လောကမှာ သက်ရှိတိုင်းဟာ သဘာ၀တရားအရ မျိုးဆက်ပွားခြင်းဆိုတဲ့ ဖြစ်စဉ်မှာ ပါ၀င်လုပ်ဆောင်ကြရတယ်။ မွေးလာတဲ့ ကလေးတွေဟာ ဘယ်အချိန်မှာ မွေးဖွားမယ်ဆိုတာကို ရွေးချယ်ခွင့်မရပေမယ့် မိဘတွေကတော့ ကလေးယူမယ်၊ မယူသေးဘူးနဲ့ ဘယ်အချိန်မှာ မွေးဖွားမယ် ဆိုတာကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်းဆုံမှ လူသားတစ်ယောက်ဖြစ်လာတာ မဟုတ်ရပါ။ လိင်ဆက်ဆံမှုရှိမယ်ဆိုရင် ကလေးလေးတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိနေပီဆိုတာဟာ အသေအချာပါပဲ။
.

ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ ရွေးချယ်စရာတွေလည်း အရမ်းများလာပီ ဖြစ်ပါတယ်။ ခေတ်မီဆေးပညာတွေ၊ နည်းပညာတွေကို လက်လှမ်းမီ ရယူနိုင်ဖို့ဆိုတာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်က ကလေးတစ်ဒါဇင်လောက် လိုချင်တယ်ဆိုရင်တောင် မိခင်ရော၊ ကလေးရော ကျန်းမာဖို့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ရိုးရိုးမွေးရင် အနည်းဆုံးနှစ်နှစ်၊ ခွဲမွေးရင် အနည်းဆုံးသုံးနှစ်ကြာအောင် သားဆက်ခြားသင့်ပါတယ်။

ဒီလိုပဲ ကလေးရလာတာပါပဲ။ ကံပေါ့ဆိုတာဟာ မဟုတ်ပါ။ ကံဆိုတာ အလုပ်သာလျှင် ဖြစ်ပါတယ်။ ဖိုမဆက်ဆံမှုရှိမယ်ဆိုရင် ကလေးရလာမှာ ဖြစ်ပါတယ်။ ဆက်ဆံမှုမရှိဘဲ ကလေးမရနိုင်ပါ။ ဖန်ပြွန်သ‌န္ဓေသားတို့၊ သုတ်ပိုးအလှူရှင်ဆီက သုတ်ပိုးယူပီး ကလေးယူတာမျိုးတို့တွေက ခြွင်းချက်ပေါ့‌လေ။ အကြမ်းဖျင်းကတော့ သဘာ၀တရားအရ ဖိုမဆိုင်ရာ ချစ်တင်းနှောမယ်ဆိုရင် ကလေးရနိုင်‌ခြေ ရှိတာဖြစ်ပါတယ်။

မလိုချင်သေးရင် မရအောင် ကာကွယ်ထားရပါမယ်။ ကာကွယ်တားဆီးလို့လည်း ရပါတယ်။ ဒါမှသာ မိဘရော ကလေးရောအတွက် ပျော်ံရွှင်စရာ‌ကောင်းတဲ့ မိသားစုတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အစစ အရာရာ ကျပ်တည်းနေတဲ့ ခေတ်မှာ ကလေး တစ်ဒါဇင်လောက်ရှိနေခြင်းဟာ ချမ်းသာကြွယ်၀သူဖြစ်နေရင်တောင် ရင်ဆိုင်ရမယ့် အခက်အခဲတွေ ရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ သေချာပြင်ဆင်စဉ်းစားထားတဲ့ မိသားစု စီမံကိန်းလေးရှိဖို့ လိုအပ်ပါတယ်။
.

ကဲ… ဒီတော့ မပြင်ဆင်ထားသေးဘဲ ကလေးလေးမလိုချင်သေးရင်၊ ကလေး တစ်ယောက်နဲ့ တစ်ယောက်ကြား ကျန်းမာရေးရှုထောင့်အနေနဲ့ သားဆက်ခြားဖို့ လိုအပ်ရင်၊ ကလေးထပ်မလိုချင်တော့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ပီး သားဆက်ခြားလို့ ရတယ်ဆိုတာလေးတွေ သိရအောင် ဆက်ကြည့်ကြပါစို့…..

