ကိုယ်ဝန်လနုနုမှာ မိခင်လောင်းကို အသက်အန္တရာယ်ပေးနိုင်သော ရောဂါများထဲကတစ်ခုပေါ့။

ကျွန်တော်ရှေ့ကရေးခဲ့တဲ့ ကိုယ်ဝန်ဘယ်လိုရသလဲ အပိုင်း (၁)(၂)(၃) ကိုပြန်ဖတ်ကြည့်ရင် ဒီ နေရာလွဲသန္ဓေတည်ခြင်းအကြောင်းကို ပိုသဘောပေါက်မယ် ထင်ပါတယ်။ သဘာဝကိုသိမှ သဘာဝလွန်ရောဂါကို ပိုနားလည်မယ်လေ။ ကျွန်တော်တို့လည်း သင်ခဲ့ရတယ်။ Normal ကိုသိမှ Abnormal ကိုသိမယ်တဲ့။

နည်းနည်းလေး အစကနေ ပြန်ကောက်ရရင် သားဥအိမ်ကနေ ကြွေကျလာတဲ့ မမျိုးဥလေးက သားပို့ပြွန် (သို့) ချစ်သူလမ်းကြား (သို့) သားကြောလေးရဲ့ထိပ်မှာ စောင့်နေတယ်။ အဖိုမျိုးစေ့၊ သုက်ပိုးများက သားဥလေးစောင့်နေတဲ့ နေရာအထိရောက်အောင် သူ့ထက်ငါ အမြန်ပြေးသွားပြီး အရင်ဆုံးရောက်တဲ့သုက်ပိုးနဲ့ ပေါင်းစပ်သန္ဓေအောင်တယ်။ သန္ဓေခဲလေး ဖြစ်သွားတယ်။‌ သားကြောထိပ်က သန္ဓေခဲလေးဟာ ၇ ရက်အတွင်း သားအိမ်အတွင်းသို့ရောက်အောင် ပြန်သွားပြီး သားအိမ်အတွင်းနံရံ အပေါ်ဖက်၊ ရှေ့ဖက် သို့ နောက်ဖက်မှာ တွယ်ကပ်သန္ဓေတည်ရမှာ ဖြစ်ပါတယ်။ (Blastocysts or Blastomeres must be implanted at decidua of fundo-anterior or fundo-posterior after 7th day of fertilization.)

အဲဒီလို သားအိမ်အတွင်းနံရံရဲ့ အပေါ်ဖက်၊ ရှေ့ဖက် သို့ နောက်ဖက်မှာ တွယ်ကပ်သန္ဓေမတည်ပဲ အခြားနေရာတွေမှာ တည်သွားသောကိုယ်ဝန်များအားလုံးကို နေရာလွဲသန္ဓေတည်ခြင်း Ectopic pregnancy လို့ခေါ်ပါတယ်။

Ectopic pregnancy တွေရဲ့ ၉၅% ကျော်က သားကြော သို့ သားပို့ပြွန် သို့ ချစ်သူလမ်းကြား (fallopian tube) ထဲမှာ တည်ကြပါတယ်။ ဒါကြောင့် ခုကစပြီး ကျွန်တော် tubal pregnancy လို့ပဲ ရေးတော့မယ်နော်။

ပထမဆုံး သန္ဓေခဲလေး သို့ ကိုယ်ဝန်ရဲ့ကြီးထွားပွားများမှုနှုန်းကို ပြောပြချင်ပါတယ်။ တအားမြန်တယ်ဗျ။ ကင်ဆာဆဲလ်တွေ ပွားများမှုနှုန်းထက်တောင် မြန်သေးတယ်။ စဉ်းစားကြည့်လေ။ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် အလွန်သေးငယ်တဲ့ မမျိုးဥလေးနဲ့ သုက်ပိုးလေးပေါင်းစပ်ပြီး သန္ဓေခဲလေးဖြစ်သွားတယ်။ အဲဒီသန္ဓေခဲလေးက ကိုးလအတွင်းမှာ တစ်တောင်လောက်ရှိတဲ့ (၇ ပေါင်) ကလေးလေးရယ်၊ ၂ ပေါင်လောက်ရှိတဲ့ အချင်းရယ်ဖြစ်သွားတာ။

