မိုးအေးအေးနဲ့ သရက်သီး ဆီးချို

0
223

ကဲ… မုတ်သုန်လေးက ၀င်လာပြီ၊ သရက်သီးလေးတွေလည်း ချိုလာပြီတဲ့။

မြန်မာပြည်မှာနေပြီး အပူခံနေရကျိုးနပ်အောင် အပူပိုင်းဒေသရဲ့ ချိုမြတဲ့သရက်သီးလေးတော့ စားလိုက်ဦးမှဆိုပြီး ကိုရင်မောင်တစ်ယောက် တွေးနေလောက်ပါပြီ…။

(“ အချိုကြိုက်တဲ့ ကိုရင်မောင်… ဆီးချိုဖြစ်တဲ့ကောင်” ဆိုပြီး ကွန်မန့်မှာရေးထားတာ တွေ့ဖူးလို့ အခုအာဟာရပိုစ့်လေးထဲမှာ ကိုရင်မောင်ကို ဆီးချိုဖြစ်ပေးလိုက်ပါတယ်)

ကိုရင်မောင်ဆိုသည်မှာလည်း ဆီးချိုဆေးတော့သောက်ပါရဲ့… စားချင်တာရှိပြီဆိုလည်း ဖြေမဆည်နိုင်အောင် ကြိတ်ပစ်လိုက်တာမျိုး။ အရင်အပတ်တွေတုန်းကတော့ မချစ်စု အစိမ်းလေးတွေ ဟင်းလုပ်ပြီး စားပစ်လိုက်သလို အခုတစ်ပတ်ထဲမှာလည်း မိန်းမကို စိန်တစ်လုံးတွေ မဟားဒယားမှာခိုင်းပြီး သူချည်း ကလေးတွေနဲ့အပြိုင် လုစားနေတော့တာ။

ဟော နောက်ရက်တွေကျ အလုပ်လည်း မသွားနိုင်ဘဲ အိပ်ချည်းနေပါလေရော။ ပြီးတော့ မိုးအေးလို့ ကွေးချင်တာဆိုပြီး မိန်းမကို နှိပ်ခိုင်းတာပေါ့။ ဒီလိုနဲ့ ၃-၄ ရက်ဆက် ခေါင်းတွေမူးသလိုလို ခြေလက်တွေထုံသလိုလို ဖြစ်တော့မှပဲ အနားကဆေးခန်း ပြေးရပါလေရော။

ဆေးခန်းမယ် သွေးပေါင်ချိန် အခြေအနေ စစ်ဆေးပြီးနောက် လက်ထိပ်ကိုလည်း ဖောက်လိုက်ရော အားပါးပါး ဆီးချိုဓာတ်က ၄၈၀ တဲ့ဗျား။ ကိုရင်မောင့်ဆရာ၀န်ကတော့ ခေါင်းနပန်းတွေကြီးတာပေါ့။ ကိုရင်မောင်ကတော့ သရက်ကောင်းလေး ကောင်းနေတော့ မူးမူးထုံထုံလေးပေါ့။ ဒါနဲ့ ဆရာ၀န်က အစားအသောက်အကြောင်းတွေ သေချာမေးမြန်းကြည့်ခါမှ ပေါ်လာတော့တယ်… လတ်စသတ်တော့ စိန်တစ်လုံးလက်ချက် ဖြစ်နေတာကိုး။

ဒါနဲ့ပဲ သေချာရှင်းပြရတယ်…

ဒီလို ဒီလို

👇👇

သရက်သီးဆိုတာ ဗီတာမင်ဓာတ်တွေကြွယ်၀ပြီး အရသာလည်းကောင်း စားလို့ကောင်းပေမယ့် ဆီးချို ရှိသူ တစ်ယောက်အနေနဲ့ အတိုင်းအဆမရှိ မစားသင့်​ပါဘူး။

တစ်ကြိမ်စားရင် (တစ်ရက်တာမှာ စားနိုင်တဲ့ပမာဏက) သရက်သီးရဲ့ တစ်ခြမ်းပါပဲတဲ့။ အစိမ်းဆိုရင် သကြားဓာတ်မများဘူး ဆိုပေမယ့်လည်း အစိမ်းဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ် တစ်ခြမ်းသာသာလောက်ထက်တော့ ပိုမစားသင့်ပါ။ တကယ်လို့ သရက်သီးကို စားမိပြီဆိုရင်လည်း အဲဒီရက်မှာ စားပြီးပြီးချင်း ထိုင်လိုက်တာမျိုး မလုပ်ဘဲ အိမ်အလုပ်တွေ ဆက်လုပ်တာမျိုး၊ လမ်းနည်းနည်းလျှောက်တာမျိုး၊ ကလေးတွေနဲ့ ဆော့တာမျိုး စသဖြင့် တစ်ခုခုကို စားပြီးချိန်မှာ အနည်းငယ်လုပ်သင့်ပါတယ်။

