????️ မျက်စိစွေတယ်ဆိုတာ

မျက်စိစွေတယ်ဆိုတာ မျက်စိနှစ်ဖက်မှာရှိတဲ့ မျက်လုံးကိုထိန်းချုပ်တဲ့ ကြွက်သားကလေးတွေ အတူတကွ အလုပ်မလုပ်ကြတော့တာပါ။ တစ်နည်းဆိုရရင် နှစ်လုံးထဲရှိတဲ့ မျက်လုံးလေးတွေက ဂိုဏ်းကွဲပြီး သူတလူငါတမင်း ဖြစ်နေကြတဲ့အခြေအနေပါ။ ကောင်းတဲ့မျက်လုံးလေးတစ်ဖက်က ကြည့်လိုတဲ့နေရာ တည့်တည့်ကို ကြည့်နေနိုင်တဲ့အချိန်မှာ စွေနေတဲ့ဖက်က မျက်လုံးလေးဟာ အထက်ကိုဖြစ်စေ၊ အတွင်းထောင့်ကပ်လို့ဖြစ်စေ၊ အောက်ကိုကပ်လို့ဖြစ်စေ၊ အပြင်ထောင့်ကပ်လို့ဖြစ်စေ တည်ရှိနေတာမျိုးပါ။

မျက်စိစွေတယ် ဆိုတာ ကိုယ်တိုင်လည်း ကိုယ့်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူး ရင်းနှီးဖူးပြီးသားဖြစ်တဲ့ စိတ်ဝင်စားစရာ မျက်စိအခြေအနေတစ်ခုဖြစ်တဲ့အတွက် ဆက်လက်ဖတ်ရှုလိုက်ရအောင်နော်။

.

????️ မျက်စိကလေး ဘာလို့စွေရတာလဲ?

???? မွေးရာပါအနေနဲ့ မျက်စိစွေရောဂါပါလာတာ

???? မိသားစုထဲ မျက်စိစွေမျိုးရိုးရှိပြီး မျိုးရိုးလိုက်တာ

???? ဦးနှောက် နှင့် ဦးနှောက်အာရုံကြောတွေကို ထိခိုက်မိတာ

???? ကလေးငယ်မှာ အနီးမှုန်မျက်စိရောဂါ (Farsightedness) ရှိတဲ့အခါ မြင်အာရုံပြတ်သားကြည်လင်အောင် မျက်လုံးကို လိုက်ပြီး ထိန်းညှိကြည့်ရတဲ့အခါ မျက်စိစွေတာ

???? ဝက်သက်ရောဂါ (Measles)၊ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ဦးခေါင်းတွင်းဖိအားများပြီး ဦးခေါင်းခွံကြီးလာတဲ့ Hydrocephalus လို ရောဂါတွေ၊ နောက်… ဖွံ့ဖြိုးမှုနောက်ကျစေတဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါတွေဖြစ်တဲ့ Down’s Syndrome လို၊ Cerebral palsy လို ရောဂါမျိုးတွေကြောင့်လည်း မျက်စိစွေတာဖြစ်တတ်ပါတယ်။

.

????️ ဂရုပြုစရာ အချက်ကလေးတစ်ခု

အသက် (၃) လ နှင့် အောက် ကလေးငယ်လေးတွေမှာ မျက်စိမတည့် မျက်စိစွေဖြစ်တာက အလိုအလျောက် ပြန်ပျောက်ကင်းသွားတတ်လို့ စိုးရိမ်စရာအခြေအနေတစ်ခု မဟုတ်ပါဘူး။ အသက် (၃) လကျော်လို့ မျက်စိစွေတာ ဆက်ရှိနေရင်တော့ ပုံမှန်မဟုတ်ဖူးလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပြီး အလိုအလျောက် မပျောက်နိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။

.

????️ ဘယ်လိုအခြေအနေတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ပြသမလဲ?

