ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ်

ရေကျောက်ကတော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားမှာ အဖုအပိမ့်အနီကွက်တွေထတဲ့ ရောဂါပဲဖြစ်ပါတယ်။ ရောဂါက ပျော့ပြီး သူ့ဘာသာသူပျောက်ကင်းတဲ့ ရောဂါလို့ဆိုပေမယ့် မွေးကင်းစကလေးတွေ၊ ကိုယ်ခံအားကျနေတဲ့လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ လူကြီးတွေမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ရေကျောက်ပေါက်တာလဲ

• Varicella zoster လို့ခေါ်တဲ့ virusပိုးတစ်မျိုးကြောင့် ဖြစ်ပြီးတော့ ၄င်းက ရေယုန်ရောဂါနဲ့ မျိုးရင်းတူတူပါပဲ။

ဘယ်လို ရောဂါလက္ခဏာတွေနဲ့ လာလေ့ရှိလဲ

အသက် ၅နှစ်ကနေ ၁၀နှစ်အရွယ်ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

• ပုံမှန်အားဖြင့်တော့ ကလေးတွေက အရမ်းနေမကောင်းဖျားနာလေ့ မရှိကြပါဘူး။ ဒါပေမဲ့ ပင်ပန်းနွမ်းနယ်နေတတ်ပြီး အဖျားငွေ့ငွေ့လေး ရှိတတ်ကြပါတယ်။ လူကြီးတွေမှာဆိုရင်တော့ တုပ်ကွေးလို လက္ခဏာတွေနဲ့ လာလေ့ရှိပါတယ်။

• (၃)ရက်- (၁)ပတ်လောက်ထိ အစက်အပြောက် အဖုအပိမ့်တွေ ထွက်တတ်ပါတယ်။ အစမှာတော့ သူတို့ဟာ အနီရောင်ဝက်ခြံလေးတွေနဲ့ ဆင်တူနေတတ်ပါတယ်။ နောက်နာရီပိုင်းအတွင်းမှာတော့ ရေစက်လေးတွေနဲ့တူတဲ့ ရေကြည်ဖုလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲ့ဒီ ရေကြည်ဖုလေးတွေက အရမ်းကိုပေါက်ထွက်လွယ်တဲ့အတွက် သိပ်မကြာခင်မှာတော့ ပေါက်ထွက်သွားပြီး ပွင့်ဟအနာ ဖြစ်ကျန်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အနာက ခြောက်ပြီး အနာဖေးဖြစ်သွားပါတော့တယ်။ အဓိက ပြဿနာကတော့ အဲ့ဒီအနာဖေးတွေ ကွာကျတဲ့အခါ အလွန်ယားယံတာပါပဲ။

• အဲ့ဒီအဖုအပိမ့်များဟာ ရင်ဘတ်၊ ကျောကုန်းနဲ့ ခေါင်းတို့မှာ စုပြုံပေါက်တတ်ပြီး ခြေထောက်တွေ၊ လက်တွေထိ ပျံ့နှံ့တတ်ပါတယ်။ ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ ဦးရေပြားနဲ့ လိင်အင်္ဂါတွေမှာ ပေါက်တာတွေ့ရင်လည်း ထိတ်လန့်စရာ မလိုပါဘူး။

ရေကျောက်က ဘယ်လောက်ထိ ကူးစက်တတ်လဲ

• ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းရဲ့ ချွဲ၊ တံတွေး အစရှိတဲ့ အရည်များမှာ နေထိုင်ပြီးတော့ တိုက်ရိုက်ထိတွေ့ခြင်းနဲ့ လေထဲကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်‌ရောက်ပြီး ၁၀ရက်ကနေ ၂၁ရက်လောက်ထိ ရောဂါပိုး မွေးတတ်ပါတယ်။ ဒါကြောင့် ရောဂါပိုးရှိတဲ့သူနဲ့ တိုက်ရိုက်ထိတွေ့ပြီး ၂ပတ်ခန့်အကြာမှသာ လက္ခဏာ စပြမှာဖြစ်ပါတယ်။ ပြန်လည်နေကောင်းသက်သာလာပြီဆိုရင်တော့ ဒီရောဂါပိုးကို တစ်သက်စာ ခံနိုင်ရည်ရသွားတာလည်း ရှိတတ်ပါတယ်။

• ကိုယ်ခံအားကျနေတဲ့သူတွေ၊ မွေးကင်းစကလေးများနဲ့ ကိုယ်ဝန်ဆောင် မိခင်များ၊ တစ်ခါတရံ ကျန်းမာတဲ့လူကြီးများနဲ့ ကလေးများမှာတောင် progressive varicella syndrome လို့ခေါ်တဲ့ လက္ခဏာပိုဆိုးလာတာကို တွေ့ရတတ်ပါတယ်။ အဖုအပိမ့်တွေ ပိုများပိုဆိုးလာခြင်း၊ အဖုအပိမ့်များမှ သွေးယိုခြင်း၊ သွေးခဲ‌ရောဂါနှင့် နမိုးနီးယား၊ ဦးနှောက်ရောင်ရမ်းခြင်း အစရှိတဲ့ လက္ခဏာများ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာရော ဘယ်လို အန္တရာယ် ဖြစ်နိုင်လဲ

