အဆိပ်မရှိသောမြွေ ဖြစ်ပါစေဦး။ သွားချေးဆိပ်တော့ တက်နိုင်ပါသေးသည်။ ရှင်းပါအံ့။ မြွေများသည် လူကိုမကိုက်မီ သွားမတိုက်ကြပါ။ ပါးစပ်သန့်ဆေးရည်ဖြင့် ပလုတ်မကျင်းကြပါ….

အသေးစိတ် ဖတ်ရှုရန်

????????????

“ မြွေပွေးအန္တရာယ် သိမှတ်ဖွယ်”

မြွေပွေးကိုက်ခံရနိုင်သော ကျေးလက်တောရွာတွင် နေထိုင်ကြကုန်သော၊ တောင်သူလယ်လုပ် ဓားမခုတ်အလုပ်ကို လုပ်ကိုင်ကြကုန်သော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေး အပေါင်းတို့ခင်ဗျား…

မြွေပွေးအစစ်က ခင်ဗျားတို့ကို မိမိရရ ကိုက်ခဲ့လျှင် မြွေဆိပ်ဖြေဆေးအပါအဝင် အခြားမှန်ကန်ထိရောက်သော ကုသမှုများကို အကိုက်ခံရပြီး နာရီပိုင်းအတွင်း စောနိုင်သမျှစောစွာ နေ့မကူးမီ ဆေးပေးခန်း၊ ဆေးရုံများသို့ အလျင်အမြန် လာရောက်ကုသမှု ခံယူသင့်ပါသည်။ သို့မဟုတ်ပါက အကိုက်ခံရပြီး သုံးရက်မှ ဆယ်ရက်အတွင်း အသက်ဆုံးရှုံးနိုင်ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟူသော ဆိုရိုးစကား ရှိပါသည်။ မြွေပွေးအန္တရာယ်ကို ကာကွယ်ရန်အတွက် မြွေရှိနိုင်သော လုပ်ငန်းခွင်သို့ ဝင်သောအခါ ရာဘာလည်ရှည် ဖိနပ်များ၊ ရာဘာလက်အိတ်ရှည်များ ဝတ်ဆင်ခြင်း၊ မြွေခိုအောင်းနိုင်သော နေရာများသို့ မသွားမီ တုတ်ရှည်ရှည်ဖြင့် ရိုက်ပုတ်အသံပေး ခြောက်လှန့်ခြင်းများ ပြုလုပ်သင့်ပါသည်။

မြွေကိုက်ခံရပါက လွယ်ကူလျှင် ကိုက်သောမြွေကို ရှာဖွေရိုက်သတ်၍ လူနာနှင့်အတူ တစ်ပါတည်းယူဆောင်ခဲ့ရန် ဖြစ်ပါသည်။ သို့သော် ‌ကိုက်သောမြွေကို ရှာဖွေနေခြင်းကြောင့် လူနာကို ဆေးရုံပို့ဖို့စီစဉ်ရန် ကြန့်ကြာမနေသင့်ပါ။ မြွေကိုပါ ယူဆောင်လာနိုင်လျှင် ပိုကောင်းသော်လည်း လူနာဆေးရုံသို့ အမြန်ဆုံးရောက်လာဖို့က ပိုအရေးကြီးပါသည်။

