ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ Climate Change

0
229

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ လူတွေရဲ့ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိပါတယ်။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ လွန်ကဲစွာပြောင်းလဲမှုတွေဟာ ရှိရင်းစွဲကျန်းမာရေးပြဿနာတွေကို တိုးလာစေနိုင်တဲ့အပြင် ရောဂါပြဿနာအသစ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

???? ရာသီဥတုပြောင်းလဲမှုတွေဟာ လူ‌တွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ….

ရာသီဥတုပြောင်းလဲခြင်းနဲ့ အပူချိန်လွန်ကဲခြင်း၊ လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်တွေတိုးလာခြင်းနဲ့ အစားအစာမဖူလုံခြင်း စတာတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေဟာ လူတွေရဲ့ ကျန်းမာရေးကိုလွှမ်းမိုးတဲ့ အဓိကအကြောင်းရင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

– အမိုးအကာလုံခြုံမှု

– လေထုအရည်အသွေး

– သောက်သုံးရေ အရည်အသွေး၊ စိတ်ချရမှုနဲ့ အထောက်အပံ့

– အစားအစာရရှိနိုင်မှု

– အစားအစာတွင် ပါဝင်သော အာဟာရအဆင့်များ စတဲ့အချက်တွေပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲလာတာနဲ့အမျှ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း တိုးလာမယ်လို့ ဆိုကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ၂၀၃၀ ကနေ ၂၀၅၀ ခုနှစ်တွေအတွင်းမှာ တစ်နှစ်ကို လူသေဆုံးမှု ၂၅၀,၀၀၀ လောက် တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲလိုသေဆုံးမှုမြင့်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

– အပူလွန်ကဲခြင်း

– အာဟာရချို့တဲ့ခြင်း

– ဝမ်းလျှောခြင်း

– ငှက်ဖျားရောဂါတို့ ဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်ခြင်းဟာ ရွှေ့ပြောင်းနေထိုင်ခြင်းကိုလည်း သက်ရောက်မှုဖြစ်စေနိုင်ပြီး မိုးခေါင်ခြင်းနဲ့ ငါးသိုလှောင်မှုကျဆင်းခြင်း စတာတွေက ကျေးလက်နေပြည်သူတွေအနေနဲ့ မြို့ပြသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

မြို့ပြဒေသတွေမှာ နေထိုင်သူတွေဟာ လူထူထပ်ပြီး အပူချိန်မြင့်မားလွန်းတာကြောင့် ရောဂါဖြစ်နိုင်ခြေတွေဟာ တိုးလာနိုင်ပါတယ်။

ကဲ ဒါဆိုရင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြည့်လိုက်ကြရအောင်….

၁။ စိတ်ကျန်းမာရေး

ပြင်းထန်တဲ့ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်တွေဟာ လူတွေကို ထိခိုက်စေနိုင်ပြီး စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ လူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်နဲ့ ပိုင်ဆိုင်မှုများကို ဆုံးရှုံးခြင်း သို့မဟုတ် ချစ်ရသူတွေကို ဆုံးရှုံးခြင်း စတာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ အပူလွန်ကဲခြင်းဟာ စိတ်ကျန်းမာရေးပြဿနာရှိသူတွေအပေါ် ပိုမိုသိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပြီး အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ရဲ့အဆိုအရ အပူချိန်လွန်ကဲလွန်းခြင်းဟာ မိမိကိုယ်ကို သတ်သေမှုနှုန်းကိုလည်း မြင့်စေပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ အပူချိန်မြင့်မားမှုဟာ စိတ်ဓာတ်ကျခြင်းနဲ့ အခြားစိတ်ကျန်းမာရေးအခြေအနေတွေအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိ‌စေနိုင်ပါတယ်။

အပူလွန်ကဲခြင်းဟာ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) လိုမျိုးရောဂါတွေအပေါ်မှာ ကုသဆေးတွေရဲ့ ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ပုံကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် လူတွေရဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်းအ‌ပေါ်မှာလည်း ထိခိုက်စေနိုင်ပါတယ်။

ဟာရီကိန်း (Hurricane) မုန်တိုင်းလို သဘာဝဘေးအန္တရာယ်တွေဟာ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်‌ဝေဒနာ (Post traumatic stress disorder) နဲ့ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းဝေဒနာ ရှိသူတွေအပေါ်မှာ အနုတ်လက္ခဏာဆောင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရေကြီးခြင်း၊ အပူလှိုင်းများနဲ့ တောမီးလောင်ခြင်းတွေဟာလည်း ဒီပြဿနာတွေကို ဖန်တီးပေးနိုင်ပါတယ်။

