အသည်းအဆီဖုံးခြင်း (Fatty Liver)
အသည်းအဆီဖုံးခြင်းဆိုသည်မှာ အသည်း၏ ဆဲလ်ကလပ်စီးများထဲတွင် အဆီများ သာမာန်မဟုတ်ဘဲတဖြည်းဖြည်းစုပုံလာခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
အသည်းအဆီဖုံးခြင်းလို့ခေါ်ဆိုရာမှာ ရိုးရိုး အသည်းအဆီဖုံးခြင်း(အဖြစ်များ) (fatty liver/ NAFLD)နှင့် အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း (NASH) ဆိုပီး ရှိပါသည်။ အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း (NASH)မှ တစ်ဆင့် အသည်းခြောက်ခြင်း(COL)ထိ အခြေအနေဆိုးများသို့ပြောင်းလဲ သွားနိုင်ပါသည်။
????အသည်းအဆီဖုံးခြင်းကိုဖြစ်စေသောအကြောင်းအရာအဓိက (၃)ချက်မှာ-
- (၁) အရက်အလွန်အကျွံသောက်သုံးခြင်း
- (၂) အ၀လွန်ခြင်း/ကိုယ်အလေးချိန်အလွန်တက်ခြင်း
- (၃) ဆီးချိုသွေးချိုရောဂါရှိနေခြင်း(သွေးတွင်းသကြားဓာတ် ပမာဏမထိန်းဘဲ ဖြစ်သလိုနေခြင်း)တို့ဖြစ်ပြီး
အခြားအကြာင်းအရာများမှာ
- (၁) အလျင်အမြန်ဝိတ်ချခြင်း/မစားသလောက်နေခြင်း
- (၂) ဆာလောင်ငတ်ပြတ်နေခြင်းနှင့် အသားဓာတ် ချိုတဲ့ခြင်း
- (၃) သွေးတွင်း အဆီဓာတ်များနေခြင်း
- (၄) အူလမ်းကြောင်းလွှဲရသောခွဲစိတ်မှု ပြုထားခြင်း
- (၅) တချို့သောဆေးများ(ဥပမာ-ကော်တီဇုန်းနှင့် အမျိုးမျိုးသောဟော်မုန်းဆေးများ…)တို့ဖြစ်ပါသည်။
????အ၀လွန်သူများ အရက်အလွန်အကျွံသောက်လျှင် အသည်းအဆီဖုံးခြင်း ပိုဖြစ်နိုင်ပါသည်။ထိုသူများ (အ၀လွန်၍ အရက်အလွန်အကျွံသောက်သောသူ) သည်ပင်လျှင် ဆီးချိုသွေးချို ရောဂါကို ခံစားရနိုင်ခြေပိုများသောကြောင့်လည်း အကြောင်းအရာအားလုံးစုမိပြီးအသည်းအဆီဖုံးခြင်းကို သာမန်လူများထက် ပို၍ ဖြစ်စေပါသည်။ အရက်သောက်ခြင်း နှင့် အ၀လွန်ခြင်းယှဉ်လျှင် အ၀လွန်ခြင်းက အသည်းအဆီဖုံးမှုကိုပိုမိုဖြစ်ပွားစေသည်။
????အသည်းထဲသို့ အဆီများဘယ်လိုရောက်လာသလဲ?သာမာန်အခြေအနေမှာဆိုလျင် စားလိုက်သော အဆီများကို အသည်းမှ စီမံပီးနောက် ခန္ဓာကိုယ်၏ တစ်ရှူးများထဲ၌သာ သိုလှောင်သိမ်းဆည်းထားပါသည်။အ၀လွန်သူ/အလွန်အကျွံ ၀သူများတွင်တော့ စားသုံးရာမှပါသောအဆီပိုများကို အသည်းတွင်ပါ စုပုံလာတတ်ပါသည်။
????အသည်းအဆီဖုံးခြင်း၏လက္ခဏာများအသည်းအဆီဖုံးနေသောလူတစ်ယောက်သည် နေထိုင်မကောင်း ဖြစ်မနေပါ။ အဘယ်ကြောင့်ဆိုသော် အသည်းတွင်း၌ အဆီများမှာ ဖြည်းဖြည်းချင်းစုပုံခြင်းကြောင့်သာဖြစ်ပါသည်။ တချို့အသည်းအဆီဖုံးနေသော သူများတွင်သာ နှုန်းချိချိ/အားအင်ကုန်ခမ်းခြင်း၊ အသည်းရှိရာ ညာဘက်ရင်အုံအောက်နှင့် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းနေရာတွင် နာခြင်း၊ အောင့်ခြင်း၊ တင်းကြပ်ကြပ် ခံစားမှုမျိုး ခံစားရတတ်ပါသည်။ ဆရာ၀န်စမ်းသပ်ပြီးနောက် အသည်းကြီးနေကြောင်းလည်း တွေ့ရှိရတတ်ပါသည်။
