သန္ဓေတားထိုးဆေး

0
620

သန္ဓေတားဆေး ထိုးဆေး (သုံးလခံထိုးဆေး)

Inj: Depo.M (MPA)

=============================

Medroxyprogestrone acetate 150 mg ပါ ထိုးဆေးပုလင်းများအဖြစ် လာပါသည်။ တချို့တံဆိပ်များတွင် 3 ml ပါပြီး တချို့တွင်တော့ 1 ml ပါပါသည်။ သို့ရာတွင် ပါဝင်သော ဆေးပမာဏကတော့ 150 mg ချည်းပါပဲဗျ။

တချို့လူနာများက 1 ml ပုလင်းကို ကြိုက်ကြပါသည်။ ဆေးရည်ပမာဏနည်းတော့ အနာသက်သာလို့ပါတဲ့။ ကျွန်တော်ကတော့ 3 ml ပါပုလင်းများကို ပိုကြိုက်ပါသည်။ စဉ်းစားကြည့်ပါ။ 1 ml ထဲမှာ 150 mg နှင့် 3 ml ထဲမှာ 150 mg။ ပုလင်းထဲကနေ ဆေးထိုးပြွန်ထဲ စုပ်ယူတဲ့အချိန် 0.1 ml လောက် အလေအလွင့် ဖြစ်သွားရင် 1 ml ပုလင်းတွေက ဆေး 15 mg လေလွင့် သွားစေမှာဖြစ်ပြီး 3 ml ပုလင်းတွေကတော့ ဆေး 5 mg သာ လေလွင့်မှာဖြစ်ပါတယ်။ အလေအလွင့်အတွက် အပိုဆောင်း ထည့်ပေးထားလေ့တော့ ရှိပါတယ်။ ဆေးပမာဏ လျော့ကျသွားလို့ သုံးလမကာကွယ်လျှင် ကြားကာလမှာ လူနာဗိုက်ကြီးသွားမှာစိုးလို့ပါ။

ဆေးမစုပ်မီ ဆေးပုလင်းကို သေချာလှုပ်ပေးရပါမယ်။ အနာသက်သာဖို့ကတော့ ဆေးစုပ်တဲ့အပ်ကတစ်ချောင်း၊ လူနာကိုထိုးတဲ့အပ်ကတစ်ချောင်း သုံးပါတယ်။

ပြီးတော့ ကျွန်တော်တို့ ဆေးပညာမှာ တစ်လဆိုတာ ၂၈ ရက်ကို ဆိုလိုတာပါဗျ။ သုံးလခံ သန္ဓေတားထိုးဆေးဆိုတာ ၂၈ ရက် သုံးကြိမ်ပြည့်တိုင်း ပြန်ထိုးရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ပြက္ခဒိန်လနဲ့ဆို တစ်ပတ်၊ မြန်မာလနဲ့ဆို ၄ ရက် ကြိုထိုးရပါတယ်။ ဥပမာ မတ်လ ၁၀ ရက်နေ့က ထိုးထားရင် ကလေးမယူချင်သေးဘူးဆိုရင် နောက်တစ်ကြိမ် ဆေးပြန်ထိုးရမယ့်ရက်သည် ဇွန်လ ၃ ရက်နေ့ဖြစ်ပါတယ်။ ကျွန်တော် ဆေးခန်းထိုင်တုန်းကတော့ ကလေးမလိုချင်သေးလျှင် နောက်တစ်ကြိမ် ပြန်ထိုးရမည့်ရက်ဆိုပြီး တစ်ခါတည်း ရေးပေးလိုက် တွက်ပေးလိုက်ပါတယ်ဗျ။ ဘာလို့ အသေးစိတ်ပြောရသလဲဆိုတော့ ဒီထိုးဆေးက ကိုယ်ဝန်တားသူအများစု အသုံးပြုနေတဲ့ နည်းလမ်းတစ်ခု ဖြစ်လို့ပါ။

LARC (long acting reversible contraception) တစ်ခါသုံးထားရုံနဲ့ ကြာကြာခံသော၊ ကရိကထ မများသော၊ ကလေးပြန်လိုချင်လျှင်လည်း ပြန်ရနိုင်သော သားဆက်ခြားနည်းတွေထဲက လူတိုင်းလက်လှမ်းမီတဲ့ နည်းတစ်ခုဖြစ်လို့ပါ။ သုံးလတစ်ခါ ဆေးခန်းသွား ‌တားဆေးထိုးချင်လို့ပါလို့ ပြောလိုက်ရုံပဲ။ ခုခေတ်ဈေးနဲ့တောင် ဆေးဖိုးရော ဝါးခပါအပါအဝင်မှ ငါးထောင်လောက်ပါပဲ။ ယောင်္ကျားပါစရာမလို၊ လက်ထပ်စာချုပ် ပြစရာမလိုပါဗျ။ ပြီးရင် သုံးလလုံးလုံး (၂၈ ရက် သုံးခါကို ပြောတာနော်) ရက်ရှောင်စရာမလို၊ အိပ်ရာပေါ် ပန်းစရာမလို၊ condom သုံးစရာမလို၊ ဆေးသောက်မေ့မှာ ပူစရာမလိုလေ။ အဲဒါကြောင့် အသုံးအများဆုံးလို့ ပြောတာ။ ဟုတ်တယ်ဟုတ်။

