မွေးဖွားရန် မှန်ကန်သောဝမ်းနာခြင်း မစတင်မီ စော၍ရေမြွှာပေါက်ခြင်း (Pre labor Rupture of Membrane) (PROM)
နှစ်မျိုးရှိပါတယ်။
Term PROM နဲ့ Preterm PROM
Term PROM ဆိုတာက နေ့စေ့လစေ့ကိုယ်ဝန်မှာ ဗိုက်မနာမီ ရေမြွှာပေါက်သွားတာပေါ့ဗျာ။ နေ့စေ့လစေ့ဆိုတာ ကိုယ်ဝန်သက်တမ်း ၃၇ ပတ်ကျော်ပြီးချိန်ကို (၈ လခွဲကို) ဆိုလိုပါတယ်။
လူနာက ရေဆင်းလို့ဆိုပြီး လာပါတယ်။ ဘယ်လိုဆင်းသလဲဆိုရင် ဆန်ဆေးရည်လို အရည်ကြည်ကြည်တွေ အများကြီး လုံချည်တစ်ထည်လုံး ရွှဲနစ်သွားအောင် ဆင်းပါတယ်။
ပထမဆုံးလုပ်ရမှာကတော့ ကိုယ်ဝန်သက်တမ်းကို သေချာအောင် ပြန်စိစစ်ဖို့ပါ။ နေ့စေ့လစေ့ သေချာရဲ့လား။ အရင်က ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်းတွေ၊ USG ရိုက်ထားတာတွေကို ပြန်ကြည့်ပြီးစစ်ဆေးပါတယ်။
ဒုတိယ သို့သော် အမြန်ဆုံးလုပ်ရမယ့် နောက်တစ်ခုက sterile speculum examination ပါ။ မိန်းမကိုယ် မွေးလမ်းကြောင်းထဲသို့ ပိုးသန့်စင်ပြီးထားသော ပြောင်းလေး ထည့်ကြည့်တာပါ။ ရေမြွှာရည်တွေဆင်းတယ်ဆိုတာ တကယ်ဟုတ်/မဟုတ် သိဖို့ပါ။ မိန်းမကိုယ်ထဲမှာ ရေမြွှာရည်တွေ အိုင်နေတယ် (liquor pooling) သို့မဟုတ် ချောင်းဆိုးခိုင်းလိုက်တဲ့အခါ သားအိမ်အဝကနေ ရေမြွှာရည်တွေ ထွက်ကျလာတယ် (active liquor drainage) တစ်ခုခုတွေ့ရင် PROM သေချာပြီပေါ့။
ရောဂါပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ကိုယ်ဝန်သည် ဖျားနေသလား၊ ရေမြွှာရည်တွေက အနံ့နံသလား ကြည့်ရပါတယ်။ ရောဂါပိုးဝင်တဲ့ လက္ခဏာတွေပါ။ ဒါဆိုရင်တော့ ဒါတွေရှိရင်တော့ ချက်ချင်းမွေးပေးရပါတယ်။
နောက်တစ်ခုက သားအိမ်အဝကနေ ကလေးချက်ကြိုး ထွက်ကျနေခြင်း (cord prolapse) ရှိ/မရှိကိုလည်း တစ်ခါတည်းကြည့်ရပါတယ်။ ချက်ကြိုးထွက်ကျနေရင် အမြန်ခွဲမွေးပေးရပါတယ်။ မဟုတ်ရင် ကလေးသေတတ်ပါတယ်ဗျ။
နောက်တစ်ချက်က ကလေးအနေအထား မှန်/မမှန် စမ်းသပ်ရပါတယ်။
နေ့စေ့လစေ့လည်း သေချာတယ်၊ PROM လည်းသေချာတယ်၊ ချက်ကြိုးထွက်ကျနေခြင်းလည်း မရှိဘူး သေချာတယ်၊ ရောဂါပိုးဝင်ရောက်တဲ့ လက္ခဏာလည်း မရှိဘူး သေချာတယ်၊ ကလေးအနေအထားလည်း မှန်တယ် သေချာတယ်ဆိုရင် လုပ်ပေးစရာ နှစ်ခုရှိပါတယ်ဗျ။
