It’s OK not to be OK ✌🏻
“ ကျရှုံးသွားလည်းရတယ်” ဆိုတဲ့စကားနောက်မှာ
“ ပြန်ထနိုင်ဖို့သာ အရေးကြီးတာ” ဆိုပြီး ကျွန်မတို့ အများအားဖြင့် ပြောတတ်ကြတယ်မို့လား။
မှန်ပါတယ်။ တကယ်တမ်းလဲကျသွားသူတွေမှာ ပြန်ထဖို့အတွေးက ရှိပြီးသားပါ။
ဒါပေမယ့် ပြန်ထဖို့၊ ထူထောင်ဖို့၊ အားယူဖို့၊ ပြန်စတင်ဖို့ အချိန်ကြာခြင်း၊ နှေးခြင်း/မြန်ခြင်းတွေကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်လိုက်ပြီး ကွာခြားသွားတတ်ကြပါတယ်။
ဒါဟာ ကျွန်မတို့က ကျရှူံးသွားတဲ့အရာတွေပေါ်မှာ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်၊ အားမလိုအားမရဖြစ်စိတ်၊ နှမြောတသစိတ်၊ ဝမ်းနည်းမှု၊ နောင်တ စတဲ့စိတ်ခံစားချက်တွေကြားထဲ ထပ်ပြီးပြိုဆင်းသွားမိလို့ပဲ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကို ခံရတော့မှာလား၊ အသစ်က စရတော့မှာလား၊ ကိုယ့်ကို ကွယ်ရာမှာ ဘာတွေပြောကြမလဲ၊ ငါဘာလို့ ဒါလေးတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ရတာလဲ စတဲ့စိုးရိမ်စိတ်၊ အပြစ်တင်စိတ်တွေရဲ့ မေးခွန်းပေါင်းများစွာကလည်း ကျွန်မတို့ကို ထပ်မံထိုးနှက်ပါသေးတယ်။ ဒါကို negative self-talk လို့ခေါ်ပါတယ်။ (ဒီအကြောင်းကို သက်သက် ထပ်ပြီး ရေးပေးပါဦးမယ်)
…
…
ဒါဆို ကျွန်မတို့ ဒီနေရာမှာပဲ ရပ်တန့်နေမှာလား…
ဒီခံစားချက်တွေထဲမှာပဲ ပိတ်လှောင်နေတော့မှာလား။
လဲကျသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲဒီနေရာလေးမှာ အသိကပ်ပြီး
- ငါလဲပြိုလို့လည်း ရတယ်… ကျရှုံးသွားလည်း လက်ခံရမယ်။
- ငါကြိုးစားခဲ့တယ်… ငါ့အမှားမဟုတ်ဘူး။
- လူတိုင်းလဲကျဖူးတဲ့ အချိန်ဆိုတာရှိတယ်… ငါ့ကိုယ်ငါ အပြစ်မတင်ဘူး။
- ငါဟာအကောင်းဆုံး ပြုလုပ်နိုင်ခဲ့တယ်… ဒါနဲ့ပတ်သက်ပြီး ငါ့ရဲ့စိတ်ခံစားချက်တွေကို ငါအသိအမှတ်ပြုတယ် စတဲ့အသိလေးတွေကို အချိန်မီကပ်နိုင်ခဲ့ရင် ကျွန်မတို့ဟာ အကောင်းဆုံးပြန်ထဖို့အတွက် ခြေလှမ်းတွေကို စတင်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ့်ကိုယ်ကို နှစ်သိမ့်ပါ ညှာတာပါ။
ကြင်နာပေးပါ။
ညင်သာစွာကိုင်တွယ်ပါ။
အသက်ရှင်နေသရွေ့တော့ ကြိုးစားခွင့်အပြည့်ပါ။
ဒါဟာ အဘက်ဘက်က ပင်ပန်းနေကြရတဲ့ ကျွန်မတို့အတွက် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်တဲ့ ကရုဏာစိတ်လေးပဲ မဟုတ်ပါလား….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.