ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း
ဖျားပြီး အရေပြားမှာ အနီစက်တွေ ၊ အကွက်တွေ ထွက်တာဟာ ကလေးငယ်တွေမှာအဖြစ်များပြီး မိဘတွေကလဲ စိတ်ပူတတ်ကြပါတယ်။ အများစုကတော့ virus ပိုးတွေကြောင့်ဖြစ်တတ်ပြီး အန္တရာယ်မပေးတတ်ပါဘူး။
ဖျားပေမယ့် ကလေးကလန်းဆန်းမယ်၊ အစားပုံမှန်ဝင်မယ်၊ အရည်/နို့ကောင်းကောင်းဝင်မယ်၊ ကစားနိုင်မယ်၊ အိပ်နိုင်မယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီလို အန္တရာယ်မရှိတဲ့ အနီစက်တွေဟာ ဖန်ခွက်/ဖန်ပြား (သို့မဟုတ်) ပလတ်စတစ်ခွက်အကြည်နဲ့ ဖိကြည့်မယ်ဆိုရင် သိသိသာသာ အရောင်မှိန်လာတာ (သို့မဟုတ်) ပျောက်သွားတာကို တွေ့ရမှာပါ။ Glass testလို့ ခေါ်ပါတယ်။ မိဘတွေအနေနဲ့ အိမ်မှာလုပ်ကြည့်လို့ရပါတယ်။
ဒါပေမယ့် တချို့သော အနီစက်တွေ ၊ အကွက်တွေကတော့ လူကိုအန္တရာယ်ပေးနိုင်တဲ့ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ ဖန်ပြား/ဖန်ခွက်နဲ့ ဖိကြည့်ရင် အဲ့ဒီအနီစက်တွေဟာ ပျောက်မသွားတာကို တွေ့ရပါမယ်။
အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေထဲကမှ မြန်မာပြည်မှာအဖြစ်များတဲ့ ရောဂါတွေကတော့
(၁) သွေးလွန်တုပ်ကွေး
သွေးလွန်တုပ်ကွေးရောဂါမှာ အရေပြားအောက်မှာ သွေးထွက်တာကြောင့် အနီစက်တွေထွက်ပါတယ်။ အဖျားကျပေမယ့် ကလေးက မှိန်းတယ်၊ သွားဖုံးသွေး/နှာခေါင်းသွေးယိုတယ်၊ ခြေဖျားလက်ဖျားအေးပြီး ဆီးသွားနည်းတယ်ဆိုရင် အနီးဆုံး ဆေးရုံ/ဆေးခန်းကို သွားပြဖို့ လိုပါတယ်။
(၂) Meningococcal meningitis/ meningococcaemia လို့ခေါ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ/သွေးဆိပ်တက်ခြင်း
ကလေးက ဖျားပြီး အနီစက်တွေထွက်ပါတယ်၊ မှိန်းတယ်၊ ခေါင်းကိုက်တယ်(တချို့ကလေးအကြီးတွေက ပြောပြတတ်ပါတယ်)၊ တက်တယ်၊ ခြေဖျား လက်ဖျားအေးပြီး ဆီးနည်းတာ စတဲ့ သွေးလန့်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့ရောဂါဖြစ်လို့ ဆေးရုံကိုအမြန်ဆုံးခေါ်သွားဖို့ လိုပါတယ်။
(၃) ဝက်သက်
ဖျားပြီး နှာစေး၊ ချောင်းဆိုး၊ မျက်စိတွေနီရဲပြီး ( ၂-၃ )ရက်လောက်အကြာမှာ မျက်နှာကစပြီး အနီစက်တွေထွက်ပါတယ်၊။ နောက် ( ၁-၂ )ရက်အတွင်း တစ်ကိုယ်လုံးကို ပျံ့သွားပါတယ်။ ဝက်သက်ပေါက်ပြီးရင် အဆုတ်ရောင်တာ၊ ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။ နဂိုကတည်းက အာဟာရချို့တဲ့တဲ့ကလေးတွေမှာ ပိုဆိုးတတ်ပါတယ်။
အသက်အန္တရာယ်မရှိပေမယ့် သတိထားသင့်တဲ့ ရောဂါတွေကတော့
(၁) Hand foot mouth disease
သူကလည်း virus တစ်မျိုးကြောင့်ဖြစ်တာပါ။ နာမည်အတိုင်းပါပဲ ဖျားပြီး လက်ဖဝါး၊ ခြေဖဝါး နဲ့ ပါးစပ်ထဲမှာ အနီစက်တွေ၊ အရည်ကြည်ဖုတွေ ပေါက်တတ်ပါတယ်။ အသက်အန္တရာယ်မရှိပေမယ့် ပါးစပ်ထဲကအနာတွေကြောင့် နာပြီး ကလေးက အစာမစားနိုင်ဖြစ်တတ်ပါတယ်။ အဖျားကျဖို့နဲ့ အနာသက်သာဖို့ Paracetamol ပေးပြီး အရည်များများဝင်အောင် တိုက်ရပါမယ်။
(၂) ရေကျောက်
ဖျားပြီး ( ၁-၂ )ရက်နေရင် ခန္ဓာကိုယ်မှာ အရည်ကြည်ဖုတွေ စထွက်ပီး ယားပါတယ်။ ပြီးမှ မျက်နှာနဲ့ ခြေ လက်တွေကို ပျံ့ပါတယ်။ အဖျားကျအောင် Paracetamol တိုက်လို့ရပါတယ်။ အစား ပုံမှန်ကျွေးပြီး ရေလည်းချိုးပေးလို့ရပါတယ်။ အရည်ကြည်ဖုတွေကို ဖောက်ပစ်တာမျိုးမလုပ်ရပါဘူး။ ပိုးဝင်သွားတတ်ပါတယ်။
*** ဖျားပြီး အနီစက်ထွက်တဲ့ရောဂါတွေထဲကမှ အဖြစ်များတဲ့ရောဂါအနည်းအကျဥ်းအကြောင်းကို ဆွေးနွေးတင်ပြပေးထားတာပါ။ မိဘတွေအနေနဲ့ ဆောင်းပါးထဲမှာပါဝင်တဲ့ ဂရုပြုရမယ့်အချက်လေးတွေကို သေချာသိရှိလိုက်နာပေးခြင်းအားဖြင့် ရင်သွေးငယ်တွေရဲ့အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ ***
❤️ကလေးငယ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေ❤️
❤️NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.