” အာရုံကြောအားနည်းတဲ့အကြောင်းလေး ရေးပေးပါ “ ဆိုတော့ ဘယ်ကစပြီး ဘယ်လို ရေးရမယ်မှန်းလည်းမသိ…အစလည်း ရှာမရ ဖြစ်နေပါတယ်
ဒါ့ကြောင့် စကားလုံး အသုံးအနှုန်းကနေပဲ အရင်စပြီး ရေးလိုက်ပါတော့တယ်
…
…
အားနည်းတယ် ဆိုတဲ့အသုံးအနှုန်းပါ
“ အား” ဆိုတဲ့အသုံးအနှုန်းဟာ ဒီနေရာမှာ Force , Power , Energy ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း ဦးစွာပြောပါရစေ
ခန္ဓာကိုယ်မှာ အဲ့သလိုမျိုး “ အား” ကို အသုံးပြုတာဟာ ကြွက်သားတွေပဲ ရှိပါမယ်။
( လက်မောင်းကြွက်သား ၊ နှလုံးကြွက်သား….ညှစ်အားကောင်းတာ ၊ ညှစ်အားနည်းတာ စတာတွေကတော့ အပေါ်က အား နဲ့ ဆိုင်ပါတယ် )
ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေမှာအားနည်းတယ်ဆိုတာကျတော့…
*** ပုံမှန်အတိုင်း အပြည့်အဝ မလုပ်ဆောင်နိုင်တာ ၊ ချို့ယွင်းချက်ရှိနေတာ ၊ ရောဂါရှိနေတာကို ဖော်ညွှန်းပါတယ် ***
( သွေးအားနည်းတာ ၊ ကျောက်ကပ်အားနည်းတာ ၊ အသည်းအားနည်းတာ ၊ မျက်လုံးအားနည်းတာ ၊ အာရုံကြောအားနည်းတာ စသဖြင့်ပေါ့ )
ဒီအထဲမှာမှ သွေးအားနည်းတယ်ဆိုတာတစ်မျိုးလောက်ပဲ သွေးနီဥပမာဏ လျော့နည်းပြီး အောက်ဆီဂျင်သယ်ယူပို့ဆောင်နိုင်စွမ်း နိမ့်ကျသွားတာကို ဆိုလိုကြတာဖြစ်ပြီး…တခြားဟာတွေကတော့ ဘာကိုရည်ရွယ်တယ်ဆိုတာ တိတိပပ လက်ဆုပ်လက်ကိုင် ပြောလို့မရတာ များပါတယ်
ဆိုလိုရင်းကတော့…
အာရုံကြောအားနည်းတယ်ဆိုတာ…
” အာရုံကြောတွေထဲက တချို့ဟာ တစ်နေရာရာမှာ ချို့ယွင်းပြီး ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘူး “ လို့ အကြမ်းဖျဥ်းယူဆထားပေးပါ
xxxxxxxxxxxxxxxxxxxxxxxxxxxx
အာရုံကြောတွေရဲ့ ဖွဲ့စည်းလုပ်ဆောင်နေပုံလေးကိုလည်း နည်းနည်းလောက် တို့ပါရစေနော်…
ဟိုနေ့က ပိုစ့်တစ်ခုမှာပြောခဲ့သလိုပဲ အာရုံကြောတွေထဲမှာ
(၁) ခန္ဓာကိုယ်ကနေ ဦးနှောက်ဆီ သတင်းပေးပို့နေတဲ့ အာရုံကြော (sensory)နဲ့
(၂) ဦးနှောက်ကနေ ခန္ဓာကိုယ်ကို အမိန့်ပေးစေခိုင်းနေတဲ့ အာရုံကြော (motor) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်
