(အခု ရန်ကုန်မှာ အဖြစ်များနေတဲ့)
“ အသည်းရောင်အသားဝါ A ရောဂါအကြောင်း”

အသည်းရောင်အသားဝါ A ရောဂါဟာ ကူးစက်မြန် အသည်းရောင်ရောဂါမျိုးဖြစ်ပြီး Hepatitis A virus ကြောင့် ဖြစ်ရပါတယ်။ သူက အခြားအသည်းရောင် Virus ညီအစ်ကိုတွေဖြစ်တဲ့ Hepatitis B, Hepatitis C တို့လို နာတာရှည်အသည်းထိခိုက်ခြင်း မရှိပေမယ့် ဝေဒနာတွေတော့ အတော်ခံစားရနိုင်တဲ့ ရောဂါတစ်ခုပါ။
.

🟡 Virus အကြောင်း 🟡

HAV ဟာ ခံနိုင်ရည်အားပြင်းတဲ့ virus တစ်မျိုးပါ။ သူရှိနေတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေနေတတ်ပြီး သာမန်အပူပေးခြင်းနဲ့ သန့်စင်ဆေးရည်တွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အစားအသောက်သန့်ရှင်းရေး၊ အစားအသောက်ပိုးသတ်ရေး လုပ်ရိုးလုပ်စဉ် process တွေကိုလည်း ခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။

ရောဂါဖြစ်ပွားသူရဲ့ ဝမ်းနဲ့သွေးထဲမှာ ပိုးတွေ ရှိနေတတ်ပါတယ်။ ပြန့်ပွားပုံကတော့ အစားအသောက်နဲ့ရေတို့ မသန့်ရှင်းတဲ့အခါ ရောဂါပိုးတွေ ပါဝင်တတ်ပါတယ်။ ရောဂါဖြစ်သူကို အနီးကပ်ပြုစုတဲ့သူတွေမှာ ကူးစက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့ထားတဲ့ ကမာ၊ ဂုံးစတဲ့ အစားအစာတွေကို အစိမ်းစားခြင်း အားဖြင့်လည်း ရောဂါကူးစက်နိုင်ပါတယ်။

ရောဂါပိုးရှိသူနဲ့ အတူနေ၊ လိင်ဆက်ဆံခြင်း (oral sex, anal sex) တို့မှလည်း ကူးစက်နိုင်ပါတယ်။

🟡 ရောဂါ လက္ခဏာများ 🟡

Virus ဟာ ခန္ဓာကိုယ်ထဲဝင်ပြီးရင် ရောဂါလက္ခဏာပြဖို့ ၁၄ ရက်မှ ၂၈ ရက်အထိ ကြာမြင့်နိုင်တယ်။

ဖြစ်ပေါ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့

အစပိုင်းမှရက်‌တွေမှာ

  • အဖျားငွေ့ငွေ့ဖြစ်မယ်
  • အလွန်အမင်းနုံးမယ်
  • ပျို့အန်၊ ဝမ်းပျက်မယ်
  • စားချင်စိတ်မရှိ ပါးစပ်ပျက်မယ်
    (ငယ်ငယ်ကသင်ဖူးတဲ့စာအရ ဆေးလိပ်ပုံမှန်သောက်တဲ့သူတောင် ဆေးလိပ်သောက်ချင်စိတ် မရှိတဲ့အထိ ပါးစပ်ပျက်တယ်လို့ ဆိုပါတယ်)

နောက်ရက်တွေမှာတော့ အသည်းရောင်ခြင်းအဆင့်ကို တိုးလာပါပြီ။ ဒါဆိုရင်

  • တဖြည်းဖြည်း မျက်လုံးလေးတွေ ဝါလာတာ
  • တစ်ကိုယ်လုံး တဖြည်းဖြည်း အသားဝါလာတာ
  • ပျို့ချင် အန်ချင်တာ‌တွေ ပိုဆိုးလာတာ
  • ဗိုက်မအီမသာတာ ဖြစ်တာ
  • ဗိုက် (အသည်းရှိတဲ့ နေရာ၊ ညာဘက်အခြမ်းအပေါ်ဘက်) အောင့်နိုင်တယ်
  • စမ်းကြည့်ရင် အသည်းကြီးနိုင်တယ်
  • အသားယားလာမယ်
  • ဆီးအရောင်ရင့်လာ၊ ဝါလာမယ်
  • ဝမ်းဖျော့ဖျော့တွေသွားတာတွေ ဖြစ်လာပါမယ်။

