ရောဂါတစ်ခုရလာပြီ ဝေဒနာတစ်မျိုးမျိုး ခံစားနေရပြီဆိုရင် အတော်အောက်ကျနောက်ကျ နိုင်ပါတယ်။ တခြားမကြည့်နဲ့ အိတ်ဇ်ပတ်စ်ကားစီးကြည့်။ ကားမူးတတ်တဲ့သူနဲ့ ဘယ်သူမှ ဘေးနားအတူမစီးချင်ဘူး။ ကိုယ့်နားက ကားမူးနေတဲ့သူက မူးလိုက်တာမှ ဥဩတွေတောင်ဆွဲနေရင် ဘယ်လိုလဲ။ ဆားအတို့ခံရတဲ့ တီကောင်လို ဖျတ်ဖျတ်ကို လူးနေမှာပဲ။

ဒါကြောင့် ရောဂါသည်တစ်ယောက်ဖြစ်ပြီဆိုရင် ကိုယ့်အပေါ် နားလည်ပေးနိုင်တဲ့သူတွေ လိုတယ်လို့။

တစ်ခါက အဒေါ်ကြီးတစ်ယောက် ရှိတယ်… အပျိုကြီး။ မောင်ဝမ်းကွဲအိမ်မှာ ဝိုင်းလုပ်ဝိုင်းစားပေါ့။ တူတွေ တူမတွေအကုန် သူ့လက်ပေါ်မှာပဲ ကြီးလာတာ။ “ ကျွေးမွေးသုတ်သင် သက်ဆုံးပင်” တောင် ဆိုရနိုင်တယ်။ မိခင်တစ်ယောက်လိုပါပဲ။ ယောင်းမဖြစ်သူက မွေးပေး။ သူကကျွေးဆိုတော့ ကျွေးမိခင်ပေါ့။ နီတာရဲကနေ လူပျိုအပျိုဖားဖားဖြစ်တဲ့အထိ တစ်ယောက်ပြီး တစ်ယောက် ငါးယောက်လောက် ထိန်းကျောင်းပေးခဲ့တယ်။ မောင်ဖြစ်တဲ့သူ နာမကျန်းဖြစ်၊ ကွယ်လွန်အနိစ္စရောက်တော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်မယ်ပေါ့။ ဒါပေမယ့် တူ တူမတွေက ဒေါ်ကြီးကိုမပြန်ခိုင်းဘူး။

ဒါနဲ့ သုံးလေးနှစ် ကြာသွားတယ်။ ထမင်းချက် အဝတ်လျှော် ဗာဟီရပေါ့လေ။ ကံဆိုးချင်တော့ အဲဒီအဒေါ်ကြီး အဝတ်လျှော်နေရင်း မူးတယ်မူးတယ်နဲ့ လဲသွားလိုက်တာ လေဖြတ်သွားပါလေရော။ သွေးတိုးနေတာ သတိမထားမိတော့ လေဖြတ်တဲ့အဆင့်နဲ့ အိပ်ရာထဲဗုန်းဗုန်းလဲ။ အားနာလို့ ထင်ပါရဲ့ အဒေါ်ကြီးရွာကို ဇွတ်ပြန်ပို့ခိုင်းတယ်လို့ ပြောတာပဲ။ ငယ်ကတည်းက ခွဲခွာခဲ့ရတဲ့ ဇာတိချက်ကြွေ လေဖြတ်မှပြန်ရောက်တော့တယ်။