အကြမ်းဖျင်းအားဖြင့် သဘာ၀အတိုင်း သားဆက်ခြားနည်းနဲ့ ဆေးပညာပိုင်းဆိုင်ရာအကူအညီနဲ့ သားဆက်ခြားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။

သဘာ၀အတိုင်းဆိုတာ ဘာဆေး၊ ဘာပစ္စည်းမှမသောက်၊ မသုံးဘူးလို့ အကြမ်းဖျင်းပြောလို့ရတယ်။ အဲဒါတွေက …

၁) လုံး၀ရှောင်ကြဉ်ခြင်း

  • လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်းပေါ့။ ရှင်းပါတယ်။ လိင်ဆက်ဆံမှုမရှိမှတော့ ကလေးလေးရစရာအကြောင်းလည်း မရှိတော့ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းကြီးက လက်တွေ့ မကျဘူးလေ .. ဟုတ်တယ် ဟုတ်။

၂) အမျိုးသားသုတ်ရည်အား အပြင်ဘက်သို့သာ ထုတ်လွှတ်ခြင်း

  • အမျိုးသားရဲ့ သုတ်ရည်ကို မိန်းမကိုယ်ထဲမှာ မထုတ်လွှတ်ဘဲ ပြင်ပမှာထုတ်လွှတ်တာကို ဆိုလိုတာပါ။ ဒါဟာလည်း သိပ် သဘာ၀မကျသလို သိပ်စိတ်မချရတဲ့ နည်းလမ်းလို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုရင် သုတ်ရည်အပြီးမလွှတ်ခင် အစပိုင်း အရည်ကြည်လေးတွေမှာလည်း သုတ်ကောင်လေးတွေ ပါ၀င်ကောင်း၊ ပါ၀င်နေနိုင်တာကြောင့်ဖြစ်ပါတယ်။ သို့ပေမယ့် နည်းလမ်းတခုအနေနဲ့တော့ ထည့်သွင်းစဉ်းစားလို့ ရတယ်‌ပေါ့လေ။

၃) ရက်ရှောင်ခြင်း

  • မိန်းကလေးတွေမှာ ရာသီစက်၀န်းပေါ်မူတည်ပီး ကိုယ်၀န်ရနိုင်ခြေအရမ်းနည်းတဲ့ ရက်တွေနဲ့ ရနိုင်ခြေများတဲ့ရက်တွေ ဆိုပြီး ရှိပါတယ်။ ရနိုင်ခြေအရမ်းနည်းတယ်လို့ထိပဲ ဆိုလိုတာဖြစ်တဲ့အတွက် မရနိုင်ဘူးလို့ တထစ်ချ ဆိုလိုထားတာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သေချာတွက်ချက်ထားနိုင်မယ်ဆိုရင် သဘာ၀အတိုင်း သားဆက်ခြားနည်းတစ်မျိုးပါပဲ။

သဘာဝအတိုင်းမဟုတ်ဘဲ နောက်တစ်နည်းအနေနဲ့ကတော့ တစ်ခုခုသုံးစွဲပီးမှ တားဆီးနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ အဲမှာတော့ အကြမ်းဖျင်းခွဲပြရရင် ရေတိုသားဆက်ခြားနည်းနဲ့ ရေရှည်သားဆက်ခြားနည်းဆိုပြီး ရှိပါတယ်။ တစ်ခုခုသုံးစွဲရတယ်လို့ ပြောတဲ့အတွက် အဲဒါရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိတယ်ပေါ့‌လေ။