အသည်းရောင်ရင် အစားအသောက်ချေဖျက်မှု အားနည်းတဲ့အတွက် ပျို့အန်ပြီး အစားအသောက် အင်မတန်ပျက်ပါတယ်။ ဗိုက်နာလို့လည်း အစားစားချင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ နိုင်သလောက် အရည်များများနဲ့ အစာပျော့ပျော့​ပျောင်းပျောင်းလေးကို နည်းနည်းနဲ့ ခဏခဏစားပေးဖို့ လိုပါတယ်။ အန်လွန်း ဗိုက်အောင့်လွန်းပြီး အစားမဝင်တဲ့အခါ လိုအပ်ရင် အကြောဆေးသွင်းပါတယ်။ အကြောဆေးက လူတိုင်းကိုသွင်းဖို့တော့ မလိုပါ။

အချို့က ဒီအဆင့်မှာ အသည်းရောင်နှုန်းများပြီး အသည်းဓာတ်တွေ (ALT, AST) ဟာ လွန်စွာမြင့်တက်လာတတ်ပါတယ်။ ဒီအချိန်မှာ အသည်းလုပ်ဆောင်မှုတွေကို စောင့်ကြည့်ဖို့ လိုပါတယ်။

အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ချေဖျက်ပေးတဲ့နေရာ၊ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ပရိုတင်း‌တွေထုတ်ပေး၊ အစာတွေသိုလှောင်ပေးတဲ့ နေရာပါ။

အသည်းအဆိပ်အတောက်ချေဖျက်ခြင်း လုပ်ငန်းစဉ် အားလျော့လာတဲ့အခါ လူနာကမှိန်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။

သွေးတိတ်တဲ့ ပရိုတင်းဓာတ်တွေ အားနည်းတဲ့အခါ သွေးထွက်သွေးယိုဖြစ်တာ၊ ‌ဝမ်းမည်းမည်းသွားတာ၊ သွေးအန်တာ စတဲ့အစာအိမ်သွေးထွက်ခြင်း ဖြစ်နိုင်ပါတယ်။

အသည်းလုပ်ဆောင်မှု အားနည်းခြင်းကြောင့် ကျောက်ကပ်လုပ်ဆောင်မှုပါထိပြီး ဆီးနည်းသွားတတ်ပါတယ်။

ဒီလို အသည်းကို မြန်မြန်နဲ့ ပြင်းပြင်းထန်ထန်ထိခိုက်ခြင်း (Acute fulminant Liver failure) ဟာ ရှားပါးပေမယ့် ဖြစ်တော့ဖြစ်နိုင်ပါတယ်။ အရေးကြီးပြီး အသက်အန္တရာယ်ရှိတဲ့ ‌နောက်ဆက်တွဲပြဿနာပါ။
ဒီအနေအထားကို အမြဲစောင့်ကြည့်ဖို့လိုအပ်ပြီး လိုအပ်သလို သွေးစစ်ဆီးစစ် ဆေးရုံတက်တာ လုပ်ရတတ်ပါတယ်။

အများစုကတော့ ဒီလိုဆိုးကျိုးတွေမဖြစ်ဘဲ တဖြည်းဖြည်း ‌သက်သာလာတတ်ပါတယ်။ အသည်းရောင်တာ တဖြည်းဖြည်းကျလာမယ်ဆိုရင် လူနာဟာ ခံစားရတာတွေ သက်သာလာမယ်။ စားချင်စိတ်လေး ပြန်ရှိလာမယ်။ ဗိုက်နာတာ လျော့လာမယ်။ အန်တာ ပျို့တာတွေ သက်သာလာပြီး အစားဝင်လာပါမယ်။ ဒီလိုဆို ကောင်းတဲ့ဘက် ရောက်လာပါပြီ။