ငယ်ရွယ်စဉ်ကတည်းက အနေစိမ်းလို့ထင်ပါရဲ့ အဒေါ်ကြီးနဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူက မောင်နှမဆွေမျိုးထဲကတောင် သိပ်မရှိဘူး။ အစောပိုင်းတော့ ရွာ့ထုံးစံ လူမမာမေးလေးဘာလေး အနည်းအကျဉ်းလောက်တော့ ရှိမှာပေါ့။ ကျွန်တော်ရောက်သွားတဲ့အချိန်က လေဖြတ်နေတာ နှစ်ချီကြာပြီဆိုတော့ အဲဒီအဒေါ်ကြီးနားကပ်ရတာ သတီစရာ မရှိတော့ဘူး။ သည်းခံပြီး မေးရမြန်းရတယ်။ မိဘဘိုးဘွားပိုင် လယ်လေးယာလေးရှိလေတော့ ဒီလယ်ယာသီးစားခလေး မှီခိုနေရရှာတယ်။ လုပ်ကိုင်ပေးတဲ့ သားချင်းဆွေမျိုးသာ အဝင်အထွက် ရှိတယ်။ ဒါပေမယ့် လူနာကို နောက်ဖေးနောက်ဖီ ချီရပိုးရ၊ သုတ်သင်ပေးရ၊ အထက်တစ်ဝက် အောက်တစ်ဝက် အစာရေစာ ကျွေးမွေးရတာတောင် မလွယ်ဘူး။ ဒါကြောင့် သူ့ကို ကြည့်ပြီး လေဖြတ်ရောဂါကြီးကို ကြောက်သွားတယ်။ မသေခင်ကတည်းက ပုပ်နေတဲ့အတိုင်းပါပဲ။ ပြုစုစောင့်ရှောက်ရသူတွေ မကြည်ဖြူတဲ့ ရောဂါကိုး။ အောက်တန်းကျလိုက်တာ။

အတိတ်ဝိဘတ်တော့ မသိပါဘူး။ ပေတေလေလွင့်ခဲ့တော့ အသက် (၃၀)ကျော်မှာပဲ ရောဂါတစ်ခု ကောက် ရလိုက်တယ်။ ငယ်ငယ်လေးတည်းက လူကြီးသူမတွေ ပြောပြတဲ့ ပုံပြင်တွေထဲကလို စိတ်ထားကောင်းရင် နတ်ဒေဝါတွေက ဥစ္စာပစ္စည်းတွေပေးလိမ့်မယ် ယုံကြည်ပြီး ရွှေတွေငွေတွေ ကောက်ရဖို့ အမြဲမျှော်လင့်မိတယ်။

ကြားဖူးမှာပါ။ နတ် (၂) ပါးက အလောင်းအစားလုပ်သတဲ့။ သူတို့ချင်း ဒီလို အချင်းများကြတယ်တဲ့။ အတိတ်ကံမလိုပါဘူး “ မ” ချင်ရင် “ မ” လို့ရတယ်တဲ့ နတ်တစ်ပါးက။ ကျန်တစ်ပါးကတော့ “ ကံမရှိ ဉာဏ်ရှိလည်းမွဲ၊ ကံမခိုင်ရင် သံတိုင်နဲ့ဆောက်တောင် ကံမှောက်ရင် ကျိုးတတ်သေးတယ်” လို့ ပြောတယ်။ အဲဒီတော့ တန်ခိုးရှိတဲ့နတ်က တန်ခိုးအားကိုးပြီး လူတစ်ယောက်ကို “ မ” ပြတယ်။ အဲဒီလူ သွားတတ်တဲ့လမ်းမှာ လမ်းလယ်ခေါင်မှာပဲ ရွှေထုပ်ကြီးတစ်ထုပ် ချပေးထားတယ်။ ဒါပေမယ့် အဲလူက အဲနေ့မှာ ကောင်းကင်ပြင်ကြီး သာယာလိုက်တာပေါ့။ ကဗျာဆရာ ထင်ပါရဲ့… သဘာဝအလှတရား ခံစားနေလေတော့ လမ်းလယ်ခေါင်ကရွှေထုပ် ခလုပ်တောင်တိုက်မသွားဘူး။ ဪ အပေါ်မော့ကြည့်ပြီး သွားတတ်တယ် ထင်ပါရဲ့… သစ်ပင်ခွကြား တင်ပေးထားတယ်။ အဲဒီနေ့ကျ မြက်ခင်းနွဲ့နွဲ့ မြေနီနီ ကံ့ကော်ဝတ်မှုန်စီပါလေရော။

အပြိုင်နတ်က ရယ်လေပြီ။ ဒါနဲ့ နောက်နေ့ အဲလူလည်း လာရော ရွှေထုပ်ကြီးကို သူ့ရှေ့ “ ဝုန်း” ခနဲပစ်ချပေးလိုက်တယ်။ အဲဒီမှာ သကောင့်သားက “ သရဲ သရဲ” ဆိုပြီး ထွက်ပြေးသွားတယ်။