????အသည်းအဆီဖုံးခြင်း၏နောက်ဆက်တွဲပြဿနာများသာမာန်အသည်းအဆီဖုံးခြင်းမှာ မည်သည့် ပြဿနာမှ ကြီးကြီးမားမားမပေါ်ပေါက်နိုင်သလို အသည်းခြောက်ရန်လည်း ခက်ခဲပါသည်။ ရိုးရိုးသာမာန် အသည်းအဆီဖုံးခြင်းလား ၊ အဆီဖုံးပြီး အသည်းပါရောင်ရမ်းခြင်းလားသိဖို့ကတော့ သွေးစစ်၊ အာလ်ထရာဆောင်းရိုက်ပြီး ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါသည်။
????အသည်းအဆီဖုံးခဲ့လျှင် ဖြစ်စေသောအကြောင်းအရာများကို ဖယ်ရှားခြင်းဖြင့် အသည်းအဆီဖုံးခြင်းကို လျော့ပါးစေပါသည်။ဥပမာ
- အရက်သောက်သောသူ အရက်ဖြတ်ခြင်း၊၀လွန်းနေသောသူ ကိုယ်အလေးချိန်ချခြင်း၊ ဆီးချိုသွေးချိုရောဂါရှိသောသူ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း၊ အစားအစာသတိထားစားသုံးခြင်း
- ကိုယ်လက်လေ့ကျင့်ခန်းများဖြင့်ထိန်းညှိနေခြင်းတို့ဖြစ်ပါသည်။
????ကိုယ်၀န်သည်များနှင့်အသည်းအဆီဖုံးခြင်းကိုယ်၀န်ဆောင်များတွင် အသည်းအဆီဖုံးခြင်းမှာ တွေ့ရနည်းသော်လည်း အကြောင်းမယ်မယ်ရရမရှိဘဲ ဖြစ်ပွားတတ်ပါသည်။ဖြစ်ပွားခဲ့လျှင် အသားဝါခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း စသည်တို့ကို မွေးဖွားခါနီးအချိန်တွင်ကြုံတွေ့ရတတ်ပါသည်။ကိုယ်၀န်ဆောင် အသည်းအဆီဖုံးပြီး ဝေဒနာများခံစားနေရခဲ့လျှင် သေဆုံးမှုနှုန်းများတတ်ပြီး တစ်ခါတရံ အရေးပေါ် ဗိုက်ခွဲမွေးခြင်းကို ပြုလုပ်ရတတ်ပါသည်။
????အသည်းအဆီဖုံးခြင်းကို ကာကွယ်ရန်
- (၁) အရက်အလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
- (၂) မျှတစွာစားသုံးပါ။ အလွန်အမင်းစားသုံးခြင်းကိုရှောင်ကြဥ်ပါ။
- (၃) အလွန်အမင်းအစာလျှော့စားမှုကိုရှောင်ကြဥ်ပါ။
- အစာမစားဘဲအချိန်ကြာမြင့်စွာမနေပါနဲ့။
- အစာစားရာ၌ အသားဓာတ်ကို လုံလောက်စွာစားသုံးပါ။
အထက်ဖော်ပြပါအချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းမဖြစ်အောင် ကာကွယ်နိုင်သည့်အပြင် ထိုအချက်များသည် ကျန်းမာစွာနေထိုင်နည်းများပင်ဖြစ်သောကြောင့် အခြားသော သွေးတိုး၊ ဆီးချိုရောဂါများအတွက်ပါ အထောက်အကူဖြစ်စေပါသည်။
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.270
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.