• အကယ်၍ ကိုယ်ဝန် ပထမရက်သတ္တပတ်(၂၀)အတွင်း ၊ ဒါမှမဟုတ် မွေးဖွားချိန်မှာ ရေကျောက်ပေါက်နေခဲ့မယ်ဆိုရင် ကလေးမှာလည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်ခဲ့ရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ အထူးတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရေကျောက်ရောဂါဖြစ်တာကို ဘယ်လိုသိရှိနိုင်လဲ

• အဖုအပိမ့်အနီပြောက်တွေထွက်တာ ယားယံတာကိုကြည့်ပြီး ‌ရေကျောက်ပေါက်တာကို သိနိုင်ပါတယ်။ ရေကျောက်နဲ့ဆင်တူတဲ့ တခြားဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ရောဂါတွေ အများကြီးရှိသေးတာကိုတော့ သတိမူအပ်ပါတယ်။

ကျောင်းနေအရွယ်ကလေးတွေ ရေကျောက်ပေါက်တဲ့အခါ ဘယ်လိုနားနေရမလဲ

• ကလေး‌တွေကို ရေကျောက်အားလုံးထွက်ပြီး အနာဖေးများခြောက်သွေ့သွားတဲ့အထိ အိမ်မှာ (၁)ပတ်ခန့် အနားယူခိုင်းရပါမယ်။ အိမ်မှာ တခြားသော ကလေးတွေကို ထိတွေ့ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလိုလိုပျောက်ကင်းသက်သာတဲ့ ရောဂါဖြစ်တဲ့အတွက် အရမ်းစိတ်မပူပါနဲ့။ အဓိကကတော့ ကိုယ်ခံအားကျနေတဲ့ ရောဂါများရှိနေသော ကလေးများနဲ့သာ မထိတွေ့ဖို့ အထူးဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။

ဘယ်လိုကုသကြမလဲ

• ကလေးကို နေကောင်းကျန်းမာတဲ့အထိ ( နောက်ထပ် ဘာအနာမှမပေါက်တော့တဲ့အထိ) အနားယူခိုင်းရပါမယ်။
• အဖျားရှိခဲ့မယ်ဆိုရင်‌တော့ ပါရာစီတမော (paracetamol) တိုက်ပါ။
• ယားယံတာသက်သာဖို့ ယားယံတာသက်သာစေတဲ့ soothing lotionလေးများ လိမ်းပေးနိုင်ပါတယ်။ ( ပြင်းပြင်းထန်ထန် ယားယံတာမျိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် ဆေးသောက်နိုင်ပါတယ်။)
• အနာတွေကို မကုတ်မိအောင် ဂရုစိုက်ပေးပါ။ ကလေးရဲ့ လက်သည်းခြေသည်းတွေကို သန့်သန့်ရှင်းရှင်းထားပြီး ညှပ်ထားပေးပါ။
• ပုံမှန်စားနေကျအတိုင်း စားပါ။ ရေများများတိုက်ပါ။ လိမ္မော်ရည် သံပုရာရည် အစရှိသည်တို့လည်း တိုက်နိုင်ပါတယ်။
• နေ့စဥ်ပုံမှန် ရေချိုးပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း နူးညံ့သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါနဲ့သာ ညှင်ညှင်သာသာ သုတ်ပါ။ အကြမ်းပတမ်း မပွတ်တိုက်ပါနဲ့။

သောက်ဆေးရော သောက်နိုင်လား

• ဗိုင်းရပ်တွေသတ်ဖို့ သောက်ဆေးထုတ်လုပ်ထားတာ ရှိပေမယ့် ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

ဒီလောက်ဆို ကလေးတွေမှာ အဖြစ်များတဲ့ ရေကျောက်ရောဂါနဲ့ ပတ်သက်ပြီး စုံလင်တဲ့ ဗဟုသုတ ရရှိလောက်ပြီလို့ ထင်ပါတယ်။ ကလေးလေးတွေမှာ ရေ‌ကျောက်ရောဂါဖြစ်လာခဲ့ရင်လည်း မိဘအုပ်ထိန်းသူများအနေနဲ့လည်း အထက်ပါနည်းလမ်းများအတိုင်း လိုက်နာရင်း ကုသနိုင်ကြဖို့ မျှော်လင့်ပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.22
GHAI essential pediatric pg 210

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.