နတ် “ မ” မရတဲ့ကောင်တွေထဲမှာ ကျွန်တော်လည်း ပါတယ်။ ဒါပေသိ ရောဂါတစ်ခုတော့ ကောက်ရလာတယ်။ ဆိုးရွားလိုက်တာ။ ခြေထောက်တစ်ဖက်ရောင်၊ နောက်တစ်ချောင်းလိုက်ရောင်၊ တစ်ကိုယ်လုံးရောင်။ ခြေတစ်ဖက် စရောင်ကတည်းက တိုက်နယ်ဆေးရုံ သွားပြ မသက်သာ။ အပြင်ဆေးခန်းရောက် မသက်သာ။ ဆီးနဲ့ကျောက်ကပ် အထူးကုပြ ဆေးရုံတက်ရ။ ဆေးရုံမှာ တစ်ပတ်လောက် ရှိနေပြီ။ ခင်ဗျားအတွက် ကုသမှုကို မစရသေးဘူးတဲ့။ အဖောအရောင်အတွက် သောက်ရေကန့်သတ်။ ပေါက်သမျှဆီးကို ရေသန့်ဘူးနဲ့ ထည့်ချိန်။ တစ်နေ့ ရေတစ်လီတာပဲ သောက်ပါတဲ့။ ပေးတဲ့ဆီးဆေးတွေက အာခြောက်ရေငတ်နဲ့ အငတ်ခံနေရတယ်။ ထွက်သမျှဆီးကို ခံထား၊ ရေသန့် ဘူးနဲ့ ထည့်၊ တစ်နေ့ ဘယ်လောက်ပေါက်တယ် အစီရင်ခံရတယ်။

ဆေးထိုးပေးတဲ့ ဆရာမကို ဖြည်းဖြည်းထိုးပေးဖို့ တောင်းပန်ပေမယ့် အလကားပဲ။ ဆီးဆေးကို သွေးကြောထဲလွှတ်လိုက်ရင် လူတစ်ကိုယ်လုံး ပူထူပြီး မြောက်တက်သွားသလိုပဲ။ ရင်တွေ ဗိုက်တွေထဲက ပူလောင်၊ စကားတောင် မပြောနိုင်တော့ဘူး။ (၁၀) မိနစ်လောက်ပေါ့။ ခဏဆိုပေမယ့် ခံရခက်လို့ တောင်းပန်ပေမယ့် မရပါဘူး။ တံတောင်ကွေးထဲက သွေးပြန်ကြောထဲ အမြန်လာထိုးထည့်သွားတယ်။ ကိုယ့်မှာသာ ခုတင်ပေါ်မှာ ပူထူမြောက်တက်သွားတာ။

အထူးကုဆရာဝန်ကြီးက ကျောက်ကပ်ကနေ အသားစ ယူမယ်ဆိုတော့ ဝှီးချဲတွန်းပေးမယ့်သူမရှိလို့ ဘေးခုတင်က လူနာစောင့်ကို အကူအညီတောင်းရတယ်။ ကျွန်တော်က ဆေးရုံတက်တော့ တစ်ယောက်တည်း။ အမျိုးသမီးက သွေးနုသားနုဆိုတော့ ရောဂါကူးစက်နှုန်းမြင့်တဲ့ ဆေးရုံကို မလာခိုင်းပါဘူး။ အဖေကလည်း တစ်ပတ်လောက်သာ စောင့်ပေးနိုင်တယ်။ ကျွန်တော်ကလည်း ဖောရောင်တာသက်သာလာတော့ လူကောင်းအတိုင်း ဖြစ်နေပါပြီ။ ကျောက်ကပ်က အသားစယူတာ ဆရာကြီးအတွက် ပါမွှားပါပဲ။ ခုတင်ပေါ် ဝမ်းလျားမှောက် ပေးလိုက်ရုံပဲ။ ကျောကနေ ခွဲတယ်။ ဆေးထိုးပြွန်လိုဟာမျိုးနဲ့ အပ်နဲ့ထိုးပြီး အသားစယူတယ်။ အမျိုးသားဓာတ်ခွဲခန်းနဲ့ ပုဂ္ဂလိကဓာတ်ခွဲခန်း ပို့ရတယ်။ ပို့ခနဲ့ ဓာတ်ခွဲခန်းခ ပေးလိုက်ရုံပါပဲ။