၂။ ကူးစက်ရောဂါများ

WHO ရဲ့အဆိုအရ ရာသီဥတုပြောင်းလဲမှုတွေဟာ အင်းဆက်ပိုးမွှားကူးစက်မှုနဲ့ ရေမှတစ်ဆင့်ကူးစက်ရောဂါဖြစ်ခြင်းတွေကိုလည်း တိုးလာစေနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် အင်းဆက်ပိုးမွှားများမှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေရှိတဲ့ ရာသီကာလကို ကြာမြင့်လာစေနိုင်တဲ့အပြင် အင်းဆက်ပိုးမွှားတွေရဲ့ နေရာဧရိယာကိုလည်း ပိုကျယ်လာစေနိုင်ပါတယ်။

မိုးရွာသွန်းမှုပုံစံ အပြောင်းအလဲတွေဟာ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

၃။ အပူနှင့် ရာသီဥတုဆိုင်ရာ ရောဂါအခြေအနေများ

အပူချိန်မြင့်တက်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ‌တွေကို ဖြစ်စေနိုင်ပြီး ပိုလည်းဆိုးရွားစေနိုင်ပါတယ်။ ပြင်းထန်တဲ့အပူဒဏ်ကို ကြာရှည်စွာထိတွေ့ခြင်းဟာ

– အပူလျှပ်ခြင်း

– အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း

– ကြွက်တက်ခြင်း

– အသက်ရှူလမ်းကြောင်းနဲ့ နှလုံးရောဂါလိုမျိုး အခြေအနေတွေကို ပိုဆိုးစေခြင်း စတာတွေအပြင် အသက်သေဆုံးတဲ့အထိပါ ဖြစ်စေနိုင်ပါတယ်။

ဒါဆိုရင် အပူချိန်အလွန်အမင်းပြောင်းလဲမှုတွေဟာ ဘယ်သူတွေအပေါ် ပိုပြိးသက်ရောက်နိုင်သလဲ….

– ကလေးငယ်တွေ

– သက်ကြီးရွယ်အိုတွေ

– နာတာရှည်ရောဂါရှိသူတွေ

– စီးပွားရေး မတည်ငြိမ်သူတွေ

– လူမှုရေးအရ သီးသန့်ဖြစ်သူတွေ

– မြို့ပြတွင်နေထိုင်သူတွေအပေါ်မှာ ပိုပြီးအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

ဒါ့အပြင် ပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေနဲ့ မိုးခေါင်ခြင်းတွေဟာ

– သဲမုန်တိုင်း

– တောမီး

– ရေရရှိမှုနဲ့ အရည်အသွေးကျဆင်းခြင်း

– လေထုအရည်အသွေး လျော့ကျစေခြင်း

– အစာရေစာနည်းပါးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

.

ဘယ်အချက်တွေဟာ လူ့ကျန်းမာရေးကို ပြင်းထန်စွာ သက်ရောက်မှုရှိစေနိုင်သလဲ….

– ကူးစက်နိုင်ခြေ ပိုများခြင်း

– ဒဏ်ရာရခြင်း

– အပူလောင်ခြင်း

– မီးခိုးငွေ့တွေနဲ့ထိတွေ့မှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ခြင်း

– အာဟာရချို့တဲ့ခြင်း စတဲ့အချက်တွေကြောင့် လူ့ကျန်းမာရေးကို ပြင်းထန်စွာသက်ရောက်စေနိုင်တဲ့အပြင် အသက်သေဆုံးနိုင်တဲ့အထိပါ ဖြစ်စေနိုင်ပါတယ်။

ပြင်းထန်စွာရေကြီးခြင်းနဲ့ ရုတ်တရက်ရေကြီးခြင်းတွေဟာလည်း အလွန်အန္တရာယ်များပါတယ်။ ရေကြီးခြင်းကြောင့် ချက်ချင်းကြုံတွေ့ရနိုင်တဲ့အန္တရာယ်တွေကတော့ ရေနစ်သေဆုံးခြင်းနဲ့ ပျက်စီးအဆောက်အဦးတွေကနေ ထိခိုက်ဒဏ်ရာရရှိခြင်းတို့အပြင်

– အဆိပ်ရှိဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်း

– အိုးမဲ့အိမ်မဲ့ဖြစ်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

– စိုစွတ်သောပတ်ဝန်းကျင်တွင် နေထိုင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ တိုးလာခြင်း

– အိမ်တွင်းလေထုမကောင်းခြင်းကြောင့် မှိုစွဲခြင်း

– လေထုညစ်ညမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၄။ လေထုညစ်ညမ်းခြင်း

လေထုညစ်ညမ်းမှုတိုးလာခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လေထုအတွင်းရှိ ဖုန်မှုန့်နဲ့အမှုန်အမွှားတွေဟာ လေထုအရည်အသွေးကို လျော့ကျစေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာကို ဖြစ်စေပါတယ်။ လေထုညစ်ညမ်းမှုကြောင့်…

– ပန်းနာရင်ကျပ်ရောဂါ

– နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)