နောက်ထပ်အရေးကြီးသောအချက်မှာ မြွေကိုက်လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရန် ဖြစ်ပါသည်။ မြွေကိုက်ခံရချိန် အနီးအနားတွင် ကူညီမည့်သူရှိပါက ထိုင်ချလိုက်ပြီး အော်ဟစ်အကူအညီတောင်းပါ။ လုံးဝ လမ်းမလျှောက်ပါနှင့်။ မြွေကိုက်ဒဏ်ရာကို ဓားဖြင့်ခွဲခြင်း၊ ပါးစပ်ဖြင့်စုပ်ထုတ်ခြင်း၊ ဆေးလိပ်မီးဖြင့်တို့ခြင်း စသည်တို့ကို လုံးဝမလုပ်ရပါ။ မြွေကိုက်ဒဏ်ရာကို ရေများများနှင့် ဆေးကြောပါ။ ရနိုင်သောအဝတ်သန့်သန့်ကို ထူထူခေါက်ပြီး မြွေကိုက်ဒဏ်ရာပေါ်တွင် ဖိ၍တင်ပါ။ အပေါ်မှအဝတ်စ နောက်တစ်ခုဖြင့် ပတ်တီးစည်းသလို စည်းနှောင်ပါ။ အကိုက်ခံရသော လက် သို့မဟုတ် ခြေထောက်ကို အကွေးအဆန့် မပြုလုပ်နိုင်စေရန် တုတ်ချောင်း သို့ ဝါးလုံးရှည်ရှည်ဖြင့် (တံတောင်ဆစ် သို့ ဒူးဆစ်ကိုပါ ချုပ်နိုင်လောက်အောင်) ကပ်၍စည်းနှောင်ပါ။ သွေးမလျှောက်နိုင်သည်အထိ အတင်းအကျပ် အားကြီးဖြင့် မစည်းရပါ။ ဤကား မြွေကိုက်လူနာအတွက် ရှေးဦးပြုစုကုသနည်း ဖြစ်ပါသည်။

ပြီးလျှင်တော့ မြွေဆိပ်ဖြေဆေးရှိရာ ဆေးရုံဆေးခန်းသို့ လူနာကို အလျင်အမြန် ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ လူနာကိုတတ်နိုင်သမျှ လုံးဝ ( လုံးဝ) လမ်းမလျှောက်စေရပါ။ ထမ်းစင် သို့ လှည်း သို့ ထော်လာဂျီ သို့ ကား၊ ဆိုင်ကယ်တို့ဖြင့် သယ်ဆောင်လာရန် ဖြစ်ပါသည်။ အဆိပ်ရှိသောမြွေ ဟုတ်/မဟုတ် မြွေဆိပ်ဖြေဆေးထိုးပေးရန် လို/မလို ဆုံးဖြတ်ရန်သည် ကျွန်တော်တို့တာဝန် ဖြစ်ပါသည်။ လူနာနှင့် လူနာရှင်တို့၏တာဝန်မှာ အထက်ဖေါ်ပြပါ ရှေးဦးပြုစုကုသနည်းများကို အပိုအလိုမရှိ အတိအကျပြုလုပ်ပြီး ကျွန်တော်တို့ဆီသို့ အမြန်ပို့ဆောင်ရန်ဖြစ်ပါသည်။

အဆိပ်မရှိသောမြွေဖြစ်ပါစေဦး။ သွားချေးဆိပ်တော့ တက်နိုင်ပါသေးသည်။ ရှင်းပါအံ့။ မြွေများသည် လူကိုမကိုက်မီ သွားမတိုက်ကြပါ။ ပါးစပ်သန့်ဆေးရည်ဖြင့် ပလုပ်မကျင်းကြပါ။ အဆိပ်မရှိ၍ အစွယ်မှနေပြီး မြွေဆိပ်များကို ဆေးထိုးအပ်ဖြင့်ထိုးသလို ထိုးမသွင်းနိုင်သော်လည်း မြွေပါးစပ်အတွင်းရှိ သွားချေးပိုးများဝင်ပြီး အကိုက်ခံရသောနေရာတွင် အသားဆွေးအနာ ဖြစ်နိုင်ပါသေးသည်။ မေးခိုင်ကာကွယ်ဆေးနှင့် ပိုးသတ်ဆေး အရပ်အခေါ် မန်းဆေးများပေးရန် လိုအပ်ပါသေးသည်။

ကျွန်တော်တို့ကတော့ မြွေကိုက်လူနာတစ်ယောက် ရောက်ရှိလာပါက မြွေပါလာသည်ဖြစ်စေ၊ မပါလာသည်ဖြစ်စေ (တစ်ခါတစ်ရံ ကိုက်လိုက်သောအကောင်သည် မြွေ ဟုတ်/မဟုတ်ပင် မသိသူများရှိ) အဆိပ်ရှိမြွေ (အဓိက မြွေပွေးပေါ့) ကိုက်ခံရသည်ဟု မှတ်ယူ၍ စောင့်ကြည့်ကုသပါသည်။

