ဒီတစ်ပတ်မှာတော့ အစ္စလာမ်ဘာသာ၀င်တွေရဲ့ အထွတ်အမြတ်လဖြစ်တဲ့ ဥပုသ်လမှာ ကျန်းမာရေးနဲ့ ပိုသင့်တော်အောင် ဘယ်လို စားသောက်ပြုမူကြမလဲ ဆိုတာကို အခြေခံအချက် (၁၀) ချက်နဲ့ ပြောပြပေးသွားမှာပါ….

.

၁။ အရည်များများသောက်ပါ

ပဲဟင်း (ဟာလင်မ်) ကို သောက်တာဟာ ရေဓာတ်လည်းရသလို ကစီဓာတ်နဲ့ ပရိုတင်းပါ လုံလောက်စွာရရှိစေနိုင်တာကြောင့် ကျန်းမာရေးအတွက် လွန်စွာကောင်းပါတယ်။

ဥပုသ်လမှာပဲရတဲ့ အစားအစာတွေဟာ အခြားဘာသာဝင်တွေပါ ကြိုက်နှစ်သက်ရတဲ့အထိ ကောင်းမွန်ပါတယ်။ ဥပမာ – ပဲသုတ်၊ ဟာလင်မ်၊ ကြက်ကောင်လုံးပေါင်း (အခါရ်မွရ်ကီး) စသဖြင့်ပါ။

အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်စောင့်တဲ့အခါ ရေမသောက်ရတာကြောင့် အခုလို နွေရာသီနဲ့ ဝါတွင်းတိုက်တဲ့အခါ ရေဓာတ်ခမ်းခြောက်တာဟာ အင်မတန်ဖြစ်လွယ်ပါတယ်။ အပူရှပ်တာ၊ သတိလစ်တာနဲ့ တခြားအရေးပေါ်အခြေအနေတွေမှာ ကျန်းမာရေးအရ ဆရာဝန်က ရေသောက်ဖို့ ညွှန်ကြားရင် (ဒါမှမဟုတ်) ဥပုသ်ဖျက်ဖို့ လိုအပ်လာရင် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကြန့်ကြာမှုမရှိဘဲ ရယူဖို့ တိုက်တွန်းချင်ပါတယ်။

ဝါမပိတ်ခင် စားသောက်တဲ့အခါ အရည်များများလည်း ထည့်သောက်ပေးပါ။

.

၂။ အသီးအရွက်တွေ (vegetables)

ဥပုသ်လမှာ အသီးအရွက်တွေ သိပ်မစားဖြစ်ကြပါဘူး ….

ဝါမဝင်ခင် တစ်နပ်နပ်မှာဖြစ်ဖြစ် ဝါထွက်ချိန်မှာဖြစ်ဖြစ် ဟင်းသီးဟင်းရွက် တစ်ခုခု ထည့်စားပေးဖို့မမေ့ပါနဲ့။ ဒါမှ အစာကြေလွယ်တာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ရတာပေါ့။ ကန်စွန်းရွက်ကြော်လို အရွက်မျိုးမစားဖြစ်လည်း အခြားဟင်းသီးတွေဖြစ်တဲ့ အာလူး၊ မုန်လာဥနီ စတာတွေကို အသီးစုံဟင်းပုံစံချက်ပြီး ချပါတီနဲ့ စားတာမျိုး လုပ်နိုင်ပါတယ်။

.

၃။ whole grain

ဆန်လုံးညို၊ ဂျုံလုံးခေါက်ဆွဲ၊ ပေါင်မုန့်ကြမ်း၊ ဂျုံလုံးပေါင်မုန့်များနဲ့ အာလူး စတာတွေဟာ whole grain တွေဖြစ်လို့ ဗီတာမင်ကြွယ်ဝပြီး အမျှင်ဓာတ်ပိုမိုပါဝင်လို့ စားသင့်ပါတယ်။

.

၄။ ပရိုတင်းဓာတ်ကြွယ်၀ဖို့

အသားရွေးချယ်တဲ့အခါ အဆီနည်းတဲ့အသားကို ရွေးပါ။ ကြက်ရင်ပုံ၊ အမဲသား မိုးခိုသား၊ အဆီမပါတဲ့ အသား၊ ငါး၊ ပုဇွန်နဲ့ ပင်လယ်စာအမျိုးမျိုးကို ပိုရွေးချယ်ပါ။ အမဲသားဆို အရွတ်လေးနဲ့မှတို့၊ သူ့အဆီနဲ့သူချက်မှ ပိုကောင်းတာတို့၊ အမဲခေါက်ကြော် စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

မြင့်မြတ်တဲ့ ဥပုတ်လမှာ မိမိကျန်းမာရေးကို ပိုမို ဂရုစိုက်ပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစားတွေကို ချင့်ချိန်စားသုံးခြင်းက တရားတော်(စွန္န်) နဲ့ ညီညွတ်ပါတယ်။ အသားဓာတ်ကို နို့အေး၊ ဒိန်ချဉ်၊ ပဲနဲ့ပြုလုပ်တဲ့ အစားအစာတွေကလည်း ရရှိနိုင်ပါတယ်။

.

