အတက်ရောဂါအမျိုးမျိုးရှိတဲ့အထဲကမှ Absence seizure ဆိုတဲ့ သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါအကြောင်းကို ဒီကနေ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရောဂါကတော့ လူကြီးတွေထက်စာရင် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ 
.

Absence seizure ဖြစ်တဲ့အခါမှာ ရောဂါရှင်ဟာ နေရာတစ်ခုကို သတိမရှိသလို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေတတ်ပါတယ်။ ပြီးမှ အလျင်အမြန် သတိပြန်ဝင်လာတာဖြစ်ပါတယ်။ အသက်အန္တရာယ်မရှိပေမယ့် ကားမောင်းနေတဲ့အချိန်လိုမျိုး၊ ယာဥ်ရထားတွေမောင်းနှင်နေတဲ့အချိန်လိုမျိုးမှာ သတိလွတ်ခဲ့ရင်တော့ ထိခိုက်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးရတာတွေ ဖြစ်လာနိုင်ပါတယ်နော်။

Absence seizure ရဲ့ လက္ခဏာတွေကတော့

  • ရုတ်တရက် လုပ်ကိုင်ပြုမူနေတဲ့အလုပ်တွေ ရပ်သွားတာ
  • လျှာသပ်တာ
  • မျက်တောင် တဖျပ်ဖျပ်ခတ်တာ
  • တစ်ခုခုကို ဝါးနေတာ
  • လက်ချောင်းတွေ ပွတ်တိုက်နေတာ အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ 

အဲဒီလက္ခဏာ‌တွေအပြင် သတိပြန်ဝင်လာချိန်မှာ အတက်ဖြစ်စဥ်တုန်းက မိမိပြုမူခဲ့တာတွေကို သတိမရတော့ဘဲ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ ဒီအတက်ရောဂါဟာ နေ့စဥ်ဖြစ်တတ်ပါတယ်။ တက်တဲ့ဖြစ်စဥ်က နေ့စဉ်လည်းဖြစ်မယ်၊ တစ်ခါတစ်ခါဖြစ်ရင်လည်း အချိန်ကြာမယ်ဆိုရင်တော့ မိမိရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာမှာပါ။

ကလေးတွေမှာ absence seizure (သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါ) ဖြစ်တဲ့အခါ တက်တဲ့ဖြစ်စဥ်က ခဏလေးပဲကြာတာကြောင့် ကလေးမိဘတွေက အစမှာ သတိမထားမိတတ်ကြပါဘူး။ ကလေးက စာသင်ရာမှာ အခက်အခဲဖြစ်လာပြီဆိုတော့မှာ မိဘတွေအနေနဲ့ စပြီးသတိထားမိတတ်ကြတာ များပါတယ်။ တစ်ခါတလေမှာ ကလေးက စာကိုအာရုံမစိုက်နိုင်ဘူး၊ အိပ်မက်မက်နေတယ်၊ စိတ်ကူးယဥ်နေတယ် အစရှိသဖြင့် အထင်မှားတတ်ကြပါတယ်။ 

ရောဂါအကြောင်းကို ပြောပြရရင် Absence seizure (သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါ) ဟာ အများအားဖြင့် မျိုးရိုးဗီဇကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Neuron လို့ခေါ်တဲ့ အာရုံကြောဆဲလ်လေးတွေက ခန္ဓာကိုယ်မှာ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့အတွက် ဦးနှောက်ကို signal (အချက်ပြမှု) လေးတွေ ပို့ဆောင်ပါတယ်။ ဒါပေမယ့် absence seizure မှာတော့ အဲ့ဒီ signal လေးတွေက (၃) စက္ကန့်တစ်ခါ ထပ်တလဲလဲ ဖြစ်နေတတ်ပါတယ်။
.

ဘယ်လိုလူတွေမှာ Absence seizure ပိုဖြစ်နိုင်လဲဆိုရင်

  • အသက် (၄) နှစ်ကနေ (၁၄) နှစ်ကြား ကလေးတွေ
  • အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး
    မိမိတို့မိသားစုထဲမှာ အတက်ရောဂါရှိတဲ့ မိသားစုဝင် ရှိနေရင် အတက်ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်နော်။
    .