ပထမဆုံးကတော့ သွားချေးဆိပ်ကြောင့် အကိုက်ခံရသောနေရာတွင် အသားဆွေးနာမဖြစ်အောင် ပိုးသတ်ဆေးပေးပါသည်။ တချို့လူနာများတွင် အလွန်နာကျင်သော ဝေဒနာကို ခံစားရတတ်ပါသည်။ အနာသက်သာရန်အတွက် ဆေးဆိုင်တိုင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော NSAID အုပ်စုဝင်ဆေးများ ဥပမာ diclofanac စသည်တို့ကို မသုံးပါ။ ကျောက်ကပ် ထိခိုက်နိုင်ပါသည်။ နောက်ပိုင်းတွင် အကျယ်တဝင့် ရှင်းပြပါမည်။ အနာသက်သာရန်အတွက် ရေခဲကပ်ခြင်း၊ မှိန်းပြီး ခံစားရကောင်းသွားပြီး နတ်ပြည်ရောက်သလို ခံစားရစေသောဆေး (narcotics analgesic) များ ဥပမာ tramadol ကိုသုံးပါသည်။

ပြီးလျှင်တော့ မြွေဆိပ်တက်ခြင်း ရှိ/မရှိကို လူနာ၏ဆီးထွက်နှုန်း၊ သွေးခဲခြင်း ရှိ/မရှိ၊ ဆီးအတွင်းအသားဓာတ်များ ပါဝင်လာခြင်း ရှိ/မရှိ စသည်တို့ကို တစ်နာရီခြားတစ်ခါ သို့ လိုအပ်သော အချိန်အပိုင်းအခြားအလိုက် စောင့်ကြည့်စစ်ဆေးပါသည်။

ဤသို့လုပ်ရန်လိုသောလူနာမှာ မြွေကိုက်ပြီးပြီးချင်း နာရီပိုင်းအတွင်း နေ့မကူးမီ ရောက်လာသော၊ မြွေကိုက်ခံရသော ဒဏ်ရာမှအပ အကောင်းပကတိအတိုင်း ရှိနေသေးသော လူနာများကိုဆိုလိုပါသည်။ မြွေကိုက်ခံရပြီးချင်း ရောက်မလာဘဲ စုပ်ပေါက်၊ တွင်ခုတ်၊ ရေမန်း၊ ထုံးမန်း ရမ်းကုများထံတွင် နှစ်ရက်သုံးရက် ဝဲလည်ပြီးမှ မျက်ဖြူသားများနီရဲ၊ ဆီးမထွက်၊ သွေးပေါင်တိုင်းမရ၊ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသော လူနာများကို မဆိုလိုပါ။ ၎င်းလူနာများကိုတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ရှိရာ၊ ကျောက်ကပ်ဆေးစက်ရှိရာ၊ အထူးကုသမားတော်ကြီးများရှိရာ၊ အဆင့်မြင့်ဓာတ်ခွဲခန်းကြီးရှိရာ ဆေးရုံကြီးများသို့သာ လွှဲလိုက်ချင်ပါသည်။ ကျွန်တော့်ဆီမှာဆို သေဖို့များပါပြီ။

မြွေပွေးကိုက်လူနာကို ကုရသည်မှာ အချိန်မီဖို့ အင်မတန်အရေးကြီးပါသည်။ လင်နောက်လိုက်သွားသော အပျိုစင်သမီးလေးကို ပြန်ဖမ်းရသလိုပဗျာ။ နာရီပိုင်းအတွင်း ပြန်မိတောင်မှ သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့ ဘာညာပြသနာတွေ ရှင်းရဦးမှာ။ တစ်ညအိပ်ပြီးမှ ပြန်မိလို့ကတော့ အပျိုပြန်ဖြစ်အောင် ကုဖို့က အတော်ပိုက်ဆံကုန်ပါမယ်ဗျ။