၅။ ဆီလျှော့စား

ပြည့်ဝဆီတွေ၊ စားအုန်းဆီတွေ၊ ပြန်ကြော်ဆီတွေ အသုံးပြုပြီး ကြော်လှော်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

အကြော်စုံ စားချင်ရင်လည်း အိမ်မှာ ဆီသန့်သန့်နဲ့ ကြော်ရင် ပိုကောင်းပါတယ်။ ဆိုင်မှဝယ်စားတယ်ဆိုရင် တစ်ခု နှစ်ခုထက် ပိုမစားသင့်ပါ။

၆။ မလောနဲ့ !

ဝါထွက်တဲ့အခါ ဗိုက်ဆာဆာနဲ့ အလျင်စလို အလောတကြီး မစားပါနဲ့။ အကြာကြီး မစားဘဲနေထားပြီး ရုတ်တရက် အများကြီး စားလိုက်တဲ့အခါ သွေးတွင်း ဂလူးကို့စ် အတက်အကျ တအားမြန်သွားတာကြောင့် နုံးတာ၊ ခေါင်းကိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဝါဖြည်တဲ့အခါ စွန်ပလွံသီး ၂ လုံးလောက် စားပြီးမှ အခြားအစားအစာ အနည်းငယ် စားပါ။ ဒီ့နောက် ဘုရားဝတ်ပြုကိုးကွယ်ပြီး နောက်တစ်ကြိမ် ထပ်စားပါ။ ဒီလို ဖြေးဖြေးချင်း အချိန်ယူစားတာက ပိုသင့်တော်ပါတယ်။ အစာလည်း ပိုကြေသလို အများကြီးလည်း သိပ်မစားမိတော့လို့ ကိုယ်အလေးချိန်တက်တာကို တားနိုင်ပါတယ်။

ဥပုသ်ထွက်တဲ့အခါ ခါတိုင်းစားနေကျ ညစာ (နေ့လည်စာ ပိုများများစားဖြစ်တဲ့သူဆို နေ့လည်စာပေါ့) ပမာဏထက် မကျော်လွန်ပါစေနဲ့။

.

၇။ ဆိုဒီယမ်များတဲ့ အစားအစာတွေကို ရှောင်ပါ။

အစားအစာအရသာအတွက် ဆား၊ ပဲငံပြာရည် စတာတွေကို လျှော့ထည့်ပြီး ဟင်းခတ်အမွှေးအကြိုင်၊ မဆလာ၊ နံံနံစေ့၊ ငရုတ်ကောင်း စတာ​တွေ ပိုထည့်ရင် အရသာမပေါ့စေဘဲ ဆိုဒီယမ်ပါဝင်မှုလည်း လျော့ကျစေတာမို့ နောက်တစ်နေ့ ရေ တအားဆာတာကို ကုစားနိုင်ပါတယ်။

.

၈။ ချင့်၀ယ်

(သွေးတွင်း အချိုဓာတ်ကျနေတဲ့အချိန်) ဗိုက်ဆာနေတဲ့အချိန်မှာ မြင်မြင်သမျှ ပိုဝယ်မိပါတယ်။ ဝယ်ထားတာတွေ ပစ်ရမှာ နှမြောပြီးလည်း အတင်းဖြစ်ညှစ် ကုန်အောင်စားမိတတ်ကြပါတယ်။

မုန့်စျေးတန်းပတ်တဲ့အခါ စားဖြစ်မယ့်အစားအစာတွေကို လူအရေအတွက်နဲ့ ကိုက်ဝယ်ပါ။ ကြိုက်ကြတယ်ဆိုရင် နောက်နေ့ ထပ်ပိုဝယ်လို့ ရပါတယ်။ ဗိုက်ပြည့်သွားပြီး မကုန်တဲ့အခါ ဝေငှလို့ရတာကို အိမ်နီးချင်းတွေကို ဝေငှပါ။

.

