ဒေါက်တာနို’s ကလေးမွေးခြင်းရဲ့ နောက်ဆက်တွဲစာမျက်နှာတစ်ခု

0
173

ကျွန်တော့သူငယ်ချင်း Dr harry က လွတ်မြောက်နယ်မြေမှာ ကလေးမွေးတဲ့အတွေ့အကြုံတွေ ရေးနေတော့ ကျွန်တော်ကလည်း ကြုံခဲ့ဖူးတဲ့ “ကလေးမွေးခြင်းရဲ့ နောက်ဆက်တွဲစာမျက်နှာတစ်ခု” အကြောင်းကို ဖောက်သည်ချလိုက်ပါဦးမယ်။

(အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာနဲ့တော့ မဆိုင်ဘူးနော်)

အရင်ဆုံး ကျွန်တော့ကို ကျွန်တော် မိတ်ဆက်ပါရစေ။

ကျွန်တော့နာမည်က “ဒေါက်တာနို” ပါ…

CDM ဆရာဝန်တစ်ယောက်ပါ ခင်ဗျ….

လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးကုနေတာ လာမယ့်သင်္ကြန်ဆိုရင် နှစ်နှစ်ပြည့်ပါတော့မယ်။ ကိုယ်တတ်တာလည်း ဒါပဲ ရှိတာဆိုတော့ ခုထိ ဆေးကုနေဆဲပေါ့လေ…

အခုပြောမယ့်လူနာက ဗိုက်နာ ၊ ဗိုက်ဖောင်းပြီး လာတာပါ။ ပြဿနာက ခုမှကလေးမွေးပြီးခါစလေး ဖြစ်နေတာပေါ့…မွေးထားတာ (၇) ရက်ပဲ ရှိပါသေးတယ်… ဗိုက်ကြီးက ပြန်ဖောင်းလာတာ

ဝမ်းမသွား၊​ လေမလည်တာ (၃) ရက်ရှိပြီတဲ့။​ စမ်းကြည့်တော့ ဖျားနေတယ်၊ ဗိုက်က တင်းပြီး နာနေတယ်၊ နှလုံးခုန်နှုန်းတွေ မြန်နေတယ်။ လူနာလိုပဲ ကိုယ်တိုင်လည်း ရင်တွေခုန်လာရော….????

ဒါကြီးက ပုံမှန်အခြေအနေမှ မဟုတ်တာ။ ပိုးဝင်တဲ့ လက္ခဏာတွေက warning အဆင့်ကိုတောင် ကျော်နေပြီလေ…

ဒါနဲ့ပဲ ရှင်းပြပြီး ဆေးရုံတင်၊ ပိုးသတ်ဆေးတွေထိုး၊ အစာ/ရေမကျွေးဘဲ ဆေလိုင်းလို့ လူသိများတဲ့ ဆားရည် ၊​ သကြားရည်တွေ သွင်းကြတာပေါ့။

ပြီးတာနဲ့ ရှိတဲ့ဆရာဝန်တွေ ခေါင်းခြင်းဆိုင်တိုင်ပင်ကြပြီး ရှိတဲ့ အာထရာဆောင်းစက်အသေးလေးနဲ့ ဝိုင်းဝန်းထောက်ကြည့်ကြတဲ့အခါ ဗိုက်ထဲမှာ အရည်တွေတွေ့ရတယ် ၊ အသည်းက ကြီးနေတယ်။

( ကျွန်တော်တို့ ခန္ဓာကိုယ်က ထူးဆန်းတယ်။ တစ်ခုခု ရောင်ရမ်းပြီဆိုရင် အဲ့နားတစ်ဝိုက်မှာ အရည်တွေ စိမ့်ထွက်လာပြီး တုံ့ပြန်တာ။ မြင်လွယ်အောင် ပြောရရင် မီးလောင်ဖုတွေမှာ အရည်တွေ စုသလိုမျိုးပေါ့… )

အဆိုးဆုံးက အူမကြီးရဲ့အစ အစာဟောင်းအိမ် (caecum)က အကြီးကြီး ဖြစ်နေတာ၊ ဖောင်းကားနေရော၊ အရွယ်အစားကို တိုင်းလိုက်တော့ ၁၀ စင်တီမီတာကျော်တယ်…

( ဒါမျိုးနဲ့ ဆင်တူတာကို တိုက်ရိုက်မကုလိုက်ရပေမယ့် တစ်ခါက ကြုံခဲ့ဖူးတယ်။ အဲ့တုန်းကလည်း ကလေးမွေးထားတဲ့ လူနာပဲ။ ခွဲမွေးထားတာ…အခုလိုပဲ ဗိုက်ကြီးဖောင်းပြီး ရောက်လာတာ။ စိတ်မကောင်းစရာက နောက်ကျလို့ မကယ်လိုက်နိုင်ခဲ့ဘူး )

ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာ ရှားရှားပါးပါးထဲပါတဲ့ Ogilvie’s Syndrome ဆိုတာကြီးပေါ့။ ကျွန်တော်တို့က အိုဂျီတွေကြောက်ရတဲ့ အိုဂျီဗီလို့ အလွယ်မှတ်ထားကြတာ…

အခုကလည်း အလားတူဆိုတော့ စိတ်ပူမှုက ငယ်ထိပ်ထိ တက်ဆောင့်တယ်။ ကျွန်တော်တို့ အချင်းချင်း တိုင်ပင်ကြတယ်။ လွှဲဖို့ကလည်း ဒီကာလ ဒီလိုအနေအထားမှာ တော်တော့ကို လုပ်ယူရတာ။ လူနာစောင့်တွေကို ရှင်းပြတော့ ထုံးစံအတိုင်း မသွားချင်ဘူး၊ ဆရာတို့ပဲ ကုပေးပါလို့ ပြောကြပါလေရော။

ဒါနဲ့ ပိုးသတ်ဆေးကို နောက်တစ်ဆင့်မြှင့်ပြီး (၂) ရက်အတွင်း အဆင်မပြေရင် သွားရမယ်နော်လို့ သဘောတူညီချက်ယူတယ်။ ပြီးတော့ ရှိသမျှ ဘုရားတွေကို တပြီး ပိုးသတ်ဆေးကို အဆင့်မြှင့်တယ်၊ လူနာကို ရေတောင် ပေးမသောက်ဘဲ လိုအပ်မယ့် ရေဓာတ်၊ ဆားဓာတ်တွေကို တွက်ချက်ပြီး အစားထိုးပေးတယ်။ နှာခေါင်းပိုက်၊ ဆီးပိုက်ထည့်တယ်…

နောက်ရက်ကျတော့ အဖျားကျလာတယ်၊​ ဒါပေမယ့် ပုံမှန် ကိုယ်ပူချိန်ကို ပြန်မရောက်သေးဘူး။ လေမလည်သေးဘူး။ တစ်ပူပေါ် နောက်တစ်ပူဆင့်တာက သူ့ကလေးက နို့အဝင်နည်းပြီး အသားလေး ဝါလာတယ်။

ဒါနဲ့ ကလေးကိုပါ အပြာရောင် မီးပြရတယ်

(မေမေတွေ ပြောတတ်တဲ့ မီးကင်တယ်ဆိုတာကြီးပေါ့၊ တချို့ဆို ဓာတ်ကင်တယ်တောင် ဖြစ်သေးတယ်)

ကျွန်တော်တို့ မြန်မာတွေက ဘာမှန်းမသိရင် “ဓာတ်” ဆိုတာကြီး ထည့်လိုက်တာလေ။ ဥပမာ…ရေနွေးကို အကြာကြီး ပူနေအောင် ထိန်းထားတဲ့ ဘူးကို ဓာတ်ဘူး ၊ မျက်စိနဲ့မြင်ရတဲ့ပုံက စာရွက်လေးပေါ်မှာပေါ်လာလို့ ဓာတ်ပုံလို့ ပြောကြတာမလား။ တော်ကြာ တယ်လီကျန်းမာကိုလည်း “တယ်လီ”ဆိုတာ ဘာကြီးမှန်းမသိလို့ “ဓာတ်ကျန်းမာ” လို့များ ခေါ်နေကြမလားပဲ…

ထားပါတော့…ခုန လူနာအကြောင်း ဆက်ရအောင်

ဗိုက်ထဲမှာ ရောင်ပြီး ပိုးဆိပ်တွေတက်နေတာဆိုတော့ ဗိုက်ထဲက အသည်းတွေ၊​ ကျောက်ကပ်တွေပါ ဒဏ်သင့်နေမှာစိုးရတော့ ပိုးသတ်ဆေးတွေ ၊ ပါရာစီတမောတွေကိုလည်း သတ်မှတ်ပမာဏကိုတောင် မပေးရဲဘူးလေ။ အရင် ရွှေထီးဆောင်းခဲ့တဲ့အချိန်တွေတုန်းကလိုမျိုး သွေးစစ်တာကို ခဏခဏ လုပ်နေလို့မှ မရတာ။​ ဗိန္ဓောဆရာတွေ ကုသလို “မှုတ်လမ်း၊ စုတ်လမ်း၊ ရုပ်လမ်း” နဲ့ ကုရတာ။ အဲ့ဒါ ဘာလဲဆိုတော့ “မှန်းလုပ်၊​ စမ်းလုပ်၊ ရမ်းလုပ်” တာလေ။ ရမ်းတော့ မလုပ်ပါဘူး။ သတ်မှတ်ထားတဲ့ ပိုးသတ်ဆေး သုံးစွဲနည်းတွေ၊​ ဆားဓာတ်တွက်ချက်မှုတွေကနေ မကျော်သွားဘဲ ကုကြတာပါ…

ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နှစ်ရက်အကြာမှာတော့ လူနာက သိသိသာသာ တိုးတက်လာတယ်။ သုံးရက်မြောက်နေ့မှာ လူနာက လေလည်တယ်။ ကျွန်တော့ ဆရာ ဆာဂျင်(ခွဲစိတ်အထူးကု)တွေ ပြောဖူးတယ်။​ ငါတို့က လူနာ အီးပေါက်ရင် ထီပေါက်သလို ပျော်တာကွ ဆိုပြီးတော့…

အခုလည်း ကျွန်တော် ထီပေါက်သလို ပျော်ရပါပြီ။ အာထရာဆောင်းလေး ပြန်ထောက်တော့ ဖောင်းနေ၊ ရောင်နေတာတွေက တော်တော်လေး သက်သာလာပြီ။ အဲ့အချိန်လည်း ရင်ခုန်ရပြန်ရော၊ ဒီတစ်ခါ ရင်ခုန်တာက အစပိုင်းကလိုမျိုး စိုးရိမ်စိတ်နဲ့ မဟုတ်တော့ဘူး (ရင်ခုန်စေတဲ့ “ဓာတ်”ချင်းကွာတယ် ????)…

တစ်ပတ်တိတိကြာတဲ့အချိန်မှာတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ပျော်ပျော်ရွှင်ရွှင်လေး အဆုံးသတ်သွားပါတယ်။ ကလေးလည်း အဝါဓာတ်တွေကျ ၊ လူကြီးလည်း အီအီးပါပြီး အိမ်ကို ပြန်လို့ရပါပြီလို့ ပြောခွင့်ရခဲ့ပါတယ်။

..

..

ကလေးမွေးတယ်ဆိုတာ ပုံမှန် လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုပါ။ အိမ်မှာ ကိုယ့်ဟာကိုယ် မွေးလို့ရပေမယ့် တစ်ခါတလေမှာ သူ့ရဲ့ နောက်ဆက်တွဲ​စာမျက်နှာတွေက ကြောက်ဖို့သိပ်ကောင်းပါတယ်။ အသက်နှစ်ချောင်းဖြစ်နေတော့ တာဝန်ကလည်း ပိုကြီးပါတယ်။ ဒါကြောင့်ပဲ “ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ” လို့ ပြောကြတာပေါ့လေ…

ကျွန်တော်တို့ ဆေးကုသတယ်ဆိုတာလည်း ကဏ္ဍတွေ အများကြီး ပေါင်းစပ်ညှိနှိုင်းပြီးမှ လုပ်ရတာပါ။ အခု လူနာမှာဆိုလည်း ကျွန်တော်တို့ ကျွမ်းကျင်ရာအလိုက် တိုင်ပင်ကြ ၊ ဆွေးနွေးကြ ၊ အကောင်းဆုံးကို ဆုံးဖြတ်ကြရုံမကဘဲ တခြား ဓာတ်ခွဲခန်းပညာရှင်တွေ ၊ ဓာတ်မှန်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ၊​ အကူအညီတွေ အများကြီး ယူရတာပါ။ (လာပြန်ပြီ ဓာတ်တွေ ????) အဲ့လို ပူးပေါင်းပြီး ညီညီညွတ်ညွတ် အလုပ်လုပ်မှ ပိုကောင်းတဲ့အရာတွေကို ရရှိနိုင်တာပါ…

တယ်လီကျန်းမာ (ဓာတ်ကျန်းမာ)ရဲ့ လူနာတွေအတွက်ဆိုလည်း ကျွမ်းကျင် ဆရာဝန် ဆရာမတွေ ၊ စေတနာ့ဝန်ထမ်းတွေ ၊ နည်းပညာ ပံ့ပိုးသူတွေ ၊ အလှူရှင်တွေ စတဲ့ လူတွေအများကြီးက စုပေါင်းပြီး အကောင်းဆုံးကို ပေးနေကြတာပါ။ အဲ့လို ညီညွတ်ကြလို့လည်း တယ်လီကျန်းမာဟာ တနှစ်ကျော်ကာလလေးအတွင်းမှာ တစ်သိန်းကျော်တဲ့ ပြည်သူတွေကို ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တာပေါ့

ဒီလိုပါပဲ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ဆိုတာလည်း ပြည်သူတွေ ၊ ပြည်သူ့တပ်သားတွေ ၊ ထောက်ပို့တွေ ၊ ဦးဆောင်သူတွေ ညီညီညွတ်ညွတ်နဲ့ ဝိုင်းတွန်းလိုက်ရင် ဖြစ်လာမှာပါ

အောင်မြင်မှုက လက်တစ်ကမ်းလေးပဲ လိုတော့တာမို့လို့ အားလုံးဝိုင်းဝန်းပေးကြပါလို့ တိုက်တွန်းရင်း…

..

..

ချစ်ခြင်းဖြင့်

ဒေါက်တာနို

လွတ်မြောက်နယ်မြေ တစ်နေရာ

LEAVE A REPLY

Please enter your comment!
Please enter your name here