ကိုယ်နဲ့ တည့်တယ်၊ မတည့်ဘူး ပြောတာထက် ဘာကောင်းကျိုးရှိလဲ၊ ဘာဆိုးကျိုးရှိတယ်ဆိုတာတွေကို သေချာနားလည်ပီး ကိုယ်က ဘယ်လိုမျိုးဆို လက်ခံနိုင်တယ်။ ဘယ်လိုဆို လက်မခံနိုင်ဘူးဆိုတာကို သုံးစွဲမယ့်သူကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကောင်းကျိုး၊ ဆိုးကျိုးက ကိုယ်တိုင်ခံစားရမှာ ဖြစ်တာ‌ကြောင့်ပါ။ ဘေးထွက်ဆိုးကျိုးက တစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်ပီး တူညီမှာ မဟုတ်တာကြောင့် ဘေးထွက် ဆိုးကျိုးတွေကို ခံစားခဲ့ရရင်လည်း ဘယ်လိုတွေ လုပ်လို့ရနိုင်တယ်ဆိုတာတွေ ကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။ လောကကြီးမှာ ပြီးပြည့်စုံမှုဆိုတာ မရှိနိုင်တာကို သိထားရပါမယ်။ သို့ပေမယ့် ကောင်းကျိုးက ပိုများတာမို့ ဒီလိုဆေးတွေ၊ နည်းလမ်းတွေ ပေါ်ပေါက်လာခြင်းသာ ဖြစ်ပါတယ်။


.

အသေးစိတ် ဆက်ရမယ်ဆိုရင်… ရေတိုဆိုတာ ခဏတာအတွက်ပါ။ အကြမ်းဖျင်းအနေနဲ့ တစ်ရက်ကနေ အလွန်ဆုံးနှစ်နှစ်၊ သုံးနှစ်ထိပဲ သုံးသင့်ပါတယ်။ ပိုသုံးရင်ကော မရဘူးလားဆိုရင် ရပေမယ့် ‌ရေရှည်မှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုရှိလာနိုင်ပါတယ်။ ကောင်းကျိုးထက် ရေရှည်မှာဖြစ်လာမယ့်ဆိုးကျိုးတွေ ပိုများလာနိုင်မယ်ပေါ့‌လေ။ ပိုသင့်တော်တဲ့ ရေရှည်နည်းလမ်းကို ပိုရွေးသင့်ပါတယ်။

ကဲ … ဒါဆို ဘာနည်းလမ်းတွေလည်း ဆက်လိုက်ရအောင်။

၁) ကိုယ်၀န်တားဆေး 

  • ဆေးဆိုတော့ သောက်ရမယ့်ဟာပေါ့။ ဟော်မုန်းနှစ်မျိုးပါတဲ့ဆေး ဖြစ်ပါတယ်။ တစ်နေ့တစ်လုံး မပျက်မကွက် အချိန်မှန်သောက်ရပါမယ်။ သူက တစ်လတစ်ခါ ပုံမှန် ရာသီသွေးလာပါတယ်။ ပုံမှန် တားဆေးမသုံးတဲ့သူတွေလို၊ အပျိုလိုတော့ မဟုတ်ဘဲ ရာသီသွေးက နည်းကောင်းနည်းနိုင်ပါတယ်။ နည်းတာက မကောင်းတာ မဟုတ်ပါ။ ဆေးရဲ့ အာနိသင် တစ်ခုလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ပုံမှန်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ များတော့ များလေ့ သိပ်မရှိပါ။ ၂ ရက်ကနေ ၇ ရက်ထိ ဖြစ်နိုင်ပါတယ်။  အဲ့ဒီတော့ ကိုယ်စဉ်းစားရမှာက ကိုယ်က တစ်နေ့တစ်လုံး အချိန်မှန် မပျက်မကွက် သောက်နိုင်လား ဆိုတာကိုပါ။ ပျက်ကွက်ခဲ့ရင်တော့ ဘယ်လိုဆက်လုပ်ရမလည်းဆိုတာကို ဆရာ၀န်နဲ့ တိုင်ပင်ရပါမယ်။

၂) သုံးလခံ ထိုးဆေး

  • ဟော်မုန်းတစ်မျိုးတည်းပါတဲ့ဆေး ဖြစ်ပါတယ်။ ထိုးဆေးဆိုတော့ ထိုးရမှာပေါ့။ သုံးလခံဆိုတဲ့အတိုင်း သုံးလတခါ ထိုးရပါမယ်။ သုံးလခံ ဆိုတာ အရပ်ထဲသုံးရာကနေဖြစ်လာတဲ့ စကားလုံးပါ။ တကယ်တော့ ဆေးအာနိသင်က ၁၂ ပတ်ပါ။ သုံးလဆိုတာ ၁၃ ပတ်လောက်ရှိပါတယ်။ ဒါကြောင့် သေချာ ကိုယ်၀န်တားချင်ရင် ၁၂ ပတ်တစ်ခါ ထိုးရပါမယ်။ ဟော်မုန်းတစ်မျိုးတည်းမို့ ဟော်မုန်းဘေးထွက်ဆိုးကျိုး ရှိပါမယ်။