sensory nervesတွေဟာ ထိတာ ၊ နာတာ ၊ ပူတာ ၊ အေးတာ ၊ ကျဥ်တာ ၊ တုန်ခါတာ ၊ မြင်တာ ၊ ကြားတာ ၊ ခန္ဓာကိုယ်အနေအထား စသဖြင့် အချက်အလက်တွေကို ဦးနှောက်ဆီ စဥ်ဆက်မပြတ် သတင်းပေးပို့နေသလို
motor nervesတွေဟာလည်း ဦးနှောက်ဆီက အမိန့်ပေး စေခိုင်းချက်တွေကို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ ပို့ဆောင်ပေးနေပါတယ်
ဒီလို သတင်းအချက်အလက်တွေ ပို့ဆောင်ရာမှာ မြန်နှုန်းအားဖြင့် 4m/s ကနေ 70m/s အထိ ပို့ဆောင်နိုင်ပါတယ်။
( 70m/s ဆိုတာ တစ်နာရီ မိုင်၁၅၀နှုန်း ၊ ကီလိုမီတာ ၂၅၀နှုန်း ရှိပါတယ် )
အာရုံကြောဆဲလ်လေးတွေဟာ တံမြက်စည်းတစ်ခုနဲ့တူပြီး ၊ တံမြက်စည်းအရိုးနေရာကို Axonလို့ခေါ်ပါတယ်
( အောက်ပါပုံကိုကြည့်ပေးပါ )
တချို့ဆဲလ်တွေမှာတော့ တံမြက်စည်းအရိုးနေရာမှာ Myelin sheathလို့ခေါ်တဲ့ အကာအကွယ်တစ်ထပ်နဲ့ ပြတ်တောင်းပြတ်တောင်း ဖုံးအုပ်ထားပါတယ်
( သတင်းအချက်အလက်ပေးပို့ရာမှာ ခုန်ဆွခုန်ဆွနဲ့ မြန်မြန်ပေးပို့နိုင်ဖို့အတွက်ပါ )
နောက်ဆုံးပိတ်အနေနဲ့ သိစေချင်တာကတော့ ဆဲလ်တစ်ခုနဲ့တစ်ခုကြား သတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရာမှာတော့ Neurotransmitterလို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတချို့ကို အသုံးပြုပါတယ်
ဒီ့ထက်ဆက်ရေးရင် ရှုပ်ကုန်မှာစိုးလို့ ဒီနေရာမှာ ခဏဖြတ်ပါမယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အာရုံကြောနဲ့ပတ်သတ်တဲ့ရောဂါတွေ အမျိုးမျိုးရှိတဲ့အနက်…အပေါ်ကပြောထားတဲ့ နေရာလေး ၃ခုမှာကိုပဲ ရောဂါတွေက မနည်းလှပါဘူး
ဥပမာအားဖြင့် Myelin Sheathကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေထဲမှာကိုပဲ…
– မျိုးရိုးဗီဇအရမို့လို့
– အောက်စီဂျင်ကောင်းကောင်းမရ ၊ သွေးကောင်းကောင်းမရလို့
– အာဟာရချို့တဲ့လို့
– ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့
– သူ့ဟာသူ နေရင်းထိုင်ရင်း ပျက်စီးသွားတဲ့ ရောဂါတစ်ချို့ကြောင့်မို့
– အရက်အပါအဝင် ဆေးဝါးတချို့နဲ့ အဆိပ်အတောက်တွေကြောင့်မို့……စသဖြင့် စသဖြင့် အမျိုးမျိုး ကွဲထွက်သွားပါသေးတယ်
….
….