▪️အလိုအလျောက် ပြန်ပျောက်သွားတာမျိုးမဟုတ်ဘဲ အမြဲတစေ မျက်စိစွေနေပြီဆိုရင်

▪️ကလေးငယ်လေးက အသက် (၃) လကျော်တဲ့ထိ မျက်စိစွေတာ ဆက်ရှိနေရင်

▪️မျက်လုံးတစ်ဖက်ကိုမှိတ်ပြီး ကျန်တစ်ဖက်နဲ့ပဲ အားပြုကြည့်နေရင်

▪️အမြင်အာရုံစူးစိုက်ရတဲ့အခါ ခေါင်းကို စောင်းစောင်းပြီး ကြည့်နေရရင်

▪️မြင်လွှာပုံရိပ်နှစ်ထပ်ဖြစ်နေရင်

▪️မွေးရာပါမဟုတ်ဘဲ အရွယ်ရောက်ပြီးမှ မျက်စိစွေလာရင်

(ဒါမှမဟုတ်) မျက်စိစွေတာနဲ့တွဲပြီး ခေါင်းခဏခဏ ကိုက်တာ၊ ထိုးအန်တာတွေ ဖြစ်လာရင် …….

မျက်စိဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူသင့်ပါတယ်။

.

????️ မျက်စိစွေတာရဲ့ နောက်ဆက်တွဲအခြေအနေတွေ

မျက်စိစွေတာကို မကုသဘဲထားတဲ့အခါ …

▪️အမြင်အာရုံဝေဝါးတာ၊ မြင်လွှာပုံရိပ်နှစ်ထပ်ဖြစ်တာ

▪️အလုပ်မလုပ်တော့တဲ့ ငပျင်းမျက်လုံးကလေး (Lazy eye) လည်းဖြစ်သွားတာ

Lazy eye ဆိုတာ စွေတဲ့မျက်စိတစ်ဖက်ကနေ ဦးနှောက်ကို ပို့တဲ့ မြင်အာရုံလှုံ့ဆော်မှု (Input) တွေကို ဦးနှောက်က မသိချင်ယောင်ဆောင်နေပြီး ပုံရိပ်ဖော်ဖို့ အလုပ်မခိုင်းတော့ပါဘူး။ ဒါ့ကြောင့် စွေနေတဲ့မျက်လုံးလေးဟာ အလုပ်သိပ်မလုပ်ရတဲ့အတွက် ငပျင်းမျက်လုံးလေးဖြစ်လာတာပါ။ တစ်ဖက်ကကောင်းတဲ့ မျက်လုံးကလေးကတော့ သူ့တစ်ဖက်ထဲကိုပဲ အားပြုပြီး ပိုသုံးရင်းနဲ့ မျက်စိပါဝါတိုးလာတာတွေဖြစ်နိုင်ပါတယ်။

(ဒီလိုအခါမျိုးမှာ… အလုပ်ပိုလုပ်နေရတဲ့ မျက်စိအကောင်းလေးကို အဝတ်စ (ဒါမှမဟုတ်) ပေါင်းစနဲ့ အုပ်ထားလိုက်ပြီး ငပျင်းမျက်လုံးကလေးကို အလုပ်ပိုလုပ်ခိုင်းကြည့်ပါ။ သူ့ကိုပဲအားပြုပြီးကြည့်ခိုင်းပါ။ ဒီနည်းနဲ့ lazy eye ဖြစ်သွားတာလေးကို သက်သာအောင် ပြန်လေ့ကျင့်ယူလို့ရနိုင်ပါတယ်။)

▪️မျက်စိကလေးစွေတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာတာ၊ စိတ်အားငယ်ရတာ၊ ရွယ်တူသူငယ်ချင်းတွေက နောက်ပြောင်ကြတဲ့ဒဏ်တွေ ခံစားရတတ်တာ ….. တွေ ဖြစ်လာနိုင်ပါတယ်။

.