သရက်သီးမှ မဟုတ်ပါဘူး။

မိုးရာသီမှာ အသီးအနှံတွေက ပေါပေါများများလည်း ရသလို ချိုမြတယ်၊ ရင်အေးတယ်၊ စားလို့ကောင်းတယ်၊ ခံတွင်းတွေ့တယ်ဆိုပြီး ပိုစားဖြစ်ကြပါတယ်။ ကလေးငယ်၊ ကိုယ်၀န်ဆောင်နဲ့ ကြီးထွားဖွံဖြိုးနေတဲ့ အရွယ်တွေမှာတော့ အသီးအနှံတွေဟာ အင်မတန်မှကို ကောင်းမွန်တဲ့ သရေစာလို့ ပြောလို့ရပါတယ်။ ကယ်လိုရီလည်းများ၊ ဗီတာမင်လည်းပါတော့ ကောင်းတာပေါ့။ ဒါပေမယ့် ၀ိတ်လျှော့နေတဲ့သူတွေ၊ ဆီးချိုရှိသူတွေနဲ့ ယူရစ်အက်ဆစ်များသူတွေကတော့ ချင့်ချိန်ပြီးတော့မှ စားသင့်ပါတယ်။

အထူးသဖြင့် ဒူးရင်းသီးဆို (အစေ့တစ်စေ့ပါတဲ့) အဆန်တစ်ဆန်စာသာ စားသင့်ပါတယ်။ ဖရဲသီးဆိုရင် အစိတ်သေးလေး ၈ စိတ်၊ ငှက်ပျောသီးဆို ရခိုင်သီးလို အသေးဆို တစ်လုံး၊ ဖီးကြမ်းဆို တစ်ခြမ်း၊ သီးမွှေးဆို ၃ ပုံ ၁ ပုံထက် ပိုမစားသင့်ပါဘူး။

အခြားအသီးတွေအနေနဲ့ကတော့…

– စပျစ်သီးဆို အလုံးကြီးဆို ၆ လုံး၊ အသေးဆို ၁၀ လုံး

– မင်းကွတ်သီး ၄ လုံး

– ကြက်မောက်သီး ၄-၆ လုံး

– လိုင်ချိီးသီး ၄-၆ လုံး

– နာနတ်သီး အစိတ်သေး ၄ စိတ်

– ပိန္နဲသီး ၂ ဆန်ထက် တစ်နေ့တာမှာ ပိုမစားသင့်ပါဘူး။

မာလကာသီး၊ ပန်းသီးကတော့ အချိုမကဲတဲ့အတွက် တစ်ခါစားရင် အလုံးကြီးဆို တစ်ခြမ်း၊ အလတ်ဆို တစ်လုံး စားနိုင်ပါတယ်။

အသီးအနှံတွေက သဘာ၀ကပေးတဲ့ လက်ဆောင်ပါ။ ဒါပေမယ့် “ သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဆိုသလို ချင့်ချိန်စားသုံးဖို့တော့ အကြံပေးလိုပါတယ်။

အသီးအနှံတွေက ၀မ်းလည်းမှန်စေပါတယ်။

အသီးဖျော်ရည်တွေကတော့ နို့ဆီ၊ သကြား ထပ်ဆောင်းပါပြီး အသီးအများကြီးကိုသုံးမှ ဖျော်ရည်ဖြစ်တာမို့ အားမပေးပါ။ အသီးခြောက်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အချိုဓာတ်က လျော့မသွားဘဲ သေးသေးလေးဖြစ်သွားတော့ အများကြီးပိုစားမိစေပါတယ်​။ ဒါကြောင့် အသီးစစ်စစ်ကိုပဲ စားကြပါ၊ ကိုရင်မောင်လို ဆီးချိုတစ်ဖက်နဲ့ အသီးအနှံတွေလည်း စိတ်ကြိုက်မစားပါနဲ့လို့ အာဟာရရှုထောင့်ကနေ အကြံကောင်း ပေးလိုက်ချင်ပါတယ်။

ပြည်သူအပေါင်း ဗဟုသုတ တိုးပွားကြပါစေ….။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here