အဓိကက ရာသီပုံမှန်မဟုတ်ခြင်းပါ။ ဘေးထွက်ဆိုးကျိုးလို့ ပြောတာဖြစ်တဲ့တွက် တစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါ။ မကောင်းတာ မဟုတ်ပါဘူး။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုမျှသာဖြစ်ပါတယ်။ တစ်ချို့က ဆေးထိုးပေမယ့် တစ်လတစ်ခါ ရာသီသွေးလာတဲ့သူရှိပါတယ်။ လုံး၀မလာတဲ့သူရော၊ လာချင်သလိုလာတဲ့သူ‌ရော၊ ဆက်တိုက် လာနေတဲ့သူရော ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေဟာ ကျန်းမာရေးပြသာနာ မဟုတ်ပါ။ စိတ်ပူရင် အသေးစိတ်ကို ဆရာ၀န်နဲ့ တိုင်ပင်နိုင်ပါတယ်။

နောက်ထပ် ဘေးထွက်ဆိုးကျိုး တစ်ခုက ပိန်ခြင်း၊ ၀ခြင်းပါ။ ဒါဟာလဲ ဟော်မုန်းက အစာစားချင်စိတ်အပေါ် သက်ရောက်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ အစာစားချင်စိတ်ကို လှုံ့ဆော်လို့ ကိုယ်က မဆင်မခြင်၊ များများစားမိမယ်ဆိုရင် ၀လာပါမယ်‌နော်။ အစာစားချင်စိတ်ကို အားလျော့စေရင် အစာစားတာနည်းပြီး ပိန်လာမှာပါ။ အဲလိုပါ။ ပုံမှန် အစားအသောက်ကို သေချာမျှတစွာစားမယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်ဆိုရင် ၀တာ၊ ပိန်တာတွေဟာ သိသိသာသာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ 

နောက်တစ်ခုက တော့ ကွန်ဒုံး ပေါ့။

သူကတော့ အရေးအပါဆုံးဖြစ်ပါတယ်။ ကိုယ်၀န်အပြင် လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ တားဆီးနိုင်ပါတယ်။ ရေတိုရော ရေရှည်ရော သုံးလို့ရတယ်။ တစ်ခုပဲ။ လိင် စတင်မဆက်ဆံခင်ကနေ လိင်ဆက်ဆံ‌နေစဥ်တလျှောက်လုံးမှာ စနစ်တကျ သုံးစွဲပေးရမှာပါ။ လိင်ဆက်ဆံတိုင်း သုံးစွဲပေးရမယ်ဆိုတဲ့ သဘောပါနော်။ ကွန်ဒုံးမှာပါတဲ့ရော်ဘာက ဓာတ်မတည့်ဖြစ်တတ်တဲ့သူကလွဲရင် တခြားဘေးထွက် ဆိုးကျိုးမရှိပါဘူး။ အမျိုးသားသုံး‌ရော၊ အမျိုးသမီးသုံး ကွန်ဒုံးရော ရှိပါတယ်။ သေချာ စနစ်တကျ သေသေချာချာ နည်းလမ်းမှန်စွာ သုံးစွဲရမှာဖြစ်ပြီး သေချာအသုံးပြုနိုင်မယ်ဆိုရင် ကျန်းမာရေးရှုထောင့်အရ အသင့်တော်ဆုံးနဲ့ သုံးစွဲဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
.

