သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။
သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။
…
…
ကိုလက်စထရောဟာ တိရစ္ဆာန်ကရတဲ့ အစားအစာတွေမှာသာ ပါ၀င်ပါတယ်။ အထူးသဖြင့် တိရစ္ဆာန်အဆီတွေမှာပါ။ ဒီတော့ အသီးအရွက်များများစားပြီး အသားတွေ၊ အဆီတွေ၊ အကြော်တွေ လျှော့စားသင့်တာလို့ အလွယ်မှတ်ရင်တော့ရပါတယ်။
ရှောင်သင့်တာ၊ လျှော့သင့်တာတွေက…
- ၀က်အူချောင်း၊ ကြက်အူချောင်း၊ အသားပြားတို့လို အသင့်စားတာရှည်ခံအထုပ်တွေက အသားမျိုးတွေ
- အသားလုံးတွေ (မိမိဘာသာ အသားကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး လုပ်တာမဟုတ်ဘဲ စျေးကွက်ထဲက အသင့်စားတွေကို ဆိုလိုတာပါ)
- တိရစ္ဆာန်အဆီ၊ အရေပြား၊ အခေါက်၊ အဆီဖူး၊အမဲတို့ ၀က်တို့ရဲ့ ဂုတ်သား၊ နံရိုးများ
- အနီရောင်ရှိတဲ့အသားစိမ်းတွေမှာ အသားမှာ အဖြူမြောင်းတွေတွေ့ရတဲ့ အသားမျိုးစားခြင်း
- အသားတုတ်ထိုး (အမဲသားတုတ်ထိုး၊ ၀က်သားတုတ်ထိုး)
- ကလီစာတွေ
- အကင်၊ မူကထ၊ ဟော့ပေါ့၊ ဘီဘီကြူးလုပ်စားလို့ကောင်းတဲ့ အသားအများစု၊ ဆိုင်ရောင်းအများစု
ဒါတွေက ကိုလက်စထရောပါ၀င်မှုများတဲ့ အသားတွေဖြစ်တတ်ကြပါတယ်။
…
…
တကယ်တော့ အသားကိုလျှော့စားတယ်ဆိုတာထက် ရွေးချယ်မှုမှန်ကန်စွာ ရွေးမယ်ဆိုရင်တော့ ကိုလက်စထရောလည်းမတက်၊ အသားဓာတ်လည်းမချို့တဲ့ ဖြစ်မှာပါ။ ဘယ်လိုရွေးချယ်သင့်လဲဆိုတော့…
- နီရောင်ရှိတဲ့ အသားတွေဖြစ်တဲ့ အမဲသား၊ ၀က်သား၊ ဘဲသားတို့ကို တစ်ပတ်မှာ ၃ ရက်လောက်ထက် ပိုမစားတာမျိုးလုပ်သင့်ပါတယ်။
- ကြက်ဥအနှစ်တွေ တစ်ပတ်မှာ ၃-၄ လုံးထက်မပိုတာ ပိုကောင်းပါတယ်။
- အသား၀ယ်ပြီဟေ့ဆိုလည်း ဖြစ်နိုင်ရင်အဆီနည်းတဲ့ အသားအစိတ်အပိုင်းမျိုး၀ယ်ပါ။
-ချက်ပြုတ်ပြင်ဆင်တဲ့အခါ မြင်ရတဲ့ အဆီတွေကိုဖယ်ထုတ်ပါ။
- ချက်ရင်းနဲ့ အဆီတွေဝေ့လာရင် ခပ်ထုတ်ပါ။ ဥပမာ အမဲသားပြုတ်တို့၊ အမဲသားဟင်းတို့ဆို ချက်ပြီးအေးသွားရင် အပေါ်မှာအဆီတစ်လွှာ ခဲသွားတာတွေ့ရမှာပါ။ အဲဒီလိုတွေ့ခဲရင် ပြန်မနွှေးခင် အရင်ဖယ်လို့ရတာကို ဖယ်ဖို့လို့ပါတယ်။
- ပင်လယ်စာတွေ၊ ပုဇွန်ခေါင်းတွေဟာလည်း ကိုလက်စထရောပါ၀င်မှု များပါတယ်။ အလွန်အကျွံမစားရင်ရပါတယ်။ နေ့စဥ်ရက်ဆက် စားတာမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံ ပင်လယ်စာစားတာမျိုးဆိုရပါတယ်။
- ငါးကိုပိုစားပေးပါ။ ငါးက အဆီကိုပါစားလို့ရပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်လောက်အနည်းဆုံး ငါးထည့်စားသင့်ပါတယ်။
- ပဲအမျိုးမျိုး ပိုစားပါ။
- ဟင်းချိုပိုလုပ်သောက်ပါ။ အသီးအရွက်ကို ယခင်ထက် ၂ ဆပိုထည့်ပါ။
- ဆီနဲ့နှစ်ကြော်တာထက် ကင်တာ၊ ပြုတ်တာမျိုးပိုရွေးချယ်ပါ။
- အုန်းဆီ၊ စားအုန်းဆီ၊ ပြန်ကြာ်ဆီတွေ မသင့်တော်ပါ။
- လက်ဖက်ရည်ဆိုင်ကမုန့်တွေ စမူဆာ၊အီကြာကွေး၊ ပတ်ဖ်၊ ဘဲသားမုန့် စတာမျိုးတွေက ဆီပါ၀င်ပါတယ်။ အထူးသဖြင့် အသွင်ပြောင်းဆီတွေဖြစ်လို့ မကောင်းပါ။ နံပြားလို ဆီမပါတဲ့ ရွေးချယ်မှုမျိုး၊ ထမင်းနဲ့ဟင်းစားတာ၊ ထမင်းကြော်စားတာမျိုး ပိုရွေးချယ်ပါ။
- ပိုရွေးသင့်တာတွေက လတ်ဆတ်တဲ့အသား၊ ကြက်သား၊ ငါး၊ အသီးအနှံ၊ အရွက်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ အဆီနည်းတဲ့နို့နဲ့ဒိန်ချဥ် စတာတွေပဲဖြစ်ပါတယ်။
…
…
အဆုံးသတ်ပြောချင်တာကတော့ အစားလည်းဆင်ခြင်၊ လမ်းလည်းပိုလျှောက်၊ လှုပ်ရှားမှုလုပ်နိုင်သလောက်လေးပိုလုပ်ပြီး ဆရာ၀န်ပေးထားတဲ့ ဆေးတွေကို သေချာသောက်မှ သွေးတွင်းကိုလက်စထရောက လိုချင်တဲ့အနေအထား (target) ကို ရောက်မှာပါ။ ဒီတော့မှ ရေရှည်မှာ နာတာရှည်ဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေနဲ့ဆိုးကျိုးတွေကို လျော့ကျစေပြီး ကျန်းမာမှာမို့ မိမိကိုယ်မိမိ ဂရုစိုက်ခြင်းအားဖြင့် အကောင်းဆုံးရင်းနှီးမြုပ်နှံပေးပါ။
ဒါမှသာ ဖက်ဒရယ်မြန်မာနိုင်ငံသစ်မှာ ကျန်းမာစွာနဲ့ ပြန်ဆုံနိုင်ကြမယ် မဟုတ်ပါလား….။
အာဟာရဆရာဝန်တစ်ဦး
Telekyanmar
Reference: 📖
https:// my. clevelandclinic. org /health/articles/16867-cholesterol–nutrition-tlc
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.