– ချောင်းဆိုးခြင်းနဲ့ လည်ချောင်းယားယံခြင်း

– အဆုတ်ရောင်ခြင်း

– အဆုတ်ကင်ဆာဖြစ်နိုင်ခြင်း

– အသက်ရှူလမ်းကြောင်းပိတ်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– နှလုံးရပ်ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

၅။ ဓာတ်မတည့်မှု

ပူနွေးတဲ့အပူချိန်ဟာ ပန်းဝတ်မှုန်ထုတ်လုပ်မှုကို တိုးလာစေနိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် များလာခြင်းကြောင့် အပင်တွေနဲ့ ဓာတ်မတည့်မှုပမာဏဟာ ပိုများလာနိုင်ပါတယ်။ ရလဒ်အနေနဲ့

– ဓာတ်မတည့်မှု ပိုဆိုးလာခြင်း

– ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေကို ပိုပြီးခံစားလာရခြင်း

– အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာခြင်း စတဲ့ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ပူနွေးတဲ့ရာသီဥတုနဲ့ မိုးရွာသွန်းမှုတွေဟာ အိမ်အတွင်းစိုစွတ်မှုကို တိုးလာစေပြီး မှိုများပေါက်ဖွားလာစေပါတယ်။ ဒီအခြေအနေတွေဟာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

၆။ စားနပ်ရိက္ခာဖူလုံရေး

ရာသီဥတုပြောင်းလဲမှုဟာ သီးနှံများနဲ့ အစားအစာထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ နည်းပါးလာပြီး အစားအသောက်ဈေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ဆာလောင်ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အချို့သောအစားအစာတွေရဲ့ အာဟာရတန်ဖိုးဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ကျဆင်းသွားနိုင်ပါတယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ တိုးမြင့်လာခြင်းနဲ့ မြေဆီလွှာမှာရှိတဲ့ အာဟာရဓာတ်တွေ ပြောင်းလဲတာကြောင့် သီးနှံများစွာတွေမှာ အာဟာရဓာတ် နည်းပါးသွားပါလိမ့်မယ်။ ပေါင်းပင်နဲ့ ပိုးမွှားတွေ တိုးပွားလာခြင်းကြောင့် ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေးပမာဏကို များများသုံးရတဲ့အခါ လယ်သမားတွေအတွက်သာမက စားသုံးသူတွေအတွက်ပါ အဆိပ်ဖြစ်စေနိုင်ပါတယ်။

၇။ ဖွံ့ဖြိုးမှုနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ

ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ စိတ်ဖိစီးမှုနဲ့ အာရုံကြောကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုတွေဟာလည်း လှုပ်ရှားမှုကို ထိခိုက်တဲ့ အာရုံကြောရောဂါ (Parkinson’s disease) နဲ့ သက်ကြီးသတိမေ့‌ရောဂါ (Alzheimer’s disease) တွေကို ဖြစ်စေနိုင်ပါတယ်။ အစားအစာနဲ့ ရေမှာပါတဲ့ အဆိပ်အတောက်တွေဟာ ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

???? ဒါဆိုရင် ဘယ်သူတွေက ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံးလဲ….

လူတိုင်းဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ကြုံတွေ့ရနိုင်ပေမယ့်လည်း ကမ္ဘာ့နေရာတချို့ကတော့ တခြားဒေသတွေထက် ပိုအန္တရာယ်ရှိပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ အများဆုံးခံရတဲ့နေရာတွေကတော့

– ကမ်းရိုးတန်းဒေသတွေ

– တောင်တန်းဒေသတွေ

– ဝင်ရိုးစွန်းဒေသတွေ

– ကျွန်းငယ်တွေ

– မြို့ကြီးတွေ

– ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေနဲ့

– ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်ပါတယ်။

အထူးသဖြင့်…

– ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်နေတဲ့ ကလေးငယ်တွေ

– သက်ကြီးရွယ်အိုတွေ

– ကျန်းမာရေးပြဿနာရှိသူတွေ

– စီးပွားရေး ချို့တဲ့သူတွေ

– တစ်ဦးထဲ သီးသန့်နေရသူတွေဟာ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးတွေ ပိုခံစားရနိုင်ပါတယ်။

ရာသီဥတုဖောက်ပြန်ခြင်းဟာ ကျန်းမာရေးကို နည်းလမ်း‌ပေါင်းစုံနဲ့ သိသိသာသာ ထိခိုက်စေပါတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ ပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေဟာ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ကျန်းမာရေးပြဿနာများ၊ ရောဂါကူးစက်ခံရနိုင်ခြေတိုးလာခြင်းနဲ့ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အဆိပ်အတောက်တွေနဲ့ ဓာတ်မတည့်မှု တိုးလာခြင်းတွေဟာ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုသက်ရောက်မှုတွေနဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ထိန်းချုပ်ဖို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို အသေအချာ အလေးအနက်ထားပြီး ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်နော်။

Reference: ????

https : // www . medicalnewstoday . com /articles/climate-change-and-health

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here