အဝါဓာတ်လည်း ဒီအခါ တဖြည်းဖြည်းကျလာမှာပါ။

အသည်းအရောင်ဓာတ်တွေ ကျလာပေမယ့် အချို့က အဝါကျန်နေလို့ ဆီးဝါတာ ရှိနေသေးတတ်ပါတယ်။

ရေ၊ အရည် များများသောက်ပါ။

အသည်းက‌ နေမကောင်းရာကနေ ဖြည်းဖြည်းချင်း ပြန်လည်အလုပ်လုပ်နေပြီဖြစ်လို့ သက်သာလာမှာပါ။

သာမန်အားဖြင့်တော့ အသည်းရောင်အသားဝါ A ရောဂါဟာ မပြင်းထန်ဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ကောင်းပါတယ်။ နဂိုက ရောင်ရမ်းနေတဲ့အသည်းဟာ အကောင်းပကတိ ပြန်ကောင်းပါတယ်။ အချို့ဟာ အကောင်းပကတိပြန်ကောင်းဖို့ တစ်လနှစ်လခန့် ကြာတတ်ပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေမှာ ရောဂါပြင်းထန်နိုင်ပါတယ်။

ရောဂါဖြစ်ဖူးသူတိုင်းနီးပါးဟာ ဒီရောဂါအတွက် ထပ်မဖြစ်အောင် ကာကွယ်ပေးတဲ့ခုခံအား (lifelong immunity) ပါ ရရှိပါတယ်။
.

ရောဂါဖြစ်ချိန်မှာ အသည်းထိခိုက်မှု ပိုမဆိုးအောင်

  • တိုင်းရင်းဆေးနဲ့ အရွက်ပြုတ်တွေ၊ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော (မလိုဘဲ အလွန်အကျွံသောက်ခြင်း) တွေကို ရှောင်ပါ။
  • အစားကို ဝင်သလောက် နည်းနည်းနဲ့မကြာခဏ စားပေးပါ။

အချို့ ကလေးငယ်တွေဟာ ပိုးကူးစက်ခံရရင် လက္ခဏာမပြပေမယ့် ပိုးဖြန့်ဖြူးသူတွေ လုပ်နိုင်တယ် လို့လည်း ဆိုပါတယ်။ ကလေးအညစ်အကြေးတွေ ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ မမေ့ပါနဲ့နော်။

🟡 ရောဂါရှာဖွေခြင်း 🟡

အသည်းရောင်ခြင်းဟာ အစပိုင်းမှာ မအီမသာနဲ့ ဗိုက်အောင့်တာကလွဲရင် အဝါမစသေးတဲ့အခါ သာမန် အစာအိမ်ရောဂါမျိုး၊ အစားမှားခြင်းမျိုးနဲ့ မှားတတ်ပြီး ဝါလာမှသိတာလည်း ဖြစ်တတ်ပါတယ်။

အသည်းရောင်ခြင်းကိုဖြစ်စေတဲ့ အခြားရောဂါတွေနဲ့ ခွဲခြားဖို့နဲ့ အသည်းရောင် A ရောဂါကို အတည်ပြုဖို့က‌ သွေးထဲမှာ အသည်းရောင် A ပိုး (HAV IgM) စစ်နိုင်ပါတယ်။ ကနဦးရက် antibody မပေါ်သေးတဲ့ အချိန်မှာ PCR နဲ့ အကောင်ကို ရှာနိုင်တယ်လို့လည်း ဆိုပါတယ်။
.

ဆေးကုတဲ့အခါမှာတော့

  • အခြေခံသွေးတွေဖြစ်တဲ့ သွေးအား၊ သွေးဖြူဥ၊ သွေးနီဥတွေ၊ အရောင်ဓာတ်တွေ စစ်မယ်
  • ရောဂါကိုသေချာဖို့ အသည်းရောင် အေပိုး အန်တီဘော်ဒီ စစ်မယ်
  • အသည်းအင်ဇိုင်းဓာတ်တွေ
  • လိုအပ်ရင် သွေးကျဲနှုန်း၊ ဓာတ်ဆားတွေနဲ့ ကျောက်ကပ်ကို စစ်တတ်ပါတယ်။
  • အာထရာဆောင်းရိုက်ရင်တော့ အသည်းကြီးတာ အသည်းရောင်တာတွေ တွေ့နိုင်မှာပါ။