အဖြေရလာတော့ ဆရာကြီးက (ဝမ်းသာအားရကြီး) ပြောတယ်။ သူမှန်းတဲ့ ရောဂါပဲတဲ့။ သူမှန်ပေမယ့် ကိုယ့်မှာ တစ်သက်လုံး ဆေးတွေသောက်နေရတော့တာပဲ။ အဲကျမှ ခင်ဗျားကို ကုပေးတော့မယ်တဲ့။ “ ဆရာကြီး ဘယ်လောက်ထိ ဆေးတွေသောက်နေရမလဲ” ဆိုတော့ လေးငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်လည်း ဖြစ်ရင်ဖြစ်သွားမယ်တဲ့လေ။ “ ဆရာကြီး ဆေးတွေက မများလွန်းဘူးလား” ဆိုတော့ ငေါက်လိုက်တာဗျာ။ လူနာတွေကြားထဲ ဆရာဝန်တွေ အများကြီးနဲ့။ ရှက်လိုက်တာ။ ဪ… ငါ့နှယ် အောက်တန်းကျလိုက်တာ။ စောဒကတက်ခွင့်မရှိဘူး။ “ ဒီဓာတ်ခွဲခန်းနဲ့ ဟို ဓာတ်ခွဲ အဖြေတွေမတူဘူးနော်” မပြောရဲဘူး။ “ ဘာလို့ ဒီရောဂါလို့ တစ်ထစ်ချ နာမည်တပ်လိုက်တာလဲ” မမေးရဲဘူး။

မအလတစ်သိုက်ကျေးဇူးနဲ့ အစိုးရဝန်ထမ်းဘဝကို ကျောခိုင်း၊ အစိုးရဆေးရုံတွေ ကျောခိုင်း၊ အစိုးရ ဝန်ထမ်းတွေကို ကျောခိုင်း။ တော်လှန်ပြည်သူတွေကိုသာ မျက်နှာမူချိန်ပေါ့။ နေတော့ခြုံကြား စိတ်ကဘုံဖျားဆိုတော့ ခက်တယ်။ သွားရေးလာရေး ခက်တယ်။ စားရေးသောက်ရေး ခက်တယ်။ ကလေးတွေရဲ့ ပညာရေး ခက်တယ်။ အဲသလို ခက်ခဲနေတာကို ဖြေရှင်းပေးမယ့် ကယ်တင်ရှင်နတ်သားတွေ ပေါ်ထွက်လာပါတယ်။ ခေတ်သစ်ဝိသကြုံနတ်သားတွေပေါ့။ စီးပွားရေးကို ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပေမယ့် ပညာရေး၊ ကျန်းမာရေးဆိုတာ တစ်ဦးတစ်ယောက်တည်း ဖြေရှင်းလို့ရနိုင်တာ မဟုတ်ဘူး။ ပြည်သူ့ပညာရေး၊ ပြည်သူ့ကျန်းမာရေး အခန်းကဏ္ဍကို ပြောတာ။ NUG အစိုးရက တတ်နိုင်သလောက် ဖြေရှင်းပေးတယ်။ ဒီအပြင် တခြားတခြားသော စွမ်းနိုင်သူတွေကလည်း စုပေါင်းအင်အားနဲ့ ဆောင်ရွက်လာကြတယ်။ ကျွန်တော့်ကလေးတွေကို NUG ကျောင်းတွေမှာ အပ်ထားပေးလိုက်တယ်။ အိုးမကွာအိမ်မကွာ အေးဆေး။ မဟုတ်ရင် အိမ်အပြင်ထွက်တိုင်း ရင်တထိတ်ထိတ် မဟုတ်လား။ သွေးဆေး သောက်နေရမယ်။

