ပဲ နဲ့ အာဟာရ

0
519

တို့မြေ တို့ရေမှာ ပဲဆိုတာ သိပ်ဖြစ်ထွန်းတာ…တောင်သူအများစုရဲ့ သူငယ်ချင်းပေါ့။

ပဲဆိုတာလည်း အမျိုးမျိုးကို ထွက်တာ… ပဲနီ၊ ပဲ၀ါ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြား၊ ပဲကွန်၊ ပဲတီစိမ်း စသဖြင့်ပေါ့။ ပြည်ပ၀င်ငွေရရှိတဲ့ ထွက်ကုန်တစ်ခုလည်း ဖြစ်လေပြန်‌ရော…

ပဲစားရင် အားရှိပြီး ကြီးထွားစေတယ်ဆိုတာ အားလုံးကြားဖူးနား၀ ရှိပြီးသားပါ။ အစားအစာအထူးပြု မလေ့လာခင်တုန်းကတော့ ပဲဆိုတာ အသားဓာတ်ပေးတယ်ပေါ့ ဒီလောက်ပဲသိတာ…

တကယ်တော့ ချက်ပြုတ်ပြီးသား ပဲ ပန်းကန်လုံး တစ်လုံးစာမှာ အာဟာရကယ်လိုရီတန်ဖိုး ၂၂၀ ခန့်၊ ကစီဓာတ် ၄၅ ဂရမ်၊ အဆီဓာတ် မပါသလောက်နည်း၊ အသားဓာတ် ၁၅ ဂရမ် (အသားတုံး လက်တစ်၀ါးစာမှာပါတဲ့ ပမာဏနီးပါး) ၊ အမျှင်ဓာတ် ၁၅ ဂရမ် ပါ၀င်ပါသတဲ့ …

ဒါ့အပြင် အခြားသတ္တုဓာတ်များဖြစ်တဲ့ ပိုတက်စီယမ်၊ မက်ဂနီဆီယမ်၊ ဖော့စဖောရပ်စ်၊ သံဓာတ် စတာတွေပါ၀င်လို့ ကျန်းမာရေးအတွက် အလွန်သင့်တော်ပါတယ်။

ပဲဟာ အာဟာရဓာတ် အစုံနီးပါး ပါ၀င်တယ်လို့ပြောလို့ရပါတယ်။

????အမျှင်ဓာတ်နဲ့ ပဲ

အမျှင်ဓာတ်ဟာ တစ်နေ့တာ ၂၀-၃၀ ဂရမ်လောက် စားပေးသင့်တာပါ။ အမျှင်ဓာတ် စားခြင်းဖြင့် သွေးတွင်း ကိုလက်စထရော ကျဆင်းစေတာ၊ ဆီးချို ပိုထိန်းနိုင်တာအပြင် ၀မ်းမှန်ရုံသာမက အူလမ်းကြောင်း ပုံမှန်လှုပ်ရှားလို့ အူကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတဲ့အပြင် အူလမ်းကြောင်းအတွက်ကောင်းတဲ့ ဘက်တီးရီးယားပေါက်ပွားမှုကို အားပေးလို့ နောက်ပိုင်း သုတေသနတွေအရ အ၀လွန်၊ နာတာရှည်ရောဂါ၊ ကင်ဆာ စတာတွေကို တစ်နည်းတစ်ဖုံ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိတာတွေ ရှိပါတယ်။

ဒီတော့ တစ်နေ့တာမှာ အမျှင်ဓာတ် ၂၀ ဂရမ်လောက်အနည်းဆုံးစားပေးသင့်လို့ ပဲပြုတ် တစ်ခွက်ရယ်၊ တို့စရာ နည်းနည်းရယ် ထပ်စားလိုက်မယ်ဆို ၀မ်းမှန် ဆီးချိုမှန်ပြီး အူလမ်းကြောင်းကျန်းမာရေး ကောင်းစေနိုင်ပါတယ်။