ပထမတစ်ခုက ဘာမှမလုပ်ဘူး။ သူ့ဘာသာ အလိုအလျောက် ကလေးမွေးဖွားရန် မှန်ကန်သော ဝမ်းနာခြင်း (true labor pain) စတင်လာမှာကို ရေမြွှာပေါက်တဲ့အချိန်ကစလို့ ၂၄ နာရီကြာတဲ့အထိ စောင့်ကြည့်တာ။ ဘာလို့လဲဆိုတော့ Term PROM တွေရဲ့ ၈၀% က ရေမြွှာပေါက်ပြီး ၂၄ နာရီအတွင်းမှာ labor pain စတင်တတ်ကြလို့ပါတဲ့။ ၂၄ နာရီစောင့်လို့ ဗိုက်မနာလာဘူးဆိုမှ ဗိုက်နာလာအောင် ဆေးထည့်ပေးခြင်း (Induction of labour) ပြုလုပ်ပေးပါတယ်။
နောက်တစ်မျိုးက ၂၄ နာရီ မစောင့်တော့ဘဲ လူနာရောက်ရောက်ချင်းပဲ Term PROM သေချာတယ်ဆိုရင် ဗိုက်နာအောင် ဆေးတန်းထည့်ပေးတာ။
စောင့်တာနဲ့ ဆေးတန်းထည့်တာ နှစ်မျိုးစလုံးက ကလေးအတွက် အတူတူပါပဲတဲ့။
ကျွန်တော်တို့ ဗဟိုအမျိုးသမီးဆေးရုံကြီး မန္တလေးရဲ့ လုပ်ထုံးလုပ်နည်း (Hospital Protocol) ကတော့ ၂၄ နာရီစောင့်တဲ့နည်းကို ရွေးပါတယ်။
…
…
Preterm PROM ဆိုတာကတော့ လမစေ့မီ ကိုယ်ဝန်သက်တမ်း ၂၄ ပတ်ကနေ ၃၇ ပတ်ကြားမှာ ရေမြွှာပေါက်၊ ရေဆင်းတာကို ဆိုလိုပါတယ်။ ၂၄ ပတ်မတိုင်မီ ရေဆင်းရင်တော့ ကိုယ်ဝန်ပျက်ကျတယ်ပဲ သတ်မှတ်ပါတယ်ဗျ။
ဒီမှာလည်း ကိုယ်ဝန်သက်တမ်းကို ပြန်စစ်ဆေးတာ၊ sterile speculum examination လုပ်တာတွေက အတူတူပါပဲ။ လမစေ့ ကလေးသေးတဲ့အတွက် ကလေးအနေအထား မမှန်တာ၊ ချက်ကြိုးထွက်ကျတာတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ ကိုယ်ဝန်လနုလေလေ ရလဒ်ကတော့ ဆိုးဝါးလေလေပေါ့ဗျာ။
ဒီမှာတော့ မဖြစ်မနေ လုပ်ပေးရမှာ နှစ်ခုရှိပါတယ်။
ပထမတခုက Erythromycin 250 mg ဆေးပြားကို ခြောက်နာရီခြားတစ်ခါ တစ်နေ့ကိုလေးကြိမ် မိခင်လောင်းကို တိုက်ကျွေးပေးရပါမယ်။ မွေးလမ်းကြောင်းထဲက ရောဂါပိုးတွေ ရေမြွှာအိတ်အပေါက်ကနေတစ်ဆင့် ကလေးဆီ၊ သားအိမ်အတွင်းဆီသို့ ကူးစက်ဝင်ရောက်ခြင်းမှ ကာကွယ်ဖို့ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မိခင်လောင်းကို injection dexamethasone 6 mg ထိုးဆေးကို ၁၂ နာရီခြားတစ်ခါ စုစုပေါင်းလေးကြိမ် သို့မဟုတ် injection betamethasone 12 mg ထိုးဆေးကို ၁၂ နာရီခြားတစ်ခါ စုစုပေါင်းနှစ်ကြိမ် ထိုးပေးထားရမှာ ဖြစ်ပါတယ်။ အကယ်၍ လမစေ့၊ ပေါင်မပြည့်တဲ့ကလေးလေး မွေးလာခဲ့ရင် ကလေးအဆုတ်အားကောင်းဖို့၊ အစာအိမ် အူလမ်းကြောင်း အားကောင်းဖို့ရန်အတွက် ဖြစ်ပါတယ်။
ဒီမှာတော့ တတ်နိုင်သမျ ဗိုက်မနာလာအောင် ဆုတောင်းရတယ်ဗျ။ ကလေးလေးကို အမေ့ဗိုက်ထဲမှာ တတ်နိုင်သမျှ တစ်ရက်ပိုနေရနေရ ဆွဲဆန့်ထားဖို့ပါ။
Preterm PROM ကိုယ်ဝန်တွေကို စောင့်ရှောက်တဲ့အခါ ဆုပ်ကိုင်ထားရမယ့်နည်းကတော့ ပိုးဝင်မယ့်အန္တရာယ် (Risk of infection) နဲ့ ကလေး လမစေ့တဲ့အန္တရာယ် (Risk of prematurity) နှစ်ခုကို ချိန်ဆပါတဲ့။ Risk of infection ကများလာပြီထင်ရင် မွေးပစ်လိုက်ပါတဲ့။ Risk of prematurity ကများသေးတယ်ထင်ရင် စောင့်ပါတဲ့။