????️ မျက်စိစွေတာအတွက် ကုသမှုတွေကတော့…

မျက်စိစွေတာဟာ အသက်ငယ်ငယ်မှာ စောစောသိ စောစောကုသမှု ခံယူရင် ပိုပြီး ထိရောက်ပါတယ်။

▪️အနီးမှုန်/အဝေးမှုန်တာကြောင့် မျက်စိစွေရတာဆိုရင် ပါဝါပါတဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ မျက်မှန်တွေက အထောက်အကူပြုပါလိမ့်မယ်။

▪️မျက်လုံးကြွက်သားတွေကို အားလျော့ပျော့သွားစေတဲ့ ထိုးဆေးတစ်ချို့ (ဥပမာ – Botulinum ထိုးဆေး) ကလည်း စွေနေတဲ့မျက်စိကို လိုသလိုပြန်တည့်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

▪️မျက်စိလေ့ကျင့်ခန်းတွေလုပ်ပေးတာဟာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ ကုထုံးတစ်ခုမဟုတ်ပေမယ့် အထိုက်အလျောက် အကျိုးဖြစ်စေပါတယ်။

မျက်စိစွေတာအတွက် မျက်စိလေ့ကျင့်ခန်းလုပ်နည်းလေး ဥပမာပေးရရင် ….

( ✏️ခဲတံတစ်ချောင်းကို မျက်နှာရှေ့ မျက်စိနှစ်ဖက် အလယ်တည့်တည့်နေရာမှာ မြှောက်ကိုင်ထားပါ။ တဖြည်းဖြည်း နှာခေါင်းနားကို ရှေ့တိုးရွှေ့လာရင်း ခဲတံပုံရိပ်တစ်ခုတည်းဖြစ်သည့်တိုင် ကြိုးစားကြည့်ပေးပါ။ ဆက်ပြီး ခဲတံပုံရိပ်တစ်ခုတည်းမပေါ်တော့သည့်တိုင် နှာခေါင်းနား ရွှေ့လာခဲ့ပါ။ နောက် … ပုံရိပ်တစ်ခုတည်း ပြန်မြင်ရတဲ့အထိ နှာခေါင်းနားထပ်တိုး ကြိုးစားကြည့်ကြည့်ပါ။ ပုံရိပ်တစ်ခုတည်းအဖြစ်ပြန်မမြင်ရတော့ရင် လေ့ကျင့်ခန်းကို အစကနေ ပြန်အစပြုပါ။)

▪️မျက်စိစွေခြင်းအတွက် မျက်စိခွဲစိတ်ကုသမှု (Squint surgery) လည်း ပြုလုပ်နိုင်ပါတယ်။ အသက်အပိုင်းအခြားမရွေး ခွဲစိတ်မှုပြုနိုင်ပေမယ့် အသက် ၆ နှစ်အထိ အရွယ်ငယ်ငယ်တွေမှာဆို ပိုလို့ထိရောက်တယ်ဆိုတယ်။

………

မျက်စိစွေတယ် ဆိုတာဟာ ခန္ဓာကိုယ်ပုံစံတွေ ကွဲပြားကြသလို အပြင်ပန်းအခြေအနေကွဲပြားတာသာ ဖြစ်လို့ စိတ်အားမငယ်ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ရဲ့ သူများနဲ့မတူတဲ့ ထူးခြားတဲ့ မျက်လုံးလေးအဖြစ် မှတ်ယူရင်ဆိုင်ပါ။

မျက်စိဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။

????မျက်စိစွေတဲ့သူတွေကို အားငယ်စေမယ့် စကားလုံးတွေ၊ စနောက်တာတွေ၊ ချိုးနှိမ်တာတွေ မလုပ်ပဲ စိတ်ခွန်အားတွေ အားပေးကြရင်း ကုသမှုခံယူဖို့တိုက်တွန်းကြရအောင်နော်????

???? References :

????MedicalNewsToday | What’s to know about squint, or strabismus?

????NHS | Squint

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here