ကျွန်တော်က အစကတော့ စီဒီအမ်ဂရုထဲမှာပဲ ခင်ရာမင်ရာ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အားလုံး ဖေးမကူညီကြပါတယ်။ ဒီအကြောင်း စာတစ်တန်ပေတစ်တန် ရေးဖူးပါတယ်။ နောက်တော့ အစ်မတစ်ယောက်က “ တယ်လီကျန်းမာ” ဆိုတာကို ညွှန်းလာတယ်။ ဖေ့စ်ဘုတ်ပေါ်က ပေ့ချ်တစ်ခု။ မက်ဆင်ဂျာမှာ သွား “ ဟိုင်း” တယ်ဆိုရင်ပဲ ချက်ချင်း အကြောင်းပြန်တယ်။ အဲတစ်ခုက စိတ်ချမ်းသာစရာ။ လူနာပြလိုသလား မေးတယ်။ ဘာကြောင့် ဆေးခန်းလာပြသလဲ မေးတယ်။ ဆေးခန်းတုံကင် ယူပေးတယ်။ ဆရာဝန်နဲ့ပြဖို့ တယ်လီဂရမ်လင့်ချ်တစ်ခု ချပေးတယ်။ ဆေးခန်းပြပုံပြနည်း သင်ပေးလိုက်တယ်။ ကိုယ်က ပေးလာတဲ့ လင့်ချ်ကိုနှိပ်၊ ရောက်သွားတဲ့ ဆေးခန်းမှာ အသာပြလိုက်ရုံပဲ။ အဲလို လူနာပြတယ်။ လိုအပ်ရင် အထူးကုဆရာဝန်ကြီးတွေနဲ့ လွှဲပေးတယ်။ ဆေးမှတ်တမ်းဟောင်းတွေ တောင်းတယ်။ လိုအပ်ရင် သွေးစစ်ဆီးစစ်ခိုင်းမယ်။ ရက်ချိန်းနဲ့ ပြန်ပြမယ်။ အဲလို ပြလိုက်တော့ ဆေးမှတ်တမ်းတွေလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားတယ်။ နောက်တစ်ခါ ပြရင် သိပ်လွယ်တယ်။ လူနာအမှတ် ဘယ်လောက်ဘယ်လောက်ပါ။ “ ရက်ချိန်းပြချင်လို့” ဒီလို မက်ဆင်ဂျာမှာ သွားပြောရုံပဲ။ သဘောကောင်းလွန်း လွယ်လွန်းလို့ ထစ်ကနဲရှိ ဆေးခန်းသွားပြတော့တာပဲ။ ဆရာ ဆီးနည်းသွားပြီ ထင်တယ်။ ခြေဖမိုးလေး နည်းနည်းအမ်းလာလို့။ ဒါမျိုးတွေ။

အပြင်ဆေးခန်းမှာပြကြည့် စောင့်ဦး တစ်နာရီနှစ်နာရီလောက်။ ဘယ်သူနဲ့ ပြမလဲ။ အဲဆရာဝန်ကြီးက ဒီဆေးခန်းမှာ မထိုင်တော့ဘူး။ ဘယ်ဆရာဝန်နဲ့ ပြပါ။ အယ်လယ့်။ လက္ခဏာရှိရှိ မရှိရှိ သွေးစစ်ဆီးစစ်၊ သလိပ်စစ်၊ ဓာတ်မှန်ရိုက်၊ အာထရာဆောင်းဆွဲ။ ကိုဗစ်ကာလတုန်းကများ သွားတိုင်း နှာခေါင်းအထိုးခံရ၊ ကိုဗစ်စစ်တာတဲ့။ သုံးသောင်း ပက်ခနဲပဲ။ ဆရာဝန်ကြီးနဲ့ (၅) မိနစ်လောက်တွေ့ရဖို့ မနက်အစောကြီး ထသွားရတယ်။ ခုလို အစစ်ကြမ်းတဲ့ ဂိတ်တွေများ ဖြတ်ရမယ် ဆိုရင် မတွေးရဲစရာ။ မထင်ရင် သေနတ်စာမိဦးမယ်။ အဲ သူတို့ဆေးခန်းက ဆေးမဝယ်ရင် လူနာမှတ်တမ်းထဲ “ ဆေးမယူ” “ ဆေးအပြည့်မယူ” ဆိုတဲ့ တံဆိပ်တုံးကြီး ထုပေးလိုက်သေးတာ။ ဆရာဝန်ကြီးနဲ့ တိုင်ပြောတာလားမသိ။

အခုများ သိပ်လွယ်။ ခင်ဗျားသိလား အခုများ အေးဆေး….။

လင်းလက်နွေဦး
၃.၁.၂၀၂၅ ညနေ ၃:၅၁

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here