ဟဲ့… ဟိုဟာဖြစ်နေတုန်း အချဥ်တွေ မစားရဘူးလေ… ဗိုက်နာတတ်တယ်၊ ထိန်သွားတတ်တယ်၊ နေလို့မကောင်းဖြစ်တတ်တယ်…. စသဖြင့်

ဒါမျိုးလေးတွေ…

ကြားဖူးကြမယ် ထင်ပါတယ်နော်

တကယ်တမ်းမှာလည်း…

တို့တွေနိုင်ငံသာမက အရှေ့အာရှ နိုင်ငံတော်တော်များများမှာပါ ရာသီလာနေချိန် ဟိုဟာမစားရ၊ ဒီဟာ မစားရ… ဟိုဟာ မလုပ်သင့်၊ ဒီဟာ မလုပ်သင့် စတဲ့ အယူအဆအစွဲလေးတွေ ရှိတတ်ကြပါတယ်။

ဒီအထဲကမှ ရာသီလာစဥ် ခေါင်းမလျှော်သင့်ဘူး ဆိုတဲ့အကြောင်းလေးနဲ့ ပတ်သက်တာရယ်၊ ရာသီစက်ဝန်းအလိုက် ဘယ်လိုအချိန်တွေမှာ မိမိဆံသားကို ဂရုစိုက်သင့်ကြောင်း ဆိုတာလေးရယ်က ပြောပြဖူးပါတယ်နော် click here

အခုပြောချင်တာကတော့ ရာသီလာခါနီးနဲ့ ရာသီလာချိန်မှာ ဘာကြောင့် အချိုတွေ၊ အချဥ်တွေ စားချင်စိတ် ဖြစ်လာရသလဲ ဆိုတာနဲ့… စားသင့်/မစားသင့် ဆိုတဲ့အကြောင်းလေးပါ။

စိတ်ဝင်စားကြမယ် ထင်ပါတယ်နော် ????????

အရင်က ပြောဖူးတဲ့အတိုင်း ရာသီစက်ဝန်းရဲ့ ပထမ ၁၄ ရက်မှာ အမျိုးသမီးဟော်မုန်း အီစတိုဂျင်တွေဟာ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း များပြားလာပြီး၊ ဒီဟော်မုန်းရဲ့ အာနိသင်ကြောင့် သားအိမ်နံရံ ထူလာပြီး ရာသီသွေးဆင်းခြင်း ရပ်တန့်သွားသလို မမျိုးဥလေးတစ်ခုဟာလည်း ကြီးထွားလာတာပေါ့…

အခုဟာကတော့ မျိုးပွားခြင်းနဲ့ မဆိုင်တဲ့ အီစတိုဂျင်ရဲ့ နောက်အာနိသင်တစ်ခု အကြောင်းပါ။

ဒါကတော့ ဒီဟော်မုန်းဟာ အမျိုးသမီးတွေရဲ့လျှာမှာ အရသာ အာရုံခံနိုင်စွမ်းပါ မြင့်တက်လာစေပါသတဲ့ ????

(လျှာမှာရှိတဲ့ taste buds လေးတွေရဲ့ sensitivity မြင့်တက်လာတယ် ဆိုပါတယ်)

ဒါကြောင့် ရာသီလာပြီးစ ကာလမှာ တော်ရုံ အရသာမရှိတဲ့ဟာလေးတွေတောင် လျှာပေါ်မှာ အရသာပေါ်လွင်နေတတ်တာပေါ့ ????

..

..

အကျိုးဆက်အနေနဲ့….တအားကြီး အရသာ လွန်လွန်ကဲကဲ ပါဝင်နေတဲ့ အစားအစာတွေထက်၊ တော်ရုံအရသာ ပေါ့ပေါ့ပါးပါး ပါဝင်တာမျိုးလေးတွေကိုပဲ ခန္ဓာကိုယ်က တောင်းဆိုလာတတ်ပါတယ်နော်။

(လျှာက အာရုံခံနိုင်စွမ်း သိပ်မြင့်နေတော့လေ ????)

ဒီလိုနဲ့ ရာသီလာအပြီး ၁၀ ရက်နဲ့ ၁၄ ရက်အကြားမှာတော့ အီစရိုဂျင်တွေ အများဆုံး ဖြစ်နေသလို အရသာကို အာရုံခံနိုင်စွမ်းလည်း အမြင့်ဆုံးဖြစ်နေတာကြောင့်…

ကိုယ်မစားဖူး မသောက်ဖူးတဲ့ အစားအစာအသစ်တွေကို ဒီလိုအချိန်မှာ ရွေးချယ်စားသောက်ရင် ပိုလို့တောင် သင့်တော်ပါသတဲ့။ အရသာကို ပိုလို့တောင် သိလွယ်၊ မှတ်သားလွယ်ပါသတဲ့။

(ပြောရင်းနဲ့တောင် အစာသစ်လေးတွေ စားချင်လာပါပြီ ????)