အစကနေပြန်ကောက်ရရင် မြွေကိုက်ခံရပြီး နေ့မကူးမီ ရောက်လာသောလူနာများ ရောက်ရောက်ချင်း မေးခိုင်ကာကွယ်ဆေး ထိုးပါမည်။ ပိုးသတ်ဆေး မန်းဆေးထိုးပါမည်။ နာလျှင် အနာသက်သာဆေး ထိုးပါမည်။ ပြီးလျှင် မြွေဆိပ်တက်ခြင်း ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပါမည်။ နှစ်ဆယ့်လေးနာရီကျော် စောင့်ကြည့်ပြီး မြွေဆိပ်တက်သော လက္ခဏာများ မတွေ့ရလျှင် အဆိပ်ရှိမြွေမဟုတ်ပါ။ သောက်ဆေးများ ပြောင်းပေးပြီး ဆေးရုံမှ ဆင်းပေးလိုက်ရုံပဗျာ။

မြွေပွေးဆိပ်တက်သော လက္ခဏာများ တွေ့ရှိပါက မြွေဆိပ်ဖြေဆေးကို ရှစ်လုံးမှ ဆယ့်ခြောက်လုံးအထိ လိုအပ်သလို ထိုးပေးရပါသည်။ မြွေဆိပ်ဖြေဆေးများသည် ဆေးနှင့် ဓာတ်မတည့်သောဖြစ်စဉ် အရပ်အခေါ် ဆေးမှားခြင်း၊ ဆေးရှော့ဖြစ်ခြင်း ပြဿနာတက်နိုင်ခြေ အလွန်များသည့်အတွက် ဖြေဆေးများ ကြိုတင်ထိုးထားခြင်း၊ အရံသင့်ဆောင်ထားခြင်းများ ပြုလုပ်ပြီးမှ ဖြည်းဖြည်းချင်း ထိုးထည့်ရပါသည်။

မြွေပွေးအဆိပ်တက်သော လူနာများသည် တောင်သုံးတောင်ကို ကျော်ရပါသည်။

၁။ အကိုက်ခံရသောနေရာတွင် သွားချေးပိုးဆိပ်တက် အသားဆွေးနာဖြစ်ပြီး ထိုမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပိုးဆိပ်ပျံ့ အသက်ဆုံးခြင်း (septicemia)

၂။ မြွေပွေးအဆိပ်က သွေးခဲခြင်းဖြစ်စဉ်ကို ပျက်စီးစေပြီး ဒွါရကိုးပေါက်မှ သွေးများယိုစီး (မျက်စိတွင် အများဆုံးတွေ့ပြီး မျက်စိနီ) ပြီး သွေးပေါင်ကျ သေဆုံး (Disseminated Intravascular Coagulation)

၃ ။ အထက်ပါ နှစ်တောင်ကို ပိုးသတ်ဆေး၊ မြွေဆိပ်ဖြေဆေးတို့နှင့် ကျော်နိုင်ပြီးလျှင်တောင်မှ မြွေပွေးအဆိပ်သည် ကျောက်ကပ်ကို တစ်ပတ်ဆယ်ရက်ကြာ ပျက်စီးစေပြီး ဆီးလုံးဝမထွက်အောင် ဖြစ်စေနိုင်ပါသည်။ ထိုဆယ်ရက်အတွင်း ကျောက်ကပ် မဆေးနိုင်ပါက သေပါသည် (uraemia due to acute renal failure)

ကျောက်ကပ်ဆေးတယ်ဆိုတာက ကျွန်တော် မလုပ်တတ်ပါဘူး။ လုပ်စရာ စက်ပစ္စည်းကိရိယာလည်း မရှိပါဘူး။ ဒါကြောင့် အမြန်လာခဲ့ဖို့ ပြောတာပါ။ စောစောရောက်ပြီး မြွေပွေးဆိပ်တွေ ကျောက်ကပ်မှာ သွားဒုက္ခမပေးမီ သွေးထဲမှာမျောနေတုန်း မြွေဆိပ်ဖြေဆေးထိုးနိုင်ခဲ့ရင် တတိယတောင်ကို ကျော်စရာမလိုတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ပြည်သူလူထုကြီးတစ်ရပ်လုံး မြွေပွေးအန္တရာယ်မှ ကင်းဝေးကြပါစေ။

.

ဒေါက်တာဝေဖြိုး

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here