ရေရှည်တားတဲ့ နည်းလမ်းတွေဘက် ဆက်ကြမယ်နော်။

အမျိုးသမီးတွေက အပျိုဖော်စ၀င်ရာကနေ သွေးမဆုံးခင်ထိ လိင်ဆက်ဆံမှု ရှိမယ်ဆိုရင် ကိုယ်၀န်ရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ရေရှည်သားဆက်ခြားနည်းတွေဟာ လိုအပ်ပါတယ်။

၁) လက်မောင်းထဲ ပစ္စည်းထည့်ခြင်း

  • လက်မောင်းထဲ ပစ္စည်းထည့်တယ် ဆိုတာနဲ့ တချို့က ကြောက်တတ်ကြပါတယ်။ တကယ်က သွားကြားထိုးတံလောက်ပဲရှိတဲ့ ဆီလီကွန်အပျော့စားအချောင်းလေးကို အရေပြားအောက်မှာ ထည့်ထားရတာသာဖြစ်ပါတယ်။ ကြီးကြီးမားမား မဟုတ်ပါဘူး။ အဲပစ္စည်းလေးကို ထည့်ဖို့၊ ထုတ်ဖို့အတွက်ကတော့ စနစ်တကျ ကျွမ်းကျင်တဲ့ ကျန်းမာရေး၀န်ထမ်း၊ ဆရာ၀န်၊ ဆရာမ တွေက လုပ်ပေးရမှာ ဖြစ်ပါတယ်။ သုံးနှစ်ကနေ ငါးနှစ်အထိ ကိုယ်၀န်တားနိုင်ပါတယ်။ ကိုယ်၀န်လိုချင်တဲ့အချိန်မှာ အဲပစ္စည်းကိုထုတ်ပီး ချက်ချင်း ကိုယ်၀န်ယူလို့ရပါတယ်။ ဟော်မုန်း တစ်မျိုးတည်းပါတဲ့ အမျိုးအစားဖြစ်လို့ ဟော်မုန်းဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ထိုးဆေးနဲ့ အလားတူ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ သုံးလခံ ထိုး‌ဆေးလောက် ဘေးထွက် ဆိုးကျိုးမများဘူးလို့ ဆိုကြပါတယ်။ တစ်ဦးချင်းစီအပေါ်တော့ မူတည်ပါတယ်။

၂) သားအိမ်ထဲ ပစ္စည်းထည့်ခြင်း

  • သူလဲ တူတူပါပဲ… တီ ပုံစံ ရှိတဲ့ သွားကြားထိုးတံလောက် ပစ္စည်းလေးကို သားအိမ်ထဲ ထည့်ထားရတာပါ။ ရှိနေမှန်း၊ ထည့်ထားရမှန်းတောင် ခံစားရမှာ မဟုတ်ပါ။ ပစ္စည်းလေးမှာ ပါတဲ့ ကြိုးလေးကိုတော့ သားအိမ်၀ကနေ ထုတ်ထားပေးတာဖြစ်ပါတယ်။ သူကလဲ သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်အတွင်းမှာ သူ့ဘာသာသူ ဘေးကပ်နေမှာ ဖြစ်ပါတယ်။ ဟော်မုန်းပါတဲ့ ဆေးမဟုတ်တဲ့အတွက် ဟော်မုန်းဘေးထွက်ဆိုးကျိုး တွေလည်း ဖြစ်လာမှာ မဟုတ်ပါ။ တစ်လတစ်ခါ ပုံမှန်ရာသီ လာမှာ ဖြစ်ပါတယ်။ ငါးနှစ်ကနေ ဆယ်နှစ်အထိ တားနိုင်ပါတယ်။ ရာသီလာချိန်မှာတော့ ပုံမှန်ထက် ကိုက်ခဲတာလေးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကလေးမွေးဖူးတဲ့ မိခင်တွေအတွက် ပိုသင့်တော်တယ်လို့ ဆိုနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာ၀န်, ဆရာမတွေက ထည့်ပေး၊ ထုတ်ပေးဖို့ လိုအပ်မှာပါ။