ကဲ…

ဒီလိုနဲ့…

၁၄ ရက်နောက်ပိုင်းမှာတော့ အီစတိုဂျင် Level တွေလည်း ပြန်ထိုးကျလာသလို လျှာမှာရှိတဲ့ taste buds လေးတွေဟာလည်း အာရုံခံနိုင်စွမ်း ပြန်လျော့ကျလာတော့တာပေါ့။

ဒါကြောင့် သာမန်အစားအစာတွေထက် ထူးထူးကဲကဲ အရသာပြင်းတာမျိုးတွေကို ပိုပြီးတောင့်တလာတတ်ကြတာပေါ့။

ရာသီလာခါနီးလေ ပိုဆိုးလေပေါ့…

ဒါကြောင့် မြန်မာအခေါ် ချဥ်ခြင်းတပ်တာ၊ အင်္ဂလိပ်အခေါ် Food craving ဆိုတာဟာ ရာသီလာခါနီးနဲ့ ရာသီလာနေချိန် အမျိုးသမီးတချို့မှာ ဖြစ်တတ်ကြပါတယ်နော်။

ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဥ် တစ်ခုသာဖြစ်ပြီး ကိုယ်ဝန်ဆောင်မှသာ ချဥ်ခြင်းတပ်ရတယ် မဟုတ်ပါဘူး ????

လျှာရဲ့ အာရုံခံနိုင်အား လျော့ကျသွားတာကြောင့် အရသာပြင်းပြင်းတွေ စားချင်လာတာပါ။

အိုခေပါ

ဒါဆို တချို့တွေက ဘာလို့ အချိုတွေကို ပိုစားချင်စိတ်ဖြစ်ပြီး၊ တချို့တွေကျ ဘာလို့ အချဥ်တွေ ပိုစားချင်ကြပါလိမ့် ????

ယေဘုယျအားဖြင့်တော့ အမျိုးသမီးအများစုက ဒီလိုအချိန်မှာ အချိုတွေကို ပိုတပ်မက်ကြတယ်လို့ လေ့လာတွေ့ရှိထားရပါတယ်။ ဒါကလည်း ခန္ဓာကိုယ်က လိုအပ်လို့ တောင့်တရတာပါတဲ့..

ဘယ်လို လိုအပ်သလဲဆိုရင်…

(နည်းနည်း စိတ်ရှည်ရှည်နဲ့ ဖတ်ပေးနော်)

အီစတိုဂျင်ဟော်မုန်း နည်းလာတာနဲ့အမျှ သူဟာ Serotonin လို့ခေါ်တဲ့ နောက်ထပ်ဟော်မုန်းတစ်မျိုးကိုပါ နည်းပါးသွားစေပါသတဲ့။ ပြောရရင် ငါနဲ့အတူတူလိုက်ခဲ့ဆိုပြီး ဆွဲခေါ်ချသွားတာပေါ့ ????

ဒီ Serotonin ဆိုတာဟာ ခန္ဓာကိုယ်ကို နေလို့ကောင်းစေတဲ့ (feeling good) အစွမ်းသတ္တိ ရှိပြီး၊ အခုလို Serotonin တွေ နည်းသွားတဲ့အခါမှာတော့ လူကလည်း နေလို့မကောင်း၊ ဟိုဟာဖြစ်ခါနီးလေ မအီမသာဖြစ်လေ ဖြစ်လာရတာပေါ့….

ဒီတော့လည်း ခန္ဓာကိုယ်ကလည်း (နေလို့ထိုင်လို့ကောင်းအောင်) ဒီကောင်တွေ ပြန်များအောင် ရှာဖွေလုပ်ဆောင်တော့တာပေါ့။

အဲဒါကတော့ အချိုတွေ၊ ကစီဓာတ်တွေကို ပိုပြီး စားစေတာပါပဲ။

..

..

အချိုဓာတ်တွေကို အစာခြေစုပ်ယူခြင်းဖြစ်စဥ်ဟာ ခန္ဓာကိုယ်တွင်း Serotonin level ကို ပြန်ပြီး မြင့်တက်စေတာကြောင့်…

စားချင်တဲ့ အချိုဓာတ် (ကစီဓာတ်) လွန်ကဲတာလေးတွေ စားပြီးသွားတဲ့အခါ လူကလည်း နေရထိုင်ရ အနည်းနဲ့အများ ပိုပြီးသက်သာသွားစေပါသတဲ့။

(ဟိတ်…လှေနံဓားထစ်နဲ့ အချိုတွေချည့် လှိမ့်ကန်စားမနေနဲ့ဦးနော်… ဆီးချို ဖြစ်နေဦးမယ်)

ခန္ဓာကိုယ်က တောင့်တမှသာ ကစီဓာတ်ကြွယ်ဝတာလေးတွေ နည်းနည်းစားပေး ????