ဘယ်သူတွေ သုံးသင့်လဲဆိုရင်…

၁။ နို့တိုက်မိခင်တွေ သုံးသင့်ပါတယ်။ သူက ပရိုဂျက်စတီရုန်း တစ်မျိုးတည်းသာ ပါဝင်သည့်အတွက် နို့ထွက်ခြင်းကို အနှောက်အယှက်မပြုပါ။

၂။ ကိုယ်ဝန်ရဖူးပြီးသား အမျိုးသမီးများ နောက်ထပ်ကိုယ်ဝန်မရအောင် တားရာတွင် အသုံးပြုပါသည်။

တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးသူများ ဤဆေးထိုးလျှင် ကိုယ်ဝန်လိုချင်သောအချိန်တွင် ဆေးရပ်ပြီး ကိုယ်ဝန်ရရန် အများဆုံး တစ်နှစ်ခွဲ၊ နှစ်နှစ်အထိ စောင့်ရတတ်ပါသည်။

ဘယ်နေ့စထိုးရမလဲတဲ့။

• သားသည်နို့တိုက်မိခင်များ မီးနေထွက်ပြီး ယောင်္ကျားနှင့် အတူပြန်မနေမီ ဆေးကြိုထိုးရပါမည်။

• ယခုမှ စထိုးမည့်သူများ ကိုယ်ဝန်ရှိမနေဟု ဆီးစစ်သေချာပါက မည်သည့်နေ့တွင်မဆို စထိုးနိုင်ပါသည်။ ထိုးပြီးပြီးချင်း ချက်ချင်းကာကွယ်နိုင်ပါသည်။

• အရေးပေါ် သန္ဓေတားနည်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ လွန်ကျူးမိပြီး ၇၂ နာရီအတွင်း စောနိုင်သမျှ စောစွာထိုးပါက အရေးပေါ်တားနည်း ဖြစ်သွားပါသည်။ နောက်သုံးလလည်း ကာကွယ်ပါသည်။

ဘေးထွက်ဆိုးကျိုးအနေဖြင့် တချို့တွင် အသားမည်းသွားတတ်ပါသည်။ ဘယ်သူမည်းသွားမလဲ ကြိုတင်ခန့်မှန်းစရာ နည်းလမ်းမရှိပါသဖြင့် သမ္ဗေသတ္တာ ကံမသကာပေါ့ဗျာ။ လူတိုင်းတော့ မည်းမသွားပါဘူး။ ဒါကြောင့် ကလေးတစ်ယောက်ရပြီးမှ သုံးခိုင်းသလားတော့ မသိပါဘူး။

ဝလာတတ်သည်ဟုလည်း ဆိုကြပါသည်။ အဲဒါကတော့ အစားအသောက်၊ အနေအထိုင်၊ ကိုယ်လက်လှုပ်ရှားမှု စသည်တို့ဖြင့်လည်း ဆိုင်နိုင်ပါသည်။ မိမိဘာသာ အစားကြူး၊ လေ့ကျင့်ခန်းလုပ်ရန်ပျင်းသည်ကို ဆေးအပေါ်ချည်း ပုံမချသင့်ပါဗျ။ သုံးလခံဆေးထိုးပြီး လှနေသူများကိုလည်း တွေ့ဖူးပါတယ်ဗျ။

အဓိကပြဿနာက ရာသီမမှန်စေခြင်း ဖြစ်ပါသည်။ ရာသီမမှန်ပုံ၊ မမှန်နည်း အမျိုးမျိုးရှိပါသည်။

၁။ လုံးဝ ရာသီမလာ‌တော့ခြင်း

၂။ လေး၊ ငါး၊ ခြောက်လကြာမှ တစ်ခါပြန်လာခြင်း

၃။ နှစ်လ၊ သုံးလနေမှ တစ်ခါပြန်လာခြင်း

၄။ တစ်လထဲ နှစ်ခါ၊ သုံးခါ ပြန်လာခြင်း

၅။ ဆေးထိုးပြီးသည်မှစ၍ နေ့စဉ် တစိုစိုလာနေခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ မိမိက ဘယ်လိုမမှန်တဲ့ထဲ ပါမလဲဆိုတာကလည်း ကြိုတင်ခန့်မှန်းစရာနည်း မရှိပါဗျ။

