင်းအတွက်အကျိုးကျေးဇူးများစေပါတယ်။ သက်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဆရာဝန် (Physiotherapist )နဲ့ပြသပြီး တိုင်ပင်ဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။

❓အပူအအေး ဘယ်နည်းလမ်းက ဒူးဆစ်နာခြင်းကို သက်သာစေသလဲ

ပူနွေးတဲ့ ထိတွေ့မှုကသာ ဒူးဆစ်နာတဲ့နေရာကို သက်သာစေပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်း၊ ရေနွေး ပုလင်းကပ်ခြင်း၊ လျှပ်စစ်အပူပေးစနစ်ပါသော စောင်များ နဲ့ ဒူးကိုပတ်ထားခြင်းတို့ဟာ ဒူးဆစ်နာခြင်း ဒူးဆစ်တောင့်တင်းနေခြင်းတို့ကို သက်သာစေပါတယ်။ အအေးကပ်ခြင်းကိုရှောင်ကျဥ်သင့်ပြီး ပူနွေးတဲ့ပစ္စည်းများအသုံးပြုရာမှာ အရေပြားအပူမလောင်စေဖို့ သတိပြုရပါမယ်။

???? အထောက်အကူပြုစေသော ကုသနည်းများ

• အပ်စိုက်ကုသခြင်းဟာ နာကျင်ခြင်းကို သက်သာစေကြောင်းနဲ့ သဘာ၀ထွက်ကုန်ပစ္စည်းမှ ထုတ်လုပ်ထားတဲ့ Glucosamine ပါတဲ့ဆေးတွေဟာ ဒူးနာခြင်းကို အနည်းငယ်အကျိုးသက်ရောက်မှု ရှိကြောင်းလေ့လာတွေ့ရှိမှုတွေအရ သက်သေပြုထားပါတယ်။

• လမ်းလျှောက်အထောက်အကူပစ္စည်းများ
ဖိနပ်ခုံပျော့ထူထူနဲ့ တုတ်ကောက်တိုဟာ လမ်းလျောက်ရာမှာ ဒူးနာသက်သာစေဖို့ အထောက်အကူပြုပါတယ်။

• ဆေးဝါးများ
အလွန်အမင်းနာကျင်လာခဲ့လျှင် Paracetamol ကို သောက်သုံးနိုင်ပါတယ်။ မသက်သာရင်တော့ ဆရာ၀န်နဲ့ ပြသပေးပါ။

• ခွဲစိတ်ကုသမှု
– ဆရာ၀န်နဲ့ လူနာအများစုဟာ ခွဲစိတ်ကုသမှုကို ရှောင်လွှဲဖို့ ကြိုးစားတတ်ကြပေမယ့် မခွဲစိတ်ဘဲ နာကျင်ခြင်းကို ဆက်ပြီးသည်းခံနေရင် မကောင်းပါဘူး။ နောက်ဆုံးပေါ် ဒူးဆစ်အစားထိုးခွဲစိတ်မှုဟာ အကောင်းဆုံးရလာဒ်တွေ ရနေပါတယ်။
– တစ်ကယ်လို့ ဒူးဆစ်ကွေးဆန့်တိုင်းအသံမည်ပြီး နာကျင်မှုကိုခံစားနေရခဲ့ရင်တော့ ဒူးဆစ် အစားထိုးခွဲစိတ်ခြင်းက အံ့မခန်းသက်သာမှု ကိုပေးစွမ်းနိုင်ပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.193

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.