ကလေးအူစွပ်ခြင်း

ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။

ဘယ်လိုဖြစ်တာလဲ ??
ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့ အူရဲ့ သွေးလည်ပတ်မှု နည်းလာပြီး အူနံရံတွေက တဖြည်းဖြည်းဖေါင်းလာပြီးနောက်ဆုံးမှာ အူပိတ်သွားတာပါ။ ဖြစ်ရတဲ့အကြောင်းအရင်း အများအားဖြင့် သေချာမသိပါဘူး။ တချို့ကလေးတွေမှာတော့ ဝမ်းလျော၊ ဖျားနာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ အများအားဖြင့် သုံးသပ်ကြတာကတော့ အူနားမှာရှိတဲ့ အကြိတ်လေးတွေရောင်လာပြီး အူနံရံကိုဖိလို့ပါ။


အရေးကြီးတာတစ်ခုက ကလေးကို (၆)လမပြည့်ခင်အစာကျွေးတာနဲ့ အူစွပ်တာပါ။ (၆)လမပြည့်ခင် ကလေးရဲ့အူနံရံတွေက အစာကိုကောင်းကောင်းမစုပ်နိုင်သေးပါဘူး။ အဲ့ဒီအချိန်မှာ တခြားအစာတွေကျွေးရင် အူတွေ၊ အကြိတ်တွေရောင်ရမ်းလာပြီး အူစွပ်နိုင်ခြေပိုများပါတယ်။

ဒါပေမယ့် ကျွန်မတို့ မြန်မာပြည်မှာက ကလေးနှစ်လလောက်ရောက်ရင် ဖြည့်စွက်စာကျွေးဖို့ ပတ်ဝန်းကျင်ကလူတွေ ( အမေတွေ၊ အဖွားတွေ၊ အဒေါ်တွေ)က တိုက်တွန်းလာကြပါပြီ။ နင်တို့တုန်းကလဲ ဒီလိုပဲကြီးလာခဲ့တာ၊ ခုမှ အဆန်းမလုပ်နဲ့ဆိုတဲ့ စကားတွေကြားမှာ ခုမှမိခင်ဖြစ်စ မေမေအသစ်ကလေးတွေအတွက်ငြင်းရအရမ်းခက်ပါတယ်။ ဟိုဘက်အိမ်က ကလေးဆို (၁)လခွဲနဲ့ ဆန်မှုန့်စပြီး စားတာ ဝကစ်နေတာပဲ။ နင့်ကလေးက ပိန်လဲပိန်တယ်ဆိုတဲ့ ပြသနာတွေလည်း တော်တော်ကြုံရတတ်ပါတယ်။ ကလေးတစ်ယောက်က ပုံမှန် ရှိရမယ့် ကိုယ်အလေးချိန်ရှိရင်၊ ကျန်းမာရင် အကောင်းဆုံးအခြေအနေပါ။. အရမ်းကြီး ဝတုတ်နေစရာမလိုပါဘူး။ သူများကလေးမှာမဖြစ်ပေမယ့် ကိုယ့်ကလေးမှာဖြစ်နိုင်ပါတယ်။ ဖြစ်ရင်လည်း အသက်အန္တရာယ်အထိရှိပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ??
စားလိုက်တဲ့ အစားအစာတွေကို ပုံမှန်အားဖြင့် အူနံရံမှာရှိတဲ့ ကြွက်သားမျှင်တွေရဲ့လှုပ်ရှားမှုနဲ့ တဖြည်းဖြည်းရှေ့ကိုရွေ့အောင်လုပ်ပေးပါတယ်။ အူကျွံနေတဲ့အခါ ပိတ်နေတဲ့ အူအစိတ်အပိုင်းကို အစာလို့ပဲထင်ပြီး အူနံရံကြွက်သားတွေကအလုပ်ပိုလုပ်ပြီးရှေ့ကိုပို့နိုင်အောင်ကြိုးစားရင်း အူကပိုပြီးကျွံဝင်လာပါတယ်။


ကလေးက ဗိုက်အရမ်းနာတဲ့ အတွက်ကြောင့် ဘယ်လိုမှချော့မရအောင်ငိုမယ်။ အစပိုင်း အူလှုပ်ရှားမှု အနည်းငယ်နည်းပြီး ငြိမ်တဲ့အချိန်မှာ အငိုတိတ်သွားမယ်။ ပြီးရင်တက်မတတ် ချက်မတတ် ပြန်ငိုမယ်။ ထူးခြားချက်ကတော့ အူစွပ်နေတဲ့ကလေးလေးတွေက ငိုပြီဆိုရင် သူတို့ဗိုက်နာတာလေးတွေသက်သာအောင် ဒူးလေးတွေ ဗိုက်နားအထိကပ်ပြီး အသံကုန်ခြစ်ငိုလေ့ရှိပါတယ်။


ကလေးကအရမ်းနေမကောင်းဖြစ်လာရင်တော့ ဖြူဖျော့ပြီး သိပ်မငိုနိုင်/ မလှုပ်ရှားတော့ပါဘူး။ အူပိတ်တဲ့အတွက်ကြောင့် သည်းခြေရည်ပါတဲ့ အစိမ်းရောင် အရည်တွေ အန်နိုင်ပါတယ်။ အူပိတ်တဲ့နေရာက တဖြည်းဖြည်းနဲ့ ယိုစိမ့်ထွက်လာတဲ့သွေးတွေနဲ့ အကျိအချွဲတွေပေါင်းပြီး အနီရောင်ဂျယ်လီလိုဝမ်းတွေ သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကကုသဖို့နောက်ကျတဲ့ ဆိုးဝါးတဲ့ ရောဂါလက္ခဏာပါ။ အန်တာ၊ အစာမစားနိုင်၊ အူတွင်းသွေးယိုတာတွေကြောင့် ကလေးငယ်ဟာ ရေဓါတ်ဆုံးရှုံးမှု အလျင်အမြန်ဖြစ်လာနိုင်ပါတယ်။

ကုသခြင်း
အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ fluid/ air enema လို့ခေါ်တဲ့ စအိုထဲကနေ အရည်တမျိုး (သို့မဟုတ်) လေကို ဖိအားနဲ့ပေးပြီး စွပ်နေတဲ့အူကို လျော့သွားအောင်လုပ်လို့ရပါတယ်။ တချို့ကလေးတွေမှာတော့ ခွဲစိတ်ကုသမှုအထိလိုအပ်ပါတယ်

နောက်ဆက်တွဲပြသနာများ
ကလေးအများစုကတော့ ဘာနောက်ဆက်တွဲပြဿနာမှ ဖြစ်လေ့မရှိပါဘူး။ အူစွပ်ဖူးတဲ့ကလေးရဲ့ တစ်ဆယ်ရာနှုန်းမှာတော့ ပြန်ဖြစ်လေ့ရှိပါတယ်။

References: Intussuception; Clinical Practice Guidelines, Royal Children Hospital,
Melbourne. Australia.
www.uptodate.com Clinical Study of Children with Intessuception .
http://www.ijpediatrics.com/…/ijcp/article/viewFile/94/89

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)


လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.