အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )

0
349

????နွေရောက်ပြီမို့ … အပူဒဏ်ကို ကာကွယ်ကြစို့????

နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။

အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။

အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။

???? ရာသီဥတု ပူပြင်းရင် ဘာတွေဖြစ်မလဲ ?

လူ့ခန္ဓာကိုယ်ဟာ သတ်မှတ်အပူချိန်တစ်ခုမှာပဲ ရှင်သန်နိုင်တာမို့ ခန္ဓာကိုယ်အတွင်း အပူဓာတ် အရမ်းများလာတဲ့အခါ ဒီအပူကို ပြန်လည် စွန့်ထုတ်ရပါတယ်။ အဓိကအားဖြင့် ချွေးကတစ်ဆင့် အပူကို ပြန်လည်စွန့်ထုတ်ရပါတယ်။

အပြင်မှာ ရာသီဥတု အရမ်းပူပြင်းတဲ့အခါ အပူဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်ဟာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေကိုချဲ့ထွင်ပြီး သွေးလည်ပတ်မှုအားကောင်းအောင် စတင်လုပ်ဆောင်ပါတော့တယ်။ ချွေးထုတ်ပေးမယ့် ဂလင်း (Glands) လေးတွေ ပိုပြီးကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက်ပါ။

ချွေးဂလင်းလေးတွေကတစ်ဆင့် ချွေးကို စွန့်ထုတ်ပစ်လိုက်ရာမှာ အပူဓာတ်သာမက ရေနဲ့ ဓာတ်ဆားတွေကိုပါ ခန္ဓာကိုယ်က ဆုံးရှုံးသွားပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ရေဓာတ်ခမ်းခြောက်ပြီး အပူကိုမစွန့်ပစ်နိုင်ဘဲ ခန္ဓာကိုယ်အတွင်းရှိ သက်ရှိဆဲလ်တွေ ပျက်စီးပါတယ်။ ကိုယ်တွင်းရှိ ကလီစာတွေလည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိင်ပါတယ်။

???? ဘယ်လိုဝေဒနာတွေ ခံစားရမလဲ ?

ရေနဲ့ ဓာတ်ဆားတွေဆုံးရှုံးပြီး ခန္ဓာကိုယ်တွင်း အပူချိန်မြင့်တက်လာတဲ့အခါမှာ အာရုံကြောဆိုင်ရာလက္ခဏာတွေဖြစ်တဲ့

  • စိတ်တို စိတ်ဆတ်တာ
  • ထင်ယောင်ထင်မှားဖြစ်တာ
  • သတိမေ့တာ
  • သတိလစ်မေ့မြောတာ
  • တက်တာ
  • လေဖြတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် …

  • မောပန်းလွယ်တာ
  • အားနည်းတာ / နုံးတာ
  • ကြွက်သား အားနည်း/ပျက်စီးတာ
  • နှလုံး ကောင်းကောင်းအလုပ်မလုပ်တာ
  • ကျောက်ကပ်ပျက်စီးတာ
  • အသည်းပျက်စီးတာ
  • ဦးနှောက်ထိခိုက်တာတွေအထိ ဖြစ်နိုင်ပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်ပါတယ်

???? ဘယ်လို ကာကွယ်ကြမလဲ ?

  • အရိပ်အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ
  • အလင်းပြန်တဲ့ အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ
  • နေပူထဲ ထွက်ရပါက ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းပါ။ အရိပ်ရတဲ့ နေရာများမှာ မကြာခဏ အနားယူပါ။
  • နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနဲ့ မနက် (၁၀)နာရီမှ ညနေ (၅)နာရီအတွင်း အမိုးအကာမရှိတဲ့ နေရာများမှာ ရေချိုး၊ အဝတ်လျှော်ခြင်းများကို ရှောင်ကြဥ်ပါ။
  • ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဥ်ပါ။
  • အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဥ်ပါ။

???? အရေးပေါ် ရှေးဦးပြုစုနည်း

အပူဒဏ်ကြောင့် သတိလစ်မေ့မြောနေတဲ့ လူနာကို တွေ့ရှိပါက…

  • လူနာကို အရိပ်ရအေးမြတဲ့ နေရာသို့ ရွှေ့ပါ။ ပန်ကာ (သို့မဟုတ်) လေအေးစက်ရှိပါက ဖွင့်ထားပါ။
  • လူနာကို ပက်လက်အနေအထားဖြင့် ထားရှိပြီး ခြေရင်းကို အနည်းငယ် မြှင့်ထားပေးပါ။
  • အဝတ်အစားများကို ချွတ်ပါ။
  • ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။
  • လည်ပင်း၊ ချိုင်းနှစ်ဖက်နဲ့ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး (သို့မဟုတ်) ရေခဲစိမ်ထားတဲ့ အဝတ်များဖြင့် ရေပတ်တိုက်ပေးပါ။
  • လူနာကောင်းစွာ သတိရနေပါက ရေအေးအေးနဲ့ ဓာတ်ဆားရည် တိုက်ပေးပါ။

အထက်ပါအချက်အလက်များကို သိရှိလိုက်နာကျင့်သုံးခြင်းဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရမှုဘေးမှ ပြည်သူများ ကင်းဝေးကြပါစေ….

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.