🟡 ကုသမှု 🟡

ကုသမှုကတော့ ရိုးရှင်းပါတယ်။ အနားယူခြင်း၊ အစားအစာနဲ့ ရေဓာတ်ဖြည့်ခြင်းပါပဲ။

လူနာဟာ လန်းဆန်းတယ်၊ အစားသင့်တင့်သလောက် စားဝင်တယ်ဆိုရင် ဆေးတွေသွင်းစရာမလိုတတ်ပါဘူး။ အိမ်မှာပဲ‌ ကောင်းစွာအနားယူပါ။ ပြုစုတဲ့သူတွေရော လူနာရော လက်သေချာဆေးပါ။ အညစ်အကြေးတွေ သေချာစွန့်ပစ်ပါ။ စားသုံးတဲ့ အိုးခွက်ပန်းကန်တွေကို သေချာဆေးကြောပါ။ တစ်ခွက်ထဲအတူစားတာတွေ မလုပ်ပါနဲ့။

တကယ်လို့ အန်မယ် ဗိုက်နာမယ်ဆိုရင်တော့ ဖြစ်လာတဲ့လက္ခဏာတွေအတွက် ဆေးလိုပါတယ်။

အစားမဝင်ဘဲ တအားနုံးမယ်‌၊ အရမ်းအန်မယ်ဆိုရင် အကြောဆေး သွင်းနိုင်ပါတယ်။

ရောဂါအတွက် သီးသန့် ကုသတဲ့ဆေး Antiviral treatment တော့ မရှိပါ။

  • အိပ်ရေးဝဝအိပ်
  • ကောင်းစွာအနားယူပါ။
  • အလုပ်နားပါ
  • အစားကို မျှတစွာ၊ ပျော့​ပျောင်းစွာ စားပါ
  • အရည်များများသောက်ပါ

🟡 ဆေးရုံတက်ရန် လို/ မလို 🟡

အများစုက ဆေးရုံတက်ဖို့ မလိုတတ်ပါ။ သို့သော် ခံစားရတဲ့ ဝေဒနာပြင်းထန်ရင်၊ အသည်းရောင်ဓာတ်တွေများရင်တော့ ဆေးရုံတက်ရနိုင်ပါတယ်။

ပြင်းထန်စွာ ပျို့အန်ခြင်း၊ အစားမဝင်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မှိန်းခြင်း၊ ဆီးနည်းခြင်း၊ သွေးထွက်သွေးယိုခြင်း၊ သတိမကောင်းခြင်း စတဲ့လက္ခဏာများ ဟာ အရေးပေါ် လက္ခဏာများပါ။ အသက် (၅၀) အထက်နှင့် နာတာရှည်ရောဂါရှင်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ သတိပြုပါ။

🟡 ကာကွယ်ခြင်း 🟡

ဒီရောဂါဟာ ကူးစက်လွယ်တာမို့ တစ်ယောက်ကိုတစ်ယောက်ကူးစက်ပြီး လတော်တော်ကြာအောင် ပတ်ဝန်းကျင်မှာ လှည့်ပတ်နေတတ်ပါတယ်။

ကာကွယ်ဖို့ နည်းလမ်းတွေလည်း ရှိပါတယ်။

(၁) ကတော့ သန့်ရှင်းရေးကို အထူးဂရုစိုက်ခြင်းပါ။

လက်ကို အိမ်သာဝင်ပြီးနဲ့ အစားအသောက်မကိုင်တွယ်မီတို့မှာ ရေ၊ ဆပ်ပြာနှင့် စက္ကန့် (၂၀) ခန့် သေချာစွာဆေးပါ။ အရက်ပြန်နဲ့ လက်သန့်ဆေးရည်များထက် ရေ၊ ဆပ်ပြာက ပိုကောင်းပါတယ်။

မျက်နှာပြင်များသန့်ရှင်းရေးအတွက် အိမ်သုံးချေးချွတ်ဆေး (Household bleach) နဲ့ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

