အမျိုးသမီးတို့ သတိပြုဖို့ “ သားအိမ်အလုံးတည်ခြင်း” ???????????????????????????????? (???????????????????????????????????? ???????? ????????????????????) အကြောင်း….
ဘွားဘွား၊ ဒေါ်ဒေါ်၊ မမ၊ ညီမလေးတို့အားလုံး သတိပြုသင့်တဲ့ Uterine Fibroids “ သားအိမ်အလုံးတည်ခြင်း” အကြောင်းကို တယ်လီကျန်းမာက မျှဝေပေးလိုပါတယ်။
“ သားအိမ်အလုံးတည်ခြင်း” ဆိုတာ အမျိုးသမီးများရဲ့ သားအိမ်မှာ ချောမွေ့တဲ့အသားပိုအလုံး တွေ့ရှိရခြင်းကို ခေါ်ပါတယ်။ သားအိမ်အလုံးဟာ ပဲစေ့အရွယ်ကစလို့ အရွယ်အစားအမျိုးမျိုး တွေ့ရတတ်ပါတယ်။ သားအိမ်အတွင်းပိုင်း၊ သားအိမ်နံရံပေါ်၊ သားအိမ်နံရံရဲ့အပြင်ဘက် စတဲ့နေရာတွေမှာ အလုံး တည်တတ်ပါတယ်။
❓သားအိမ်မှာ အလုံးတည်ရတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ
• သားအိမ်ထဲမှာ ဘာလို့ဒီလိုအလုံးတည်ရသလဲဆိုတဲ့အဖြေ အတိအကျမရှိပါဘူး။
• ဒါပေမယ့် သွေးဆုံးချိန်မှာ သားအိမ်အလုံးတွေ ကျုံ့သွားတာ၊ ထပ်မံမကြီးထွားတော့တာတို့ကို တွေ့ရတဲ့အတွက် Sex Hormones တွေ (အထူးသဖြင့် Oestrogen နဲ့ Progesterone) တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်ချိန်မှာလည်း သားအိမ်အလုံးရဲ့အရွယ်အစား ကြီးမားလာတတ်ပါတယ်။
• အပျိုဖော်မဝင်သေးတဲ့ အမျိုးသမီးများမှာတော့ ဖြစ်လေ့ဖြစ်ထသိပ်မရှိပါဘူး။
❓သားအိမ်အလုံးတည်ခြင်းနဲ့ပတ်သက်တဲ့ ယေဘုယျ သိမှတ်ဖွယ်ရာတွေက ဘာတွေလဲ
• အသက် ၃၅နဲ့ ၄၅ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပြီး၊ အသက် ၄၀ ကျော်အမျိုးသမီးတွေရဲ့ ၄၀% ကျော်မှာဖြစ်လေ့ရှိပါတယ်။
• အများစုက လက္ခဏာပြလေ့မရှိပါဘူး။
• သားအိမ်အလုံးတည်သူ အမျိုးသမီးအယောက် 800 မှာ တစ်ယောက်ကသာ ကင်ဆာဖြစ်နိုင်ခြေ တွေ့ရှိရပါတယ်။
❓ရောဂါလက္ခဏာတွေ
သားအိမ်အလုံး အရွယ်အစားပေါ်မူတည်ပြီး
• ဓမ္မတာချိန်မှာ ပုံမှန်ထက် ရာသီသွေးပမာဏများပြားစွာဆင်းတာ
• ဓမ္မတာရက်ရှည်တာ
• ဓမ္မတာ ပြီးသွားသည့်တိုင် ဓမ္မတာရက် မဟုတ်တဲ့ ကြားရက်တွေမှာ သွေးဆင်းတာ
• ဓမ္မတာလာနေစဉ်မှာ နာကျင်ကိုက်ခဲတာ
• လိင်ဆက်ဆံချိန်မှာ နာကျင်တာ
• တင်ပါးဆုံရိုးတဝိုက် နာကျင်တာ (နောက်ကျော၊ ဝမ်းဗိုက်၊ ဆီးခုံနေရာတွေမှာ လေးလံနေတာ)
• ဝမ်းဗိုက်အောက်ပိုင်း လေပွသလို ဖောင်းနေတာ
စတာတွေ ခံစားရလေ့ရှိပါတယ်။
❓နောက်ဆက်တွဲ ဆိုးကျိုး
• မျိုးဆက်ပွားဖို့ ခက်ခဲတာ
• သွေးအားနည်းတာ
• ခါးလှည့်ချိန်တွေမှာ နာကျင်တာ
• ကိုယ်ဝန်ပျက်ကျနိုင်တာ
• မီးဖွားရာမှာ အခက်တွေ့တာ စတာတွေ ဖြစ်တတ်ပါတယ်။
❓သားအိမ်မှာ အလုံးတည်/မတည်ကို ဘယ်လိုစစ်ဆေးကြမလဲ
• Ultrasound အာထရာဆောင်းရိုက်တာ၊
• Hysteroscopy သားအိမ်အတွင်း မှန်ပြောင်းဖြင့်ကြည့်တာ
• သွေးစစ်တာ
• Biopsy အသားစစစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။
❓ကုသနိုင်မယ့်နည်းလမ်းတွေက ဘာတွေလဲ
• သားအိမ်အလုံးက ကြီးကြီးမားမား လက္ခဏာမပြသေးရင် သေချာစောင့်ကြည့်ပေးဖို့လိုပါတယ်။
• ၆ လတစ်ကြိမ် (သို့မဟုတ်) ၁ နှစ်တစ်ကြိမ် စမ်းသပ်စစ်ဆေးသင့်ပါတယ်။
• ဟော်မုန်းဆေးတွေ ပေးနိုင်တဲ့အပြင် သားအိမ်အလုံးကို ခွဲထုတ်ပစ်လိုက်တာ၊ မှန်ပြောင်းကြည့်ပြီး ဖယ်ထုတ်တာ (hysteroscopic resection)၊ သားအိမ်တစ်ခုလုံး ထုတ်တာ (hysterectomy)၊ သားအိမ်အလုံးဆီ သွေးစီးဆင်းမှု ရပ်တန့်သွားစေဖို့ သားအိမ်သွေးကြောကို ပိတ်လိုက်တာ (Uterine Artery Embolization) စတာတွေနဲ့ ကုသဖယ်ရှားနိုင်ပါတယ်။
ခုလောက်ဆို သားအိမ်အလုံးတည်ခြင်းအကြောင်း အခြေခံဗဟုသုတ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်။
” အမျိုးသမီးများ သားအိမ်အလုံးတည်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ ” ????????????
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.82.
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.