အချက် ၁ ၊ ၂ ၊ ၃ အတွက်ကတော့ ပြဿနာမရှိပါဗျ။ အလုပ်ရှုပ်သက်သာသည်။ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါကို ကာကွယ်သည်ဟု မှတ်ယူရန်သာ ရှိပါသည်။ နောက်တစ်ကြိမ် ဆေးထိုးရမည့်ရက်ကို သေချာမှတ်ထားပြီး ကလေးမလိုချင်သမျှ ရက်အတိအကျ ပြန်ပြန်ထိုးသွားရန် ဖြစ်ပါသည်။ ရာသီပြန်မပေါ်မချင်း ကလေးမရနိုင်ဟူသည်က အယူအဆ အမှားကြီး ဖြစ်ပါသည်။

ယောင်္ကျားယူလျင် အော်တိုမိတစ် ယောက္ခမ အပိုဆုရပါသည်။ သုံးလခံထိုးဆေးကို ယောင်္ကျားဟု မြင်ယောင်ကြည့်ပါ။ ရာသီမမှန်ခြင်းကို ယောက္ခမဟု မြင်ယောင်ကြည့်ပါ။

အချက် ၁ ၊ ၂ ၊ ၃ သည် ယောက္ခမ ကောင်းပါဗျ။

အချက် ‌၄ နှင့် ၅ ကတော့ ဆိုးပြီပေါ့ဗျာ။ ယောင်္ကျားနှင့် ပျော်ပျော်ရွှင်ရွှင် နေရမလားလို့ အိမ်ထောင်ပြုမိပါတယ်။ ယောက္ခမကြီးက ကာဆီးကာဆီးနဲ့ဆိုတော့ အဆင်မပြေတော့ဘူးပေါ့ဗျာ။

အဲဒီလို ရာသီတွေ ရက်ရှည်လာနေမယ် ဆိုရင်တော့ နီးစပ်ရာ သားဖွား၊ မီးယပ် ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး ရိုးရိုးသွေးတိတ်ဆေးများ သောက်သုံးခြင်း၊ သို့ အခြားသားဆက်ခြားနည်းတစ်ခုကို ပြောင်းလဲသုံးစွဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

LARC နောက်တစ်မျိုး လက်မောင်းအရေပြားအောက်ထည့်ရသည့် သန္ဓေတားဆေးတောင့် ရှိပါသေးသည်။ Implantnon ဟု ခေါ်ပါသည်။ Jadell, Lydia စသည့်တံဆိပ်များ လာပါသည်။ ဆေးတောင့်နှစ်တောင့် ထည့်ရပါသည်။ သုံးနှစ်ခံပါသည်။ ဤဆေးတောင့်များတွင်လည်း ပရိုဂျက်စတီရုန်း တစ်မျိုးတည်းသာ ပါဝင်ပါသည်။ ပါဝင်သော အမျိုးအစားမှာ Levonogestrol ဖြစ်ပါသည်။ သူကတော့ ထုံဆေးထိုးပြီးမှ လက်မောင်းအရေပြားအောက်သို့ ထိုးထည့်ရသည်ဖြစ်သောကြောင့် ကျွမ်းကျင်မှု ပိုမိုလိုအပ်ပါသည်။ ခေတ်ကောင်းစဉ်က ဤသင်တန်းကို အထွေထွေရောဂါကုဆရာဝန်များ၊ သားဖွားဆရာမများအထိ အားလုံးတတ်ကျွမ်းအောင် သင်တန်းအဆင့်ဆင့် ပေးနေပါပြီ။ ဂျပုကောင်ကြောင့် ရပ်ဆိုင်းသွားပြီ ဖြစ်ပါသည်။

Medroxyprogestrone acetate နှင့် Levonogestrol ပရိုဂျက်စတီရုန်း များချည်းသာ ဖြစ်ပါသည်။

သုံးလခံထိုးဆေး တင်ပါးတွင် ထိုးရသည်။ သုံးလသာ ခံသည်။ ဆေးခန်းတိုင်းတွင် အလွယ်တကူရနိုင်သည်။ ဈေးချိုသည်။

လက်မောင်းအရေပြားအောက်‌ထည့် ဆေးတောင့်။ ထုံဆေးအသုံးပြုပြီး ထည့်ရသည်။ သုံးနှစ်ခံသည်။ သင်တန်းဆင်းပြီးသူများသာ ထည့်ပေးနိုင်သည်။ ဈေးကြီးသည်။ ဤအချက်များသာ ကွာပါသည်။

မည်သူတွေ အသုံးပြုသင့်သလဲ။ မည်သူတွေ အသုံးမပြုသင့်ဘူးလဲ။ ဘယ်နေ့ စသုံးရမလဲ။ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။ အတော်များများက အတူတူပါပဲဗျ။ အထူးသဖြင့် သုံးလခံထိုးဆေးရဲ့ ရာသီမမှန်စေတာကို မကြိုက်လို့ဆိုပြီး လက်မောင်း အရေပြားအောက်ထည့်ဆေးတောင့် ပြောင်းထည့်မယ် မလုပ်ပါနဲ့။ ဘာဘူကြီးနဲ့ အရာကြီး ခပ်ဆင်ဆင်ပါဗျ။

ဆက်လက်ဖေါ်ပြပါမည်….။

ဒေါက်တာဝသုန်

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here