ခန္ဓာကိုယ်ရဲ့အဓိကလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တာနဲ့ အသက်ရှင်ဖို့ရာမှာ အဆုတ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်တာကြောင့် အဆုတ် ကျန်းမာအောင် လုပ်ရမယ့်နည်းလမ်းတချို့ကို ပြောပြပေးပါမယ်။

.

(၁) ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်ရောဂါ စတာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဆေးလိပ်ငွေ့တွေက လေပြွန်လမ်းကြောင်းကို ကျဉ်းစေပြီး အသက်ရှူရခက်စေတာကြောင့် နာတာရှည်လေပြွန်ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ အဆုတ်တစ်သျှူးတွေ ပျက်စီးလာပြီး ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆေးလိပ်စွဲသောက်တဲ့သူတွေ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

.

(၂) အိမ်တွင်း (သို့) လုပ်ငန်းခွင်အတွင်း လေထုညစ်ညမ်းတာကို ရှောင်ပါ။

ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသူတွေ၊ ဓာတုငွေ့တွေ၊ ဖုန်မှုန့်အညစ်အကြေးထူထပ်တဲ့နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေမှာ အဆုတ်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ အဲ့ဒါကြောင့် လေထုညစ်ညမ်းမှုများတဲ့နေရာတွေ ဆေးလိပ်သောက်တတ်တဲ့သူတွေ အနားမှာ မနေဘဲ ရှောင်ရှားသင့်သလို လေထုညစ်ညမ်းတဲ့နေရာမျိုးမှာ အလုပ်လုပ်နေရသူတွေ အနေနဲ့လည်း လိုအပ်ပါက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

.

(၃) ညစ်ညမ်းသောပြင်ပလေထုနဲ့ ထိတွေ့နှုန်းကို တတ်နိုင်သမျှ လျှော့ချပါ။

မြန်မာနိုင်ငံရဲ့ လေထုကတော့ အတော်တန်ညစ်ညမ်းတဲ့ထဲမှာ ပါဝင်ပါတယ်။ အမှိုက်မီးရှို့တာတွေ၊ စက်ရုံကစွန့်ပစ်အညစ်အကြေးတွေ၊ ကားမီးခိုးငွေ့ စတာတွေဟာ လေထုညစ်ညမ်းစေတဲ့အကြောင်းအရင်းတွေဖြစ်တာကြောင့် လူထူထပ်တဲ့နေရာတွေ၊ လေထုညစ်ညမ်းနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံနေရာတွေကို ရှောင်ရှားသင့်ပါတယ်။

.

(၄) ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပါ။

အအေးမိတာ၊ အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်တာတွေဟာ တစ်ခါတလေ ရောဂါလက္ခဏာ ပြင်းထန်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို ရောဂါပိုးမွှားကူးစက်ခြင်းမှ ကာကွယ်ဖို့…

* လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးပါ။ အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်များလည်း သုံးနိုင်ပါတယ်။

* တုပ်ကွေးရာသီတွေမှာ လူထူထပ်တဲ့ နေရာတွေသွားတာကို ရှောင်ရှားပါ။

* ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် သွားတိုက်ပြီး ၆ လ တစ်ခါလောက် သွားစစ်ဆေးမှုလည်း ပြုလုပ်သင့်ပါတယ်။

* နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးသင့်ပြီး အဆုတ်ရောင်ကာကွယ်ဆေးထိုးဖို့ လိုမလိုကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ အဆုတ်ကိုပြင်းထန်စွာတိုက်ခိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးထားရပါမယ်။

.

(၅) ပုံမှန်ဆေးစစ်တာ၊ ကျန်းမာရေးစစ်ဆေးတာ လုပ်ဆောင်ပါ။

အဆုတ်ရောဂါအများစုက ရောဂါမဆိုးရွားခင်အထိ ဘာလက္ခဏာမှ မပြတတ်လို့ ကြိုတင်ဆေးစစ်ပြီး ရောဂါတွေ့ရှိပါက စောစောစီးစီး ကုသမှုခံယူထားမယ် ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရတော့ပါဘူး။

.

(၆) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

အဆုတ်ကျန်းမာအောင် အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးရပါမယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့အခါမှာ တရားမှတ်သလို ရှူသွင်း၊ ရှူထုတ်လုပ်ပေးနိုင်သလို အဆုတ်အားကောင်းအောင် ဘောလုံးမှုတ်တာ၊ အဆုတ်အားကောင်းအောင် အသုံးပြုတဲ့ ကိရိယာ (Spirometer) နဲ့ လေ့ကျင့်ခန်းလုပ်တာတွေလည်း လုပ်နိုင်ပါတယ်။

Reference: ????

https://www.lung.org/lung…/wellness/protecting-your-lungs

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here