Preterm PROM ကိုယ်ဝန်တွေကို မွေးပေးရမယ့် အချိန်က နှစ်ခုပေါ့ဗျာ။ အလိုလို ဗိုက်နာသွားရင်နဲ့ သားအိမ်ထဲ ရောဂါပိုးဝင်ရောက်တဲ့ လက္ခဏာတွေ (signs of chorioamnitis) တွေ့လာရင်ပေါ့။ ကလေးအထူးကုဆရာဝန်ကိုတော့ ကြိုပြီးအကြောင်းကြား ထားပေးရပါတယ်။
ပိုးဝင်တဲ့လက္ခဏာတွေကတော့ အမေဖျားမယ်၊ အမေနှလုံးခုန်မြန်လာမယ်၊ ကလေးနှလုံးခုန်မြန်လာမယ်၊ ဗိုက်ပေါ်ကနေ သားအိမ်ကိုထိလိုက်တာနဲ့ နာလာမယ် (ကလေးမွေးထွက်ဖို့ သားအိမ်ကညှစ်၍နာခြင်း labour pain နှင့်မတူပါ)၊ ဆင်းတဲ့ရေမြွှာရည်တွေက နံလာမယ်၊ သွေးစစ်ကြည့်ရင် CRP တက်နေမယ်၊ WBC count တက်နေမယ်။
အထက်ပါ ပိုးဝင်တဲ့လက္ခဏာ တစ်ခုခုတွေ့တာနဲ့ လမစေ့တာကို ဂရုမစိုက်တော့ဘဲ မွေးပစ်ရပါတယ်။ မဟုတ်ရင် chorioamnitis ကနေတစ်ဆင့် ပိုးဆိပ်ပျံ့ပြီး septicaemia နဲ့ အမေသေတတ်ပါတယ်။ ကျွန်တော်တို့ မတွေ့ချင်ဆုံး ကိုယ်ဝန်သည်တွေထဲက တစ်ခုပေါ့ဗျာ။ လမစေ့ ရေမြွှာပေါက်သွားတဲ့ ကလေးလေးတွေ ပိုးဝင်တဲ့လက္ခဏာတွေ့လို့ မွေးရပြီဆိုရင်လည်း ခွဲမွေးရတာများတယ်။ လနုသေးတဲ့အတွက် ဗိုက်နာအောင် ဆေးထည့်တဲ့နည်းကလည်း အောင်မြင်နိုင်ခြေနည်းတယ်။ Bishop score မကောင်းတဲ့အတွက် induction to delivery time interval ပိုကြာတတ်တယ်။ ပိုးဝင်နေလို့ အမြန်ထုတ်ပစ်ချင်တဲ့အတွက်လည်း ခွဲမွေးဖို့ ပိုအားသန်တယ်။ OG distress ပေါ့ဗျာ။
ကလေးအဖတ်တင်ပါစေလို့ ဆုတောင်းရင်း ကလေးအထူးကုဆရာဝန်ကို အားကိုးရတာပေါ့။ မဟုတ်ရင် လူနာက ကလေးလည်းမရ၊ ဗိုက်လည်းအခွဲခံရ ဖြစ်ရတာပေါ့။ ဒီလို စိတ်မကောင်းစရာ အဆုံးသတ်တွေလည်း ကြုံခဲ့ရဖူးပါတယ်။
မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် မရှိတဲ့၊ ကလေးအထူးကုဆရာဝန် မရှိတဲ့နေရာတွေမှာ preterm PROM ရခဲ့ရင် အတော်များများကတော့ Erythromycin ဆေးတိုက်၊ dexamethasone ဆေးထိုးပေးလိုက်ပြီး ကလေးအထူးကုဆရာဝန် ရှိတဲ့နေရာကို မမွေးမီ လွှဲပေးလိုက်ကြတယ်။ In utero transfer လို့ခေါ်ပါတယ်။ ဒါလည်း ကုသနည်းတစ်ခု ဖြစ်ပါတယ်ဗျ။
ကိုယ်ဝန်သည်များအားလုံး နေ့စေ့လစေ့၊ ကိုယ်အလေးချိန်ပြည့်၊ ကျန်းမာသောကလေးများကို လွယ်ကူအောင်မြင်စွာ မွေးဖွားနိုင်ကြပါစေဗျ…။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.