လိပ်ခေါင်းရောဂါအကြောင်း အမေးအဖြေကဏ္ဍ
???? မင်္ဂလာပါ ဆရာမရှင့်… ဆေးခန်းပြပြီး မေးမြန်းဆွေးနွေးချင်တာလေး ရှိလို့ပါ။
????ဟုတ်ကဲ့….ပြောပါ ညီမလေး။
???? ပြောရမှာလည်း ရှက်ပါတယ် ဆရာမရယ် ၊ သမီးမှာ လိပ်ခေါင်းဖြစ်ချင်တာလား မသိဘူး…. စအိုနားမှာ အဖုလေးတွေစမ်းမိနေလို့….
????စအိုမှာ အသီးတံလေးတွေပေါ်နေတာကို ပြောတာလား ညီမ?
???? ဟုတ်…ဆရာမ။ သတိထားမိနေတာတော့ ကြာပါပြီ ၊ ဆေးခန်းပြရမှာရှက်တာနဲ့ မပြဖြစ်လို့ပါ။
????ဪ ဒါကရှက်စရာမဟုတ်ပါဘူးကွယ်။ ရောဂါကို စောစောသိပြီး မြန်မြန်ကုတော့ ပိုကောင်းတာပေါ့….ဒါနဲ့ အဲ့ဟာလေးက ၀မ်းသွားမှထွက်လာပြီး သူ့အလိုလို ပြန်၀င်သွားလား? (ဒုတိယအဆင့်)ဒါမှမဟုတ် လက်နဲ့ထည့်မှ ၀င်တာလား? (တတိယအဆင့်)ပြန်မ၀င်တော့ပဲ တောက်လျှောက်ထွက်နေတာလား ညီမ? (စတုတ္ထအဆင့်)
???? လက်နဲ့ထည့်မှ ပြန်၀င်တယ်ဆရာမ။
????ဒါဆို ညီမဟာက လိပ်ခေါင်း တတိယအဆင့်တောင် ရောက်နေပြီဘဲ ။ ၀မ်းသွားရင်ကော သွေးပါသေးလား….ညီမ?
???? အရင်ကတော့ သွေးပါဖူးတယ်ဆရာမ။
????ပါတော့ သွေးက ဘာအရောင်လဲ? လက်ကို ဓားရှရင် ထွက်သလို အရောင် နီရဲရဲလား? ဒါမှမဟုတ် ညိုညိုမည်းမည်းတွေများလား? ၀မ်းသွားတဲ့အချိန် ပန်းထွက်တာလား?တောက်တောက်တောက်တောက်နဲ့ ကျနေတာလား? ၀မ်းမှာ သွေးမျှင်လေးတွေ ကပ်ပါတာလား? ၀မ်းနဲ့သွေးနဲ့ ရောပြီးပါတာလား?
???? အနီရောင်ပဲဆရာမ။ ၀မ်းသွားပြီးမှ တတောက်တောက်နဲ့ ကျတာပါ။
????သွေးထွက်တာ များလား ညီမ? လိပ်ခေါင်းကြောင့် သွေးပြန်သွင်းရရင်တော့ မတန်ဘူးနော်။
???? များတော့ မများဘူး ဆရာမ။ အဲ့ တစ်ခါပဲ ထွက်လိုက်တာပါ။ ဒါပေမယ့် သမီးက ဝမ်းချုပ်တတ်တော့ နောက်တစ်ခါဝမ်းသွားရင် အဲ့လိုသွေးပြန်ထွက်လာမှာကို ကြောက်တာ…
????အဲဒါပြောတာပေါ့ကွယ်… လိပ်ခေါင်းဆိုတာ အလွယ်လွယ်ပြောရရင် ၀မ်းချုပ်လို့ ၀မ်းညှစ်ရင်း ဖြစ်ရတာ။ အသည်းခြောက်ပြီး သွေးကြောတွေထုံးလို့ ဖြစ်တာမျိုးလည်း ရှိတယ်၊ ကိုယ်ဝန်ဆောင်မို့ ဗိုက်ထဲမှာဖိအားများပြီး လိပ်ခေါင်းထွက်လာတာမျိုးလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် လူနာအများစုကတော့ ၀မ်းညှစ်လို့ဖြစ်ရတာ။
???? သမီးလည်း ဘာလို့လိပ်ခေါင်းဖြစ်တာလဲလို့ ဆရာမကို မေးမလို့ပါ။ အခုတော့ သိသွားပါပြီ။ သမီး ဘာတွေ ဆင်ခြင်ရဦးမလဲ ဆရာမ?
????အဓိကကတော့ ၀မ်းမှန်အောင် ၀မ်းမချုပ်အောင် ၀မ်းမညှစ်ရအောင် ဂရုစိုက်ရမှာပေါ့ကွယ်။ ခုနောက်ပိုင်း လူတွေက ရေသောက်နည်းလာကြတယ်၊ အစားအသောက်ကိုလည်း အသီးအရွက် (High Fibre Diet) အစားနည်းလာကြတယ်။ အဲ့တော့ လွယ်လွယ်ဝမ်းချုပ်စေတာပေါ့….အိမ်သာသွားချင်တာကို မအားလို့ပဲဖြစ်ဖြစ် အောင့်ထားတယ်၊ မသွားဘူး။ သိပ်မသွားချင်တော့တဲ့အချိန်မှာမှ အိမ်သာတက်ပြီး ညှစ်တယ်။ အဲလို အပြုအမူတွေဟာလည်း လိပ်ခေါင်းဖြစ်စေနိုင်တယ်။အဲဒီတော့ လိပ်ခေါင်းမဖြစ်ရလေအောင်/ ဖြစ်နေတဲ့လိပ်ခေါင်း ပိုမဆိုးရလေအောင်
(၁) ရေများများ သောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေသန့်ဘူး နှစ်ဘူး (သို့) သုံးဘူးကုန်အောင် သောက်ပါ။ (2-3 L)
(၂) အသီးအရွက်များများစားပါ။
(၃) ဒိန်ချဉ် သို့မဟုတ် နွားနို့ တပါတ် ၂ ကြိမ်သောက်ပါ။
(၄) အိမ်သာတက်ချင်စိတ်ပေါ်လာရင် အချိန်ပေးပြီး တက်ပါ။ အောင့်မထားပါနဲ့။
???? ဝမ်းနုတ်ဆေးသောက်ရင်ရော အဆင်ပြေနိုင်လား ဆရာမ?