ဟုတ်ပါပြီနော်

အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက်ကတော့ နည်းနည်းကွာခြားတာပေါ့နော်

တချို့တွေကျတော့လည်း အချဥ်မှအချဥ် တောင့်တတတ်ကြပါတယ်။

အချဥ်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေမှာ Vitamin C ပါဝင်ပြီး သူဟာ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျော့ပါးစေတဲ့အစွမ်း ရှိတာကြောင့် ဒီလိုအချိန်မှာ ဖြစ်တတ်တဲ့ ဆီးဖုံးတွေ ကိုက်တာခဲတာ၊ နောက်ကျောတွေ နာကျင်တာ စတာတွေကို အနည်းနဲ့အများ လျော့ပါးစေပါသတဲ့။

ဒါကြောင့်လည်း ခန္ဓာကိုယ်က သူ့ဆီမှာဖြစ်နေတာတွေ သက်သာစေဖို့ သဘာဝအလျောက်ကို တောင်းဆိုနေတာပါ…

ဒီတော့ Vit C ကြွယ်ဝတဲ့ ချဥ်တဲ့အသီးအနှံတွေ များများစားပေးပေါ့…

ပေါက်တတ်ကရ လက်လုပ်ချဥ်တွေ၊ အရောင်ဆိုးဆေးပါတဲ့ အချဥ်ပေါင်းတွေ၊ ဆော့ချဥ်တွေ… ဒါမျိုးတွေတော့ မစားရဘူးနော်

ကျန်းမာရေးနဲ့ ညီညွတ်တာကို ရွေးချယ်စားပေး…

နည်းနည်းနဲ့ မကြာခဏစားပေး…

ဒို့အရေး… ဒို့အရေး…

✊✊

အဲ…

မဆိုင်တာတွေ ပါကုန်ပြီ

သေချာလေး ပြန်ဆက်မှ

(ပြီးတော့မှာမို့ စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ပေးပါနော်)

ပုံမှန်အားဖြင့်ကို အမျိုးသမီးတွေရဲ့ ၂၀% ခန့် (၁၀ ယောက်မှာ ၂ ယောက်ခန့်) ဟာ တချို့လတွေမှာ ဓမ္မတာမမှန်တာ၊ ရာသီသွေး နည်းတာ/များတာ ပုံမှန်မဟုတ်တာတွေကို ခံစားရလေ့ရှိပြီး…

ဒါမျိုးတွေဟာ ဟိုဟာစားလို့၊ ဒီဟာစားလို့၊ ခေါင်းလျှော်လို့ စသဖြင့် အရာတွေနဲ့ ပတ်သတ်မှုရှိကြောင်းလည်း သိပ္ပံနည်းကျ ခိုင်ခိုင်မာမာ သက်သေပြထားနိုင်ခြင်း မရှိပါဘူး…

ပြောရရင်တော့ ဘာမှမစား၊ ဘာမှမလုပ်လည်း ၂၀% ခန့်မှာ ဒါမျိုးတွေ ကြုံတွေ့ရနိုင်ပြီး၊ ဒါတွေဟာ ကျန်းမာရေးအရ ထူးထူးကဲကဲလည်း စိုးရိမ်ဖွယ် မရှိပါနော် ????????

ဒီအစား..

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်မှာ

• အစားအစာကို နည်းနည်းနဲ့ မကြာခဏစားမယ်

• ပရိုတင်းတွေ များများစားမယ်

• သံဓာတ်ကြွယ်ဝတာတွေ ဦးစားပေးစားမယ်

• ခန္ဓာကိုယ်က တောင့်တလာတဲ့ အချိုဆို အချို၊ အချဥ်ဆို အချဥ် စတာလေးတွေကို နည်းနည်းနဲ့ မျှမျှတတ… ကျန်းမာရေးနဲ့ညီညွတ်အောင်စားမယ်ဆိုရင်…

လစဥ်ခံစားနေရတဲ့ ဝေဒေနာလေးတွေ၊ ကိုယ်လက်စိတ်မကြည်လင်တာလေးတွေဟာ အနည်းနဲ့အများ လျော့ပါးသက်သာသွားပါလိမ့်မယ်လို့ အကြံကောင်း ပေးလိုက်ပါရစေနော်။

ကဲ…

ဒီတော့

Take Home Message အနေနဲ့ကတော့…

ရာသီလာခါနီးနဲ့ ရာသီလာနေချိန် အချို (သို့) ချဥ်တဲ့အစားအစာတွေ စားချင်စိတ် ဖြစ်ပေါ်လာတာဟာ ခန္ဓကိုယ်က သဘာဝအရကို ဝေဒနာတွေသက်သာအောင် ရှာဖွေကြံဆနေတာဖြစ်ပြီး…

တောင့်တနေတာလေးတွေကို သင့်တင့်မျှတရုံ ကျန်းမာရေးနဲ့ညီညွတ်စွာ စားပေးမယ်ဆိုရင်တော့ ခံစားနေရတဲ့ ဝေဒနာတွေဟာ အထိုက်အလျောက်တော့ သက်သာလျော့ပါးသွားပါလိမ့်မယ်လို့ ပြောကြားရင်း…..

အစာလည်း ဆေး

ဆေးလည်း အစာ….။

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here