၉။ သကြားဓာတ်များတဲ့ အစားအစာတွေကို ရှောင်ပါ။

အချိုပွဲတွေ စားတာထက် သစ်သီးတွေကို ရွေးစားပါ။ နွေရာသီ ပူအိုက်ခြင်းအတွက် သစ်သီးဝလံတွေဟာ အရည်ဓာတ်လည်း ရသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်းပါလို့ ကြွက်တက်တာနဲ့ ရေဓာတ်ခမ်းခြောက်တာကို ကာကွယ်နိုင်ပါတယ်။ ဖျော်ရည်အဆီတွေ သောက်တာထက် ရေသောက်တာနဲ့ အသီးစားတာက ပိုကောင်းပါတယ်။

၁၀။ တက်ကြွမြဲ တက်ကြွဆဲနေပါ

ကိုယ်လက်လှူပ်ရှားမှု အသေးစားတွေ လုပ်ပါ။ ပန်းပင်ရေလောင်းတာ ၊ မီးဖိုချောင်မှာ ချက်ပြုတ်တာတွေအပြင် ဘုရားရှိခိုးမှုတွေကလည်း ကိုယ်လက်လှုပ်ရှားမှုတွေပါပဲ။

လေ့ကျင့်ခန်း အလွန်ပြင်းပြင်းထန်ထန်လုပ်ဖို့ အားမပေးပါ။ နေဝင်ပြီးချိန်လည်း ခပ်သွက်သွက် လမ်းလျှောက်ကြည့်နိုင်ပါတယ်။

———————–။ ။————————

.

ရောဂါအခံရှိသူတွေအနေနဲ့ ဘာသာရေးမှ ကင်းလွတ်ခွင့်ရှိပေမယ့်လည်း ဥပုသ်စောင့်ဖို့ စိတ်ဆန္ဒပြင်းပြနေရင် ဆရာ၀န်နဲ့ သေချာတိုင်ပင်ဖို့လိုပါတယ်။

.

နှလုံးရောဂါရှိသူတွေအတွက် >>

နှလုံးရောဂါရှိနေပေမယ့်လည်း ရောဂါကိုထိန်းထားနိုင်တဲ့ လူနာတွေဟာ ဥပုသ်စောင့်တဲ့အခါ သိသိသာသာ အန္တရာယ်မရှိကြောင်း သုတေသနတွေက ဆိုပါတယ်။ အစာရှောင်ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ပိုကောင်းစေပါတယ်။

.

ဆီးချိုရောဂါရှိသူတွေအတွက် >>

အမျိုးအစား (၁) ဆီးချိုရောဂါရှိသူတွေ ဥပုဒ်စောင့်ဖို့ ရည်မှန်းထားရင်တော့ ဆရာဝန်ရဲ့ သင့်/မသင့် အကြံပြုချက် လိုအပ်ပါတယ်။ ဝါတွင်းမှာ ဘယ်လိုဆေးချိန်မယ်ဆိုတာကို ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ပါ။

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေကတော့ ဆေးဝါးတွေကို အချိန်ပြောင်းတာတို့၊ ဆေးပမာဏ ချိန်တာတို့ လုပ်ဖို့လိုပါတယ်။ ယေဘုယျအားဖြင့်တော့ ဥပုသ်စောင့်နိုင်ပါတယ်။ အချိုရည်နဲ့ အသီးအနှံတွေ လွန်ကဲစွာ မစားမိဖို့လည်း လိုအပ်ပါတယ်။

ဆီးချိုရောဂါသည် ကိုယ်ဝန်ဆောင်နေရင်တော့ ဥပုသ်စောင့်တာ မပြုသင့်ပါ။ စိတ်ပြင်းပြနေရင်တော့ ဆရာဝန်နဲ့ အသေးစိတ်ပြပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေတဲ့ အမျိုးသမီးတွေဟာ ကင်းလွတ်ခွင့်ရှိပြီး ဆရာဝန်အများစုက မစောင့်စေချင်ပါ။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်အချို့ အစာရှောင်ဖို့ ဆုံးဖြတ်ရင်တော့ မိခင်ရောကလေးပါ ကျန်းမာနေစေဖို့အတွက် ကြိုတင်သတိထားမှုတွေ ပြုလုပ်သင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့နဲ့ အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားဖို့ အလွန်အရေးကြီးပါတယ်။ အလွန်အကျွံ ကိုယ်လက်လှုပ်ရှားမှုမှန်သမျှကို ရှောင်ကြဉ်ပါ။ ကလေးသိပ်မလှုပ်တာ၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာ၊ ပျို့အန်တာ၊ မူးဝေတာ (ဒါမှမဟုတ်) အော့အန်တာတွေကို သတိပြုမိရင် အမြန်ရပ်ပြီး သင့်ဆရာဝန်ထံ ချက်ချင်းအကြောင်းကြားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

..

..

*** ကျန်းမာပျော်ရွှင်သော မတရားမှုကို တော်လှန် သော ရမ်ဇာန်ဖြစ်ပါစေ ***

Reference:

https:// www. uclahealth. org /news/healthy-tips-for-ramadan

UCLA HEALTH : healthy tips for ramadan

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here