ဆိုတော့ သန္ဓေခဲလေးရဲ့ကြီးထွားမှု ဘယ်အချိန်မှာစမလဲ။ သားကြောရဲ့ထိပ်မှာ မမျိုးဥနဲ့ သုက်ပိုး စတင်ပေါင်းစပ်ပြီးပြီးချင်း အချိန်ကစပါတယ်။ စစချင်းကတော့ အခဲလေးပေါ့။ အလုံးလေးပေါ့။ ဆက်လက်ကြီးထွားရင်း၊ ပွားများရင်းနဲ့ အလုံးလေးရဲ့အတွင်းပိုင်းက ကလေးဖြစ်မယ့်ဆီကို ဦးတည်သွားတယ်။ အပြင်ပိုင်းက အချင်းဖြစ်မယ့်ဆီကို ဦးတည်သွားတယ်။ အချင်းဆိုတာက သားအိမ်အတွင်းနံရံကို ဖောက်ဝင်တွယ်ကပ်ဖို့ အမြစ်ပေါ့ဗျာ။ အဲဒီလိုအမြစ်တွေ ထွက်လာဖို့က ၇ ရက်ကြာတယ်။

ဆိုတော့ကာ စဉ်ဆက်မပြတ် ကြီးထွားလာနေတဲ့ သန္ဓေခဲလေးကို သားပို့ပြွန် fallopian tube ရဲ့နံရံတွေက ၇ ရက်အတွင်း သားအိမ်ထဲကို အချိန်မီရောက်အောင် တွန်းပို့နိုင်ဖို့ လိုပါတယ်။ မရောက်ခဲ့ရင် ထွက်လာတဲ့ အချင်းအမြစ်တွေက ရောက်တဲ့နေရာမှာ တွယ်ကပ်ပစ်လိုက်မှာပဲလေ။ သားကြော fallopian tube ထဲမှာပဲရှိနေသေးရင် tube ထဲမှာပဲတွယ်လိုက်တော့တာပေါ့။ အဲဒါကြောင့် Ectopic pregnancy အတော်များများသည် Tubal pregnancy လို့ပြောခဲ့တာပါ။

ဘာလို့ ဒီလိုဖြစ်ရတာလဲ။ သားကြောလေးက သုက်ပိုးတွေ တက်လာဖို့ရန် ခွင့်ပြုရမယ့်အလုပ်ကိုကျ တာဝန်ကျေပွန်စွာလုပ်ပြီး သန္ဓေခဲလေးကို သားအိမ်ထဲ အချိန်မီပြန်ပို့ရမယ့်အလုပ်ကိုကျ တာဝန်ကျေပွန်စွာ မလုပ်လို့ပါပဲ။ Tubal dysfunction လို့ခေါ်ပါတယ်။

Tubal dysfunction ဘာကြောင့်ဖြစ်…

၁။ ဘာကြောင့်မှန်း မသိပါ။

၂။ fallopian tube အထိတက်လာသော လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကြောင့်ဖြစ်သည်။ gonorrhoea and chlamydia အဖြစ်များသည်။ Pelvic Inflammatory Disease (PID) ဟုလည်း ခေါ်ကြပါသည်။ ၎င်းကြောင့်ဖြစ်သည်။ PID တစ်ခါဖြစ်ဖူးလျှင် Tubal pregnancy ဖြစ်နိုင်ခြေ ဆယ်ဆတက်သွားသည်ဟု ပြောကြပါသည်။

၃။ သားကြောဖြတ်ပြီးနောက် အလိုလိုပြန်ဆက်သွားသော အမျိုးသမီးများ။ ထို့ကြောင့် သားကြောဖြတ်ပြီးသား ကိုယ်ဝန်လုံးဝမရနိုင်ဟု မပေါ့ဆသင့်ပါ။ အထူးသဖြင့် ကလေးခွဲမွေးရင်း သားကြောဖြတ်သူများတွင် အလိုလိုပြန်ဆက်သွားနိုင်ခြေသည် ၂၀၀ တွင် တစ်ယောက်ရှိသည်ဟု ဆိုပါသည်။ ပြတ်ပြီးမှပြန်ဆက်တဲ့ သားကြောကတော့ သန္ဓေခဲလေးကို ၇ ရက်အတွင်း သားအိမ်ထဲအထိရောက်အောင် တွန်းပို့နိုင်ဖို့ ခဲယဉ်းပါမယ်ဗျ။ Tubal pregnancy ပဲဖြစ်သွားမှာပါ။

