နေ့တစ်နေ့ရဲ့ မနက်ခင်းအစဟာဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာ အရေးကြီးတယ်လို့ ပြောရမှာပါ။ မနက်ခင်းကို မင်္ဂလာတရားတွေနဲ့ ပြည့်ဝအောင်နေဖို့ လူကြီးသူမတွေ ပြောဆိုဆုံးမတတ်ကြတာ ရှိကြပါတယ်။ မနက်စောစောကို မင်္ဂလာယူပါ၊ အမင်္ဂလာတွေ မဖြစ်ပါစေနဲ့ဆိုပြီး ပြောဆိုကြတာတွေရှိသလို မနက်မိုးလင်းစအချိန်တွေမှာ ဆူတာ၊ ဆဲဆိုကြိမ်းမောင်းတာတွေမလုပ်ဖို့ ဆုံးမကြတာတွေလည်း ရှိကြတာကို ကြားဖူးကြမှာပါ။

တကယ်လည်း မနက်ခင်းဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာလုံးအတွက် အရေးကြီးလှပါတယ်။ မနက်ခင်း အိပ်ရာထတဲ့အချိန်မှာ နေမကောင်းနေလို့ ခံစားချက်တွေ မကောင်းတာပဲဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုဖြစ်လို့ ဒေါသစိတ်တွေ ဝင်လာတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို စိတ်အလိုမကျနေလို့ပဲဖြစ်ဖြစ် အဲဒီလိုတွေဖြစ်ပေါ်လာရင် အဲဒီတစ်နေ့လုံးမှာ အဆင်မပြေတာတွေ၊ စိတ်မကြည်လင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အိမ်ကနေစပြီး အဆင်မပြေလိုက်တာဟာ လုပ်ငန်းခွင်ထိ ပါသွားတတ်ကြပါတယ်။ မနက်ခင်းအဆင်မပြေမှုလေးတစ်ခု၊ စိတ်အလိုမကျမှုလေးတစ်ခုကနေ လုပ်ငန်းခွင်အထိပါသွားမယ်၊ ကျောင်းအထိပါသွားမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်မှာ၊ ကျောင်းစာလေ့လာမှုတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာကြမှာပါပဲ။

ကျွန်တော်တို့တွေမှာ နားလည်လက်ခံထားကြတာတစ်ခုက မနက်ခင်းမှာ စိတ်ကြည်လင်မှုတွေနဲ့ နိုးထလာမယ်၊ အိမ်မှာလည်း ဘာပြဿနာမှ မရှိနေသလို စကားများကြတာလည်း မရှိဘူးဆိုရင် အဲဒီတစ်နေ့တာလုံးအတွက် မိမိရဲ့လုပ်ငန်းခွင်မှာ အစစအရာရာ အဆင်ပြေတယ်၊ ပိုပြီးစီးပွားဖြစ်တယ်၊ အလုပ်လုပ်ရတာလည်း ပိုအဆင်ပြေကြပြီး အလုပ်ကို ပိုပြီးအာရုံစူးစိုက်စွာနဲ့ လုပ်ကိုင်နိုင်ကြတယ်လို့လည်း ယုံကြည်လက်ခံထားကြတာပါ။

မနက်ခင်းကို စိတ်တွေမကြည်လင်ဘဲ နိုးထလာတဲ့အခါ၊ ခေါင်းတွေ မကြည်လင်နေဘဲ နိုးထလာရတဲ့အခါ အဲဒီတစ်နေ့တာလုံးအတွက် နေရထိုင်ရတာ တစ်နေကုန် အဆင်မပြေသလို ဖြစ်ကြတော့တာပါပဲ။ ခေါင်းတွေကကိုက်၊ ဇတ်ကြောတွေကတက်နဲ့ စိတ်ဖိစီးမှုတွေ ခံစားရတတ်ပြီး စိတ်မပျော်ရွှင်ရခြင်းတွေ စတင်ခံစားရပါတော့တယ်။

လူတိုင်းလူတိုင်းအတွက် ကိုယ့်ရဲ့ မနက်ခင်းတိုင်းဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ မနက်ခင်းတွေမှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေဟာ ကျွန်တော်တို့ရဲ့ တစ်နေ့တာ လှုပ်ရှားသွားလာမှုတွေအပေါ်၊ စဥ်းစားဆုံးဖြတ်မှုတွေအပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိနေတတ်ကြပါတယ်။

ဒါကြောင့် ကျွန်တော်တို့အတွက် မနက်ခင်းတွေမှာ မိမိကိုယ်ကိုစောင့်ရှောက်မှုလို့ခေါ်တဲ့ (Morning Self Care) ကို သေချာဂရုစိုက်ကြရပါမယ်။ ကျွန်တော်အကြံပြုလိုတာကတော့ မနက်ပိုင်းတွေမှာ ကိုယ့်အတွက် အချိန်လေးတစ်ခုပေးပြီး မိမိကိုယ်ကိုဂရုစိုက်တဲ့ (Morning Self Care) လေးကို ဂရုတစိုက်နဲ့ ကြိုးစားပြီး လုပ်ဆောင်ကြည့်ပေးဖို့ပါ။ မနက်ခင်း အိပ်ရာနိုးလာတာနဲ့ ဒီနေ့ဟာ မင်္ဂလာရှိသောနေ့လေးတစ်နေ့ပါဆိုပြီး စိတ်ထဲကနေပဲဖြစ်ဖြစ်၊ အသံထွက်ပြီးပဲဖြစ်ဖြစ် ရေရွတ်ပြီး မိမိကိုယ်ကို ဦးစွာအရင်ဆုံးနှုတ်ဆက်လိုက်ပါ။ မျက်နှာသစ်၊ သွားတိုက်၊ ရေအိမ်သွားပြီးတာနဲ့ မိမိတို့ကိုးကွယ်ရာ ဘာသာတရားအလိုက် ကောင်းမှုကုသ်ိုလ်တစ်ခုခုကို ပြုလုပ်ပြီး အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ကြည့်လိုက်ရုံနဲ့တင် အဲဒီတစ်နေ့တာက ကိုယ့်အတွက် အဆင်ပြေဆုံးတစ်နေ့ ဖြစ်လာပါလိမ့်မယ်။