????လူငယ်တွေ ၀မ်းနှုတ်ဆေးကို အားမကိုးသင့်ပါဘူး။ အပေါ်ကအတိုင်း အနေအထိုင်ဆင်ခြင်ပြီး ၀မ်းမှန်အောင် လုပ်သင့်ပါတယ်။အထူးသဖြင့် ၀မ်းနှုတ်ဆေး စွဲသောက်နေရပြီး ဆေးပမာဏ တိုးသောက်လာရရင် (ဒါမှမဟုတ်) ၀မ်းသွားရင်း သွေးချွဲ ပါလာရင်၊ ၀မ်းကျန်တယ်လို့ ခံစားရရင် အရေးကြီးပါတယ်။ ဆရာ၀န်နဲ့ သေချာတိုင်ပင်ရပါမယ်။ လိပ်ခေါင်းရှိလို့ဆိုပြီး လိပ်ခေါင်းကြောင့်လို့ထင်ကာ မပေါ့ဆသင့်ပါဘူး။ မိသားစုထဲ အူမကြီးကင်ဆာ ဖြစ်သူ ရှိပါက ပိုသတိထားရပါမယ်…
???? ဟုတ်ကဲ့ပါ ဆရာမ….ဒါနဲ့ သမီး လိပ်ခေါင်းက ခွဲရမှာလား ၊ မခွဲဘဲ ဆေးသောက်လို့မရဘူးလား…ဆရာမ ?
????ခွဲသင့် မခွဲသင့်ဆိုတာကတော့ ပထမဆုံးအနေနဲ့ လိပ်ခေါင်း ဟုတ်မဟုတ် သေချာအောင် စမ်းသပ်ဖို့လိုပါတယ်။လူနာက လိပ်ခေါင်းလို့ ထင်ပေမဲ့ စအိုနားတဝိုက်မှာ လိပ်ခေါင်းအပြင် စအိုကွဲနာ၊ ဂရင်ဂျီနာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ လိပ်ခေါင်းအပြင် အူမကြီး ကင်ဆာတွေပါ တွဲနေတတ်ပါတယ်။ ဒါကြောင့် လိပ်ခေါင်းရှိတယ်ထင်ရင် ဆရာ၀န်နဲ့ပြပြီး စမ်းသပ်မှု ခံယူသင့်ပါတယ်။ အရေးကြီးတာ မလွတ်ရအောင်ပါ။လိပ်ခေါင်းလည်း သေချာပြီ၊ အရမ်းမကြီးလို့ မခွဲချင်သေးရင်တော့ ခုနကပြောထားတဲ့အတိုင်း အနေအထိုင် ဆင်ခြင်ပြီး ထိန်းထားလို့ရပါတယ်။သောက်ဆေးအနေနဲ့က ပိုမဆိုးသွားအောင် ထိန်းလို့တော့ ရတယ်။ ဆေးသောက်လိုက်ရင် အသီးတံလေးတွေ ညှိုးသွားပေမယ့် မပျောက်ပါဘူး။ ပျောက်ချင်ရင်တော့ ခွဲမှ ပျောက်ပါမယ်။ ဘယ်လိုအခါတွေမှာ ခွဲသင့်ပြီလည်းဆိုရင်တော့…..တတိယနဲ့ စတုတ္ထအဆင့်ဆိုရင်တော့ ခွဲသင့်ပါတယ်။ သွေးထွက်ရင်လည်း ခွဲသင့်ပါတယ်။ အရမ်းကြီး နောက်ကျမှခွဲရင်လည်း မကောင်းပါဘူး။ လိပ်ခေါင်းကို အရမ်းကြီးပြီး ကမ္ဘာလိပ်၊ ဆင်လိပ်ဖြစ်မှ ခွဲရင် စအိုကျဉ်းတတ်ပါတယ်။ခုနောက်ပိုင်းမှာ ရိုးရိုး ခွဲတာအပြင် Stapler နဲ့ ခွဲတာပါ လုပ်လို့ရပါတယ်။ Stapler Hemorrhoidectomy က အကြမ်းအားဖြင့်တော့ လိပ်ခေါင်းကြီးရင်တော့ အဆင်မပြေပါ။ ဘယ်လိုခွဲရင် သင့်တော်မလဲ ဆိုတာကတော့ ခွဲစိတ်ဆရာ၀န်က ဆုံးဖြတ်ပေးပါလိမ့်မယ်။
???? ဟုတ်ကဲ့ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ။
????အချိန်မီ လာရောက်မေးမြန်းပေးတဲ့ ညီမလေးလည်း လိပ်ခေါင်းနဲ့ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန် ဗဟုသုတများကို အထိုက်အလျောက် နားလည်ရရှိမယ်လို့ မျှော်လင့်ပါတယ်…ကျန်းမာရေးနဲ့ညီညွတ်စွာ ပြုမူနေထိုင်နိုင်ပါစေ…..
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.