အမျှင်ဓာတ်တွေများလို့ လေပွတယ်လို့ ပြောနိုင်စရာ တော့ရှိပါတယ်။ ဒါကလည်း ပဲကို တစ်ညရေစိမ်၊ မနက်ကျ ထိုရေကိုလဲပြီး ‌ရေအသစ်နဲ့ တည်မယ်ဆိုရင်တော့ ပဲမှာပါတဲ့အမျှင်ဓာတ်တွေ ပိုအစာချေဖျက်နိုင်သွားပြီး သိပ်လေမပွစေနိုင်တော့ပါဘူး။ နောက်ပြီး စားကျင့်မရှိသေးလို့ လေထတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ပဲကို စားကျင့်မရှိရင် နည်းနည်းစီ စားကြည့်ပြီး ပိုပိုတိုးစားနိုင်ပါတယ်။

????ပိုတက်စီယမ််နဲ့ ပဲ

ပဲဟာ ပိုတက်စီယမ် အလွန်ကြွယ်၀တာကြောင့် ကြွက်တက်တတ်သူတွေနဲ့ အားကစားသမားတွေလို ချွေးထွက်များမယ့်သူတွေအတွက် နတ်ဆေးပါပဲ။ ပိုတက်စီယမ် ‌လျှော့ပါ/ရှောင်ပါလို့ ဆရာ၀န်ညွှန်ကြားထားတဲ့ ကျောက်ကပ်ဆိပ်သင့် လူနာလိုမျိုးတွေမှာတော့ ပဲဟာ တစ်ဇွန်းလောက်ထက် ပိုမစားသင့်ပါဘူး။

????ပဲနဲ့ ပရိုတင်းဓာတ်

အာဟာရမှုန့်တော်တော်များများနဲ့ workout လုပ်အပြီး သောက်ကြတဲ့ ပရိုတင်းအမှုန့်တွေဟာ ပဲတို့ ပဲပုတ်တို့ကနေ ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

ပဲဟာ အပင်ကရတဲ့ ပရိုတင်းဖြစ်တာကြောင့် တိရစ္ဆာန်ကရတဲ့ ပရိုတင်းလောက် မကောင်းဘူးလို့ စာတွေထဲမှာတွေ့နိုင်ပါတယ်။

ဒါဟာ အသားမှာတော့ အမိုင်နိုအက်ဆစ်ပါ၀င်မှု ပိုစုံလင်လို့ ပိုကောင်းတယ်လို့ ပြောကြတာပါ။ ပဲတိုင်းပဲတိုင်းနီးပါးမှာ အမိုင်နိုအက်ဆစ်တစ်မျိုးစီတော့ လိုနေပါတယ်။ ဒီတော့ အသားလို အရည်အသွေးပိုကောင်းအောင် ပဲ နှစ်မျိုးသုံးမျိုးကို ရောစားလိုက်မယ်ဆိုရင်တော့ တစ်ခုလိုအပ်ချက် တစ်ခုဖြည့်ပြီးသားဖြစ်သွားတဲ့အပြင် အသားနီးပါး အရည်အသွေးမြင့်သွားပါပြီ။

အခုလို ကုန်စျေးနှုန်းတက်ပြီး မီးမလာတော့ အသားငါးသိမ်းရခက်တဲ့ပြဿနာကို ပဲမျိုးစုံ၀ယ်ထားလိုက်ပြီး နေ့တိုင်းစားပေးခြင်းအားဖြင့် အာဟာရဓာတ်နဲ့ အမျှင်ဓာတ် မလုံလောက်တဲ့ပြဿနာပါ ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

????ပဲရဲ့ တခြားကောင်းကျိုးတွေ

ပဲဟာ ဖောလစ်အက်ဆစ်လည်း အများအပြားပါ၀င်လို့ အာရုံကြော အားကောင်းစေပါတယ်။

ပဲများများစားခြင်းဖြင့် ဆီးချိုထိန်းရ ပိုလွယ်ကူစေတယ်လို့ သုတေသနတော်တော်များများ ရှိပါတယ်။ ဆီးချိုရှိရင် ထမင်းနဲ့ အခြားကစီဓာတ်ကြွယ်၀တာတွေ လျှော့စားပြီး ပဲကို ပိုများများထည့်စားပေးနိုင်ပါတယ်။ ပဲကြာဇံကတော့ ထမင်းနဲ့ တူတူပါပဲ… အများကြီးစားရင်တော့ ဆီးချိုတက်စေမှာပါ။