အစားအသောက်တွေကို ရေသေချာဆေးပါ။ ကျက်အောင်ချက်ပြုတ်စားပါ။ (အထူးသဖြင့် ဂုံး၊ ကမာ၊ ခရု စတဲ့ အခွံမာကောင်တွေကို ကျက်အောင်ချက်စားပါ)

ရေကို တစ်မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်၍သောက်ပါ။ သောက်ရေကို ကလိုရင်းခပ်ပြီး သောက်နိုင်ပါတယ်။

အသားငါး အစိမ်းစားခြင်းကို ရှောင်ပါ။ မိလ္လာစွန့်ပစ်ခြင်းများကို စနစ်တကျရှိပါစေ။ ယင်မနားအောင် ဂရုပြုပါ။
.

(၂) ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်အေက ကာကွယ်ဆေးရှိပါတယ်။ ရောဂါရှိသူနဲ့ထိတွေ့ပြီး (၂) ပတ်အတွင်း ကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။ ကလေးငယ်များ အသက် (၁၂ လမှ ၂၃ လ) မှာလည်း ထိုးဖို့အကြံပြုထားပါတယ်။

🟡 ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှုများ 🟡

ကမ္ဘာတစ်ဝှမ်းမှာ လူအများအပြား ရောဂါကူးစက်ခံရမှုသမိုင်းတွေကို ပြောပြရမယ်ဆိုရင်တော့

(၁၉၈၈) ရှန်ဟိုင်းမှာ ရောဂါပိုးပါတဲ့ ကမာတွေကို စားမိတာကနေစပြီး လူသုံးသိန်းနီးပါး ကူးစက်ခံခဲ့ရပါတယ်။

(၂၀၂၃) ယူအက်စ်မှာ မသန့်ရှင်းသော အေးခဲထားတဲ့ ဘယ်ရီသီးတွေကို စားရာ‌ကနေ လူအများအပြား ကူးစက်ခံခဲ့ရပါတယ်။

(၂၀၂၄) စပိန်မှာ လိင်တူဆက်ဆံသူ အမျိုးသားများ အကြားမှာ လူဦးရေထောင်နဲ့ချီပြီး ရောဂါပိုးပြန့်ပွားနေတယ်လို့ ဆိုပါတယ်။

(၂၀၂၄) အိန္ဒိယနိုင်ငံ ပြည်နယ်အနှံ့အပြားမှာ ရေညစ်ညမ်းမှုနဲ့ မသန့်ရှင်းသော မိလ္လာစနစ်ကြောင့် ပိုးကူးစက်ပြန့်ပွားခြင်းတွေ ရှိခဲ့ပါတယ်။


အခု ရန်ကုန်မှာလည်း အသည်းရောင်အသားဝါ အေ တွေ အတွေ့များတယ်လို့ဆိုပါတယ်။ ရောဂါဟာ တစ်ယောက်နဲ့တစ်ယောက် ကူးစက်ပြန့်ပွားနေတယ်ဆိုပေမယ့် စတင်ပြန့်ပွားမှုဖြစ်တဲ့ source (index case ) နဲ့ ရောဂါကွင်းစက်တွေတော့ ရှိမှာပါ။ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးသရွေ့တော့ ပြည်သူတွေက ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ကြပါ။

ရောဂါဖြစ်ဖူးသူရဲ့ အိမ်သားများ၊ အတူနေ လိင်ဆက်ဆံဖော်များ၊ ပြုစုပေးသူများ၊ စားသောက်ဆိုင် မှာ အလုပ်လုပ်သူများ၊ အစားအသောက်ကို အများစာ ချက်ပြုတ်ပြင်ဆင်နေရသူများ၊ အပြင်စာအစားများသူများ၊ ပြုစုစောင့်ရှောက်ရေးဂေဟာမှ ဝန်ထမ်းများ အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်။

လိုအပ်ရင် တယ်လီကျန်းမာ messenger ကို လာရောက် ဆက်သွယ်မေးမြန်းပါ။

အားလုံးပဲ ဘေးကင်းကျန်းမာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်….။

အထူးကုသမားတော်တစ်ဦး
Telekyanmar

Reference – 📚
www. CDC. gov / Hepatitis A fact sheet

www. who. int / Hepatitis A

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here