ဘယ်လို အစပျိုးသလဲ……

အိပ်ရေးပျက်တာ၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ ပုံမှန်မသောက်သုံးတာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်ကြောင့်ကြတာ၊ စိတ်လှုပ်ရှားလွန်တာ၊ အလင်းစူးတာ၊ အရက်သောက်တာနဲ့ ဆေးစွဲတာတို့ကြောင့် absence seizure ဟာ အစပျိုးနိုင်ပါတယ်။
.

နောက်ဆက်တွဲအနေနဲ့ကတော့ ဒီအတက်ရောဂါကြောင့် 

  • အတက်ရောဂါပျောက်ဆေးတွေကို နှစ်ရှည်လများစွဲသောက်ရတာ
  • Tonic-clonic seizure လို့ဆိုတဲ့ ကြွက်သားတွေတောင့်ပြီး တက်တဲ့ အတက်ရောဂါတွေထိပါ ရနိုင်ပါတယ်။

ဒါ့အပြင်
-စာသင်ကြားရခက်ခဲတာ

  • အပြုအမူပိုင်းဆိုင်ရာ မူမမှန်တာ
  • တစ်ယောက်တည်းသီးသန့်ခွဲထွက်နေတာ
  • အတက်ဖြစ်စဥ်အတွင်းမှာ ထိခိုက်အနာတရဖြစ်တာ စတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ 

ဒါ့ကြောင့် လူကြီးမိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေမှာ အထက်မှာဖော်ပြထားခဲ့တဲ့ လက္ခဏာတွေတွေ့ရင် မပေါ့ဆဘဲ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ကြီးများရဲ့ စစ်ဆေးကုသမှုကို ခံယူသင့်ပါတယ်။

  • EEG လို့ခေါ်တဲ့ ဦးနှောက်လှိုင်းတွေ စစ်ဆေးတာ
  • MRI လို့ခေါ်တဲ့ ဦးနှောက်ကို scan ရိုက်စစ်‌ဆေးတာ
  • သွေးစစ်တာ 
  • ကျောက်ကပ်နဲ့ အသည်းကို စစ်ဆေးတာ
  • ခါးဆစ်ရိုးအရည်စစ်ဆေးတာ အစရှိတဲ့ စစ်ဆေးမှုတွေကို ခံယူနိုင်ပါတယ်။

ဘယ်လို ကာကွယ် ကုသသင့်သလဲ…..

Absence seizure (သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါ) အတွက် ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း အတက်ရောဂါပျောက်ဆေးတွေကို စနစ်တကျ သောက်သုံးဖို့ လိုအပ်ပါတယ်နော်။

မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေမှာ absence seizure ရှိနေပြီဆိုရင် အတတ်နိုင်ဆုံး ရေမကူးဖို့၊ တောင်မတက်ဖို့ ဂရုစိုက်ပေးရပါမယ်။  
.

Absence seizure ကိုတော့ ကာကွယ်နိုင်တဲ့နည်းလမ်းရယ်လို့တော့ သပ်သပ်မရှိပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆေးတွေကိုသောက်သုံးတာဟာ absence seizure အတွက်‌ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

  • အိပ်ရေးဝဝအိပ်တာ
  • စိတ်ဖိစီးမှုတွေကို လျှော့ချတာ
  • အာဟာရပြည့်ပြည့်ဝဝ စားသောက်တာ
  • လေ့ကျင့်ခန်းပုံမှန်လုပ်တာ စတဲ့နည်းလမ်းတွေကလည်း Absence seizure မဖြစ်အောင် အကောင်းဆုံးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

References

  • https : // www . mayoclinic . org /diseases-conditions /petit-mal-seizure /symptoms-causes /syc-20359683
  • https : // www . mayoclinic .org /diseases-conditions /petit-mal-seizure /diagnosis-treatment /drc-20359734
  • https : // www . hopkinsmedicine . org /health /conditions-and-diseases /epilepsy / absence-seizures#:~:text=An%20absence%20seizure%20causes%20you,by%20a%20period%20of%20hyperventilation.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here