ခန္တီးမှာ တစ်ယောက်ကြုံခဲ့ပါတယ်။ ဆရာ surgeon (ခွဲစိတ်ဆရာဝန်) တော်လို့ပေါ့။ အမျိုးသမီးက နောက်ဆုံးကိုယ်ဝန်ကို ခွဲမွေးရင်းနဲ့ တစ်ခါတည်းသားကြောဖြတ်ထားတာ။ အလိုလိုပြန်ဆက်ပြီး ကိုယ်ဝန်ရတယ်လို့ ဘယ်ထင်မှာလဲ။ ဗိုက်အောင့်တော့ ခွဲစိတ်ဆရာဝန်ဆီပဲ သွားပြတာပေါ့။ ဆရာက ကိုယ်ဝန်လားဆိုပြီး ဆီးစစ်တော့မှ ကိုယ်ဝန်ဖြစ်နေတာ။ သားကြောလည်း ဖြတ်ထားတယ်၊ ကိုယ်ဝန်လည်းဟုတ်တယ်၊ ဗိုက်လည်းနာတယ်။ သေချာပြီလေ။ Tubal pregnancy ပဲ။ ချက်ချင်းဗိုက်ခွဲထုတ်ပေးလိုက်ရတာပေါ့။

ဟုတ်ပြီ Tubal pregnancy ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်သလဲ သိပြီဆိုတော့ ဒီလိုကိုယ်ဝန်ရရင် ဘာလက္ခဏာတွေပြမလဲ၊ ဘာဆက်ဖြစ်နိုင်လဲ၊ ဘယ်လိုကုသရမလဲ ဆက်သွားရအောင်နော။

Text book တွေထဲမှာရေးထားတာကတော့ Ectopic pregnancy is a great maskarida. မာယာများသူကြီးပေါ့။ It has very broad spectrum of presentations and outcomes.
ရောဂါလက္ခဏာ အမျိုးမျိုးနဲ့ လာနိုင်တယ်။

အမျိုးမျိုးနဲ့လာတဲ့လူနာဟာ ရလဒ်အမျိုးမျိုးလည်း ဖြစ်နိုင်တယ်။

  • ဘာမှ မလုပ်လိုက်ရဘူး။ စောင့်ကြည့်နေရုံနဲ့ ပြီးသွားတယ်။
  • အရေးပေါ် ဗိုက်ခွဲလိုက်ရတယ်။ သွေးတွေ အများကြီး သွင်းလိုက်ရတယ်။
  • ဘာမှကို လုပ်ပေးချိန်မရလိုက်ဘူး။ လူနာ ဆုံးသွားတယ်။ အမျိုးမျိုးဖြစ်နိုင်တယ်။

တူညီတဲ့အချက်တွေကတော့

၁။ ကိုယ်ဝန်လနုနု ဖြစ်ပါမယ်။ ဘယ်လောက်နုနိုင်သလဲဆို တချို့အမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ရှိမှန်းတောင် မသိကြသေးပါ။

၂။ ဗိုက်အောက်ပိုင်း ဆီးစပ်က နာပါမည်။

၃။ ဗိုက်နာပြီးနောက် မွေးလမ်းကြောင်းမှ သွေးအနည်းငယ် ဆင်းတတ်ပါသည်။

ထို့ကြောင့် လိင်ဆက်ဆံဖော်ရှိသော အမျိုးသမီးများ တားဆေးသုံးထားသည်ဖြစ်စေ၊ မသုံးထားသည်ဖြစ်စေ၊ နောက်ဆုံး သားကြောဖြတ်ထားသည်ဖြစ်စေ၊ ဗိုက်နာပြီး သွေးဆင်းပါက ကိုယ်ဝန် ဟုတ်/မဟုတ် ဆီးစစ်ပါဗျ။ ကိုယ်ဝန်ဖြစ်နေလျှင် နီးစပ်ရာ သားဖွား၊မီးယပ်ဆရာဝန်နှင့် တိုင်ပင်ပါဗျ….။

(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာဝသုန်
သားဖွားမီးယပ်အထူးကု
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here