Neurotransmittorတွေနဲ့ ပတ်သတ်တဲ့ ရောဂါတွေလည်း ရှိပါသေးတယ်
Axon ထိခိုက်ပျက်စီးတဲ့ ရောဂါတွေလည်း ရှိပါသေးတယ်…
ဒါဟာ ရိုးရိုးအာရုံကြောဆဲလ်လေးတစ်ခုထဲက နေရာတစ်ခုမှာဖြစ်တဲ့ ရောဂါတွေပဲ ရှိပါသေးတယ်
တခြားနေရာတွေ မပါသေးပါဘူး…
( အာရုံကြောမကြီးကဟာတွေ မပါသေးပါဘူး….ဦးနှောက်ထဲကအကြောင်းတွေ မပါသေးပါဘူး )
ဆရာဝန်တွေပဲသိတဲ့ ကိစ္စတွေမို့ပါ
အများပြည်သူ လူသိများတဲ့အထဲမှာတော့ ဆီးချိုရောဂါကြောင့် ၊ ဗီတာမင်ချို့တဲ့မှုကြောင့် အာရုံကြောဆဲလ်တွေ ထိခိုက်ပျက်စီးတာတွေရှိတယ်ဆိုတာတော့ ကြားဖူးနားဝ ရှိကြမယ်ထင်ပါတယ်
ဘာပဲဖြစ်ဖြစ်ပါလေ…
ဘယ်လိုရောဂါကြောင့်ပဲဖြစ်ဖြစ် နောက်ဆုံးပိတ် ရလာဒ်အနေနဲ့ကတော့…
အာရုံကြောတွေဟာ…သတင်းအချက်အလက် သယ်ယူပို့ဆောင်နိုင်စွမ်း နှေးကွေးသွားတာ ၊ ရပ်တန့်သွားတာ ဖြစ်သွားစေပါတယ်
အဲ့ဒီအခါမှာ အာရုံကြောတွေဟာ ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တော့ဘဲ စွမ်းဆောင်ရည် ကျဆင်းသွားတာ ၊ အပြည့်အဝ အလုပ်မလုပ်နိုင်တော့တာကြောင့်
(ပထမဦးဆုံး ပြောခဲ့တဲ့အတိုင်း)
” အာရုံကြော အားနည်းတယ် “ လို့ပဲ လွယ်လွယ်ကူကူ ပြောကြပါတော့တယ်
….
….
ဒါ့ကြောင့်
အာရုံကြောအားနည်းတယ်ဆိုတာ ရောဂါတစ်ခုရယ်လို့ တိတိကျကျပြောတာ မဟုတ်ဘဲ….ရောဂါအားလုံးကို သိမ်းကြုံးထည့်သွင်းထားတဲ့ အသုံးအနှုန်းဆိုတာလေးကို သတိမူမိရင်ပဲ တယ်လီကျန်းမာ စာဖတ်သူတွေဟာ တခြားသူတွေထက် ဗဟုသုတ level တက်လာပါပြီ ????
…
…
ကားတစ်စီးဟာ ပုံမှန်မဟုတ်ဘဲ နှေးကွေးလေးလံလာပြီဆိုရင် အင်ဂျင်မကောင်းတော့တာလား ၊ ဘရိတ်ကပ်နေတာလား ၊ ဘီးလုံး လေလျော့နေလို့လား ၊ ကာပရိုက်တာ ဂျီးပိတ်နေတာလား ၊ ဆီမသန့်လို့လား စသဖြင့် ပြစ်ချက်ရှာရပါတယ်…ပြီးမှ ပြုပြင်ရပါတယ်
ဒီလိုမှမဟုတ်ဘဲ…ဟာ…ကား အားနည်းနေပြီ ၊ အားဆေး အင်ဂျင်ဝိုင်လေးဖြည့်ရအောင် ဆိုရင်တော့ အလုပ်မဖြစ်ပါဘူး
ဒီလိုပါပဲ…
” အာရုံကြောတော့အားနည်းပြီပြောတယ်…အာရုံကြောအားဆေးလေး သောက်ရအောင် “ ဆိုလို့ကတော့ အနာတခြား ဆေးတခြား….ခုတ်ရာတခြား ရှရာတလွဲဖြစ်မှာပါ
ဒါ့ကြောင့်…
ကိုယ့်မှာ အာရုံကြောနဲ့ပတ်သတ်တဲ့ လက္ခဏာရပ်တွေ ထိတွေ့ခံစားလာရပြီဆိုရင်…
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ၊ ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ကြီးတွေဆီမှာ သေချာဆွေးနွေးတိုင်ပင်အဖြေရှာပြီးမှ ထိရောက်စွာ ကုသမှုခံယူကြပါလို့ တိုက်တွန်းရင်း….
( တယ်လီကျန်းမာမှာလည်း ဦးနှောက်နဲ့အာရုံကြောဆရာဝန်ကြီးများက အခမဲ့ကြည့်ရှုဆွေးနွေးပေးနေပါတယ်လို့ ကြော်ငြာဝင်ရင်း….. )
အားလုံးပဲ သက်ရှည်ကျန်းမာ…ဘေးဘယာ ကင်းဝေးကြပါစေ ????????????
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.