????ပဲကို မုန့်ပဲသွားရည်စာ အနေဖြင့်

တို့မြန်မာ့ရိုးရာ မုန့်ကြိုးလိမ်တို့ဆို အခုခေတ် လေဖောင်းမုန့်တွေထက် အာဟာရလည်းပိုဖြစ်ပြီး စားလို့လည်းကောင်းမှကောင်း…

နေ့လယ်နေ့ခင်း ဘာမုန့်စားရမှန်းမသိရင် ပဲကိုပြုတ်ပြီး ဆီလေး ကြက်သွန်စိမ်းလေး ဆားလေးဖြူးစား… ပဲသုပ်ပေါ့ သိပ်အရသာရှိတာ။ ဘိုကိတ်ပဲပြုတ်ဆီဆမ်းတို့ မြင်းစားပဲသုပ်တို့စားခဲ့တဲ့ ငယ်ဘ၀တောင် မြင်ယောင်မိပါသေးတယ်။ ကလေးတွေအနေနဲ့ ပဲကို ချိုတယ်လို့ အရသာခံနိုင်တာမို့ သူတို့လေးတွေအတွက် ကျန်းမာပြီးအာဟာရဖြစ်တဲ့ သရေစာ ဖြစ်စေတာပေါ့။

????အဆီများတဲ့ ပဲအမျိုးအစားတချို့

ပဲထဲမှာ အဆီများတာကတော့ တို့မြန်မာတွေရဲ့ မြေပဲဆီစစ်စစ်ထုတ်လုပ်ရာ မြေပဲရယ်၊ ရှမ်းရိုးရာ ပဲပုတ်စေ့ (တိုဟူး) ပေါ့ …

မြေပဲကိုတော့ အဆီများလို့‌ရော အခွံမာအဆန်ထဲကထွက်လာတာကြောင့် ပဲလို့ယူဆတာထက် အစေ့အဆန်လို့ ယူဆနိုင်ပါတယ်။ မြေပဲဟာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် ကယ်လိုရီများတော့ ၀ချင်သူတွေအတွက် နတ်ဆေးတစ်ခွက်ပါပဲ။ ၀ိတ်လျှော့ချင်ရင်တော့ အများကြီးမစားနဲ့ပေါ့နော် ….

တိုဟူးနွေး၊ တိုဟူးကြော် စတဲ့ ပဲပုတ်စေ့ကနေလုပ်တာတွေက ဆီများလို့ ကယ်လိုရီတော့များပါတယ်။ သို့သော်လည်း ကောင်းမွန်တဲ့အဆီတွေဖြစ်တာကြောင့် စိတ်ပူစရာတော့ မရှိပါဘူး။

နောက်ပြီး ပဲပုတ်မှာ အမျိုးသမီးဟော်မုန်းပါတယ်လို့ ကြားဖူးကြမှာပါ။ တကယ်တော့ ပဲပုတ်စားလို့ အမျိုးသမီးဆန်သွားတာ မဖြစ်စေပါဘူး… ဒါ့အပြင် ကျား၊ မ ဟော်မုန်းများကို မှန်အောင်ညှိပေးတာမို့ ပဲနို့တို့လိုမျိုး ပဲပုတ်စေ့နဲ့လုပ်တာတွေကို အမျိုးသားတွေရော အမျိုးသမီးတွေပါ ဘေးမဖြစ်စေဘဲ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

ပြန်ချုပ်ရရင်တော့ ပဲဟာ ပိုတက်စီယမ်ရှောင်ရမယ့် ကျောက်ကပ်‌‌လူနာလောက်ကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံးမှာ စားသင့်ပါတယ်။ အခုလိုကာလနဲ့ ပိုသင့်တော်ပါတယ်။ လေပွတတ်တာက ပဲရဲ့တစ်ခုထဲသောဆိုးကျိုးလို့ ပြောလို့ရသော်ငြား လေမပွဖို့ နည်းလမ်းတွေရှိတာကြောင့် ပဲဟာ သဘာ၀ကပေးသော အကောင်းဆုံး အစားအစာလို့တောင် တင်စားလို့ရပါတယ်။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

Reference: ????

http://webmd.com/…/slideshow-why-beans-are-good-for….

Nutrition facts from India food composition database

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here