• အကြောင်းအမျိုးမျိုးကြောင့် တစ်နင့်တစ်ပိုး ထမ်းပိုးလာခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုး‌တွေ…
  • ဆုံးရှုံးမှာကြောက်လို့ အလန့်တကြားဆုပ်ကိုင်ထားမှုတွေ…
  • မိသားစုဆွေမျိုး၊ အလုပ်အကိုင် စတဲ့ဆက်နွယ်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ နှောင်ကြိုးတွေ…
  • အထူးသဖြင့် လေးနှစ်တာနီးပါး ခံစားနေခဲ့ရတဲ့ ကျွန်မတို့ရဲ့ဝမ်းနည်းမှုသောကတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပျက်လုဆဲဆဲ မျှော်လင့်ချက်တွေ၊ မရေရာတဲ့အနာဂတ်တွေ….

စတဲ့အချက်တွေကြောင့် ရှေ့ဆက်မတိုးနိုင်ခြင်း၊ ရှေ့ဆက်တိုးဖို့ ခွန်အားမရှိခြင်း၊ ရှေ့ဆက်ဖို့ကြောက်ရွံနေခြင်းတွေကို ကျွန်မတို့တွေအများစု ခံစားနေကြရမယ်ထင်ပါတယ်။

ဖြစ်ရပ်ဆိုးတွေကြောင့် ပေါ်ပေါက်လာတဲ့ မကောင်းတဲ့အတွေးတွေနဲ့ ခံစားချက်တွေဟာ အချိန်အကြာကြီး မကုစားဘဲထားမိရင် ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို တမြေ့မြေ့နဲ့ လှိုက်စားတတ်ပါတယ်။

ကျွန်မတို့ကိုဆွဲချနေတဲ့ အတိတ်တွေ၊ ကျွန်မတို့ကိုပိတ်လှောင်ထားတဲ့ လက်ရှိအခြေအနေတွေ၊ ချုပ်နှောင်ထားတဲ့ အပြစ်ရှိစိတ်‌တွေကို လက်ခံပေးပြီးတစ်ပြိုင်နက်တည်းမှာ လွှတ်ချလိုက်ခြင်းဟာ ရှေ့ဆက်ဖို့လမ်းစတွေကို မြင်လာနိုင်စေပါတယ်။

ဒီလို လွှတ်ချခြင်းမှာလည်း သတ္တိရှိဖို့လိုအပ်ပါတယ်။

ဆိုရိုးလေးတစ်ခုလိုပါပဲ…

“ ကောင်းကင်မှာ ပျံသန်းဖို့အတွက် မြေပြင်ကိုစွန့်ခွာဖို့တော့ သတ္တိနဲ့စိတ်ခွန်အား လိုအပ်ပါတယ်” တဲ့။

လွှတ်ချခြင်းဆိုတဲ့နေရာမှာ ဖြစ်ရပ်တွေကို မေ့ပစ်လိုက်ဖို့၊ ခွင့်လွှတ်လိုက်ကြဖို့၊ သည်းခံလိုက်ကြဖို့လို့ ဆိုလိုခြင်း မဟုတ်ပါ။ ထို့အတူ လက်မြှောက်အရှုံးပေးခြင်းမျိုးလည်း မဟုတ်ပါ။

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခံစားချက်တွေကို အသိအမှတ်ပြု လက်ခံပေးပြီး အတိတ်မှာပဲ ပိတ်မိမနေဘဲ ရှေ့ဆက်သွားကြရမယ်လို့ ဆိုလိုခြင်းပါ။

ဒါတွေကို လွှတ်ချဖို့ အချိန်တစ်ခုပေးကြည့်ကြရအောင်။

ဟုတ်ပါတယ်…

ဖက်တွယ်ထားခြင်းထက် လွှတ်ချခြင်းဟာ ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားကြရပါမယ်။

  • ကိုယ့်စိတ်ကို လွတ်လပ်ခွင့်ပေးမယ်
  • ကိုယ့်ကိုယ့်ကို ခွင့်လွှတ်မယ်
  • ချစ်ခင်ရသူ‌တွေရဲ့အကူအညီကို ယူသင့်တဲ့အခါယူမယ်
  • ဘဝတူချင်း မေတ္တာနဲ့ဖေးမကြမယ်
  • ငိုချင်တဲ့အခါ ငိုချမယ်
  • ပြုံးသင့်တဲ့အခါ အားရပါးရပြုံးမယ်
  • တစ်နေ့တာအတွက်ပဲ goal လေးတွေချပြီးနေမယ်
  • ကျေးဇူးတရားတွေကို အသိအမှတ်ပြုမယ်
  • အချိန်တိုင်းကို သတိလေးကပ်ပြီးနေမယ်

ဒါမှသာ လိုရာခရီးကို တစ်လှမ်းချင်း ရှေ့ဆက်နိုင်မှာဖြစ်တယ်။

ဟုတ်ပါတယ်…
ဖက်တွယ်ထားခြင်းထက် လွှတ်ချခြင်းဟာ ပိုလို့တောင် ခက်ခဲပါသေးတယ်။

ဒါပေမယ့် ပြန်မလာနိုင်တော့မယ့်သူတွေအတွက် ကျွန်မတို့ ပိုလို့ (ပိုလို့ ) ကြိုးစားကြရပါလိမ့်မယ်….။
💗💗

သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here