Gratitude affirmations လုပ်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုခုကို နေ့စဥ် ပုံမှန်လုပ်နိုင်ရင် ပိုကောင်းပါတယ်။ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ပြေးတာ၊ Zumba ၊ Aerobic လုပ်တာ စတဲ့ကိုယ်နှစ်သက်ရာ၊ ကိုယ်နဲ့အဆင်ပြေရာ အားကစားတစ်ခုခုကို နေ့စဉ်ပုံမှန် ပြုလုပ်သွားသင့်ပါတယ်။

မနက်စာကိုလည်း ကောင်းကောင်းစားပါ။ ဝအောင်စားပါ။ ရေကို သောက်နိုင်သလောက် များများသောက်ပါ။တစ်နေကုန်လုပ်ရမယ့်အလုပ်တွေကို စဥ်းစားပြီး ချရေးသင့်ရင် ရေးထားပြီး Check List လုပ်ထားပါ။ မိမိကိုယ်ကို စကားပြောပေးပါ။ မနက်ခင်းမှာ နေခြည်နွေးနွေးခံဖို့ အဆင်ပြေရင် နေရောင်ခြည်လေး ခံပေးပါ။ ဘာပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ အတွေးတွေပဲ တွေးနိုင်အောင် ကြိုးစားပြီးနေထိုင်ပါ။ လန်းဆန်းတက်ကြွသွားအောင် ရေသေချာချိုးပေးပါ။ မိမိကိုယ်ကို လှလှပပဖြီးလိမ်းပြင်ဆင်ပြီး လှပသန့်ရှင်းစွာ ဝတ်စားနေထိုင်ပါ။ အဲဒီလို အလေ့အကျင့်လေးလုပ်ပြီး နောက်ပိုင်းမှာ အလေ့အထလေးတစ်ခု ဖြစ်သွားနိုင်ရင်တော့ ပိုပြီးကောင်းမွန်ပါတယ်။

ဒါတွေလုပ်ရင် တစ်နေကုန် အဆင်ပြေနေမှာလား၊ စိတ်ချမ်းသာနေမှာလားဆိုရင်တော့ အရာအားလုံး အလုံးစုံ အဆင်ပြေနိုင်ပါတယ်လို့တော့ အတိအကျမပြောနိုင်ပေမယ့် ကျွန်တော့်ရဲ့ ကိုယ်တွေ့တွေအရတော့ အဆင်ပြေတယ်လို့ ပြောရမှာပါ။ စိတ်ဖိစီးမှုတွေ၊ စိတ်အလိုမကျမှုတွေ၊ အဆင်မပြေမှုတွေကတော့ နေ့စဥ်ဘဝမှာ ရှိနေမှာပါ။ အဲဒီစိတ်ဖိစီးတာတွေ၊ အဆင်မပြေတာတွေကနေ အနည်းငယ်လျော့ပါးသွားရင်ကို ကျွန်တော်တို့အတွက် အဆင်ပြေလှပါပြီ။

အခုကာလကြီးမှာ စိတ်ဖိစီးတာတွေ၊ စိတ်မချမ်းသာစရာတွေ အများကြီးကြုံနေ၊ ကြားနေ၊ မြင်နေတွေ့နေကြရပေမယ့် ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတာမို့ မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ရင်း၊ အချင်းချင်း တတ်နိုင်သလောက်ဖေးမကူညီရင်း နေထိုင်သွားကြရမှာပါ။

အခုလိုအကြံပြုချက်တွေက တချို့သောသူတွေအတွက် အဆင်ပြေချင်မှပြေမှာဖြစ်ပေမယ့် နေ့စဉ် သေချာလေး ကြိုးစားပြီး လုပ်ဆောင်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာတိုင်းမှာ စိတ်ပေါ့ပါးမှုတွေနဲ့ သိသိသာသာ ကြည်လင်လာပါလိမ့်မယ်။ အခုလို ကာလဆိုး၊ အခြေအနေဆိုးတွေမှာ တချို့သောသူတွေအတွက် အဲဒီလိုလုပ်ကိုင်နိုင်ဖို့ အခက်အခဲတွေ ရှိနိုင်မှာကိုလည်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေ ပိုမိုကြံ့ခိုင်လာအောင် ရနိုင်သလောက် ကြိုးစားပြီး လုပ်ကြည့်နိုင်ကြရင်ကို ကိုယ့်အတွက်ပိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေရရှိလာမှာ မလွဲဧကန်ပါပဲ။

အခုလိုအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး သန်စွမ်းနေဖို့ ပိုလိုအပ်ပါတယ်။ တော်လှန်ရေးကာလမှာ ကိုယ်ကျန်းမာရေးက အရေးကြီးသလို စိတ်ကျန်းမာရေးကလည်း အရေးကြီးတာမို့လို့ မိမိကိုယ်ကို ပိုဂရုစိုက်ကြရမှာပါ။ မိမိတို့ကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ သူတပါးကို ဖေးမကူညီနိုင်ကြမှာပါ။

ကျွန်တော်တို့ရဲ့ မနက်ခင်းတွေကို ပိုဂရုစိုက်ကြပါစို့…။

ဒေါက်တာနွေဦး
(၁၊ ၃၊ ၂၀၂၅)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here