၃) အမျိုးသား သားကြောဖြတ်ခြင်း နှင့် အမျိုးသမီး သားကြောဖြတ်ခြင်း

  • ဒါတွေကတော့ ဇနီး‌‌မောင်နှံနှစ်ဦး သေချာ စဉ်းစားတိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်တာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုရင် သူက ကလေးလုံး၀ထပ်မရနိုင်တော့တဲ့ ရာသက်ပန်နည်းလမ်းတွေမို့ ဖြစ်ပါတယ်။ အမျိုးသားတွေကတော့ ထုံဆေးလေးနဲ့တင် ဖြတ်လို့ရပြီး အမျိုးသမီးတွေကတော့ ခွဲစိတ်ပြီး ဖြတ်ရမှာပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာ တစ်ခုကတော့ အရေးပေါ် ကိုယ်၀န်တားဆေး ဖြစ်ပါတယ်။ ဒီနေရာမှာ “ အရေးပေါ် ” ဆိုတဲ့ စကားလုံးက အသက်ပါနော်။ အရေးပေါ် ဆိုတာ အရေးပေါ် အခြေအနေအတွက် ဆိုလိုတာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေဆိုတာ ဘ၀မှာ သုံး၊ လေးကြိမ် ထက် မပိုသင့်ဘူးမလား။ အဲထက် ပိုနေပီ။ ခဏခဏ ဖြစ်နေပြီ ဆိုရင်တော့ အရေးပေါ် မဟုတ်တော့ဘူးလေနော်။ ပေါ့ဆမှု ဖြစ်သွားပြီ။ ကွန်ဒုံး ပေါက်သွားတာမျိုး၊ အလိုမတူပဲ လိင်ဆက်ဆံခံရတာမျိုးတို့ ဒီလိုအခြေအနေတွေကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ဟော်မုန်း နှစ်မျိုးပါတာ ဖြစ်ပီး ပါ၀င်တဲ့ ပမာဏကလဲ များပါတယ်။ ၇၂ နာရီ အတွင်းပဲ သောက်လို့ရပါတယ်။ အရေးပေါ် အခြေအနေအတွက် ထုတ်ထားတာ ဖြစ်တဲ့အတွက် ခဏခဏ သောက်မိရင် ဘာဖြစ်မလဲ ဆိုတာအတွက်ကိုတော့ တိကျတဲ့ သုသေသနအဖြေ မရှိ‌သေးပါဘူး။ ဘာလို့လည်းဆိုရင် အရေး‌ပေါ် အတွက်ပဲသုံးဖို့ ထုတ်ထားတာမို့ပါ။ သေချာတာကတော့ မလိုလားအပ်တဲ့ ဟော်မုန်း‌ကြောင့်ဖြစ်တဲ့ ရေရှည် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

ကဲ…. နည်းလမ်းတွေလည်း စုံစုံလင်လင် သိပြီဆိုတော့… ကိုယ်က ဘယ်လိုဖြစ်ချင်တာလဲ။ ဘယ်နည်းလမ်းနဲ့ သင့်တော်မလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတာမျိုး မရှိနိုင်တဲ့ အတွက် ဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်လာရင်လည်း မကြောက်လန့် မစိုးရိမ်ဘဲ အရပ်က ပြောစကားတွေကို အလွယ်မယုံဘဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ရမှာပါနော်။

နောက်တစ်ခုက အဲ့နည်းလမ်းတွေ (အထူးသဖြင့် သောက်ဆေး, ထိုးဆေး နဲ့ ပစည်းထည့်တဲ့ နည်းလမ်းတွေ) ကို ဘယ်လို အချိန်မှာ စနစ်တကျ သုံးရမယ်ဆိုတာဟာလည်း အရေးကြီးပါတယ်။ ခုသောက်၊ ခု ချက်ချင်းအာနိသင်ရတာတွေ မဟုတ်တာမို့ ဘယ်နည်းလမ်းကို သုံးမယ်ဆိုတာကိုလည်း ကျွမ်းကျင်တဲ့ ကျန်းမာရေး၀န်ထမ်း ၊ ဆရာ၀န်၊ ဆရာမတွေနဲ့ အရင်ဆုံးတိုင်ပင် သင့်ပါတယ်။

လက်တွဲဖော်တိုင်း မိမိတို့ရဲ့ မိသားစု စီမံကိန်းလေးကို စနစ်တကျ ရေးဆွဲနိုင်ဖို့ ဆုမွန်ခြွေရင်း …….

ဒေါက်တာ ယောနဿန်

..

.

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here