တစ်နေ့သ၌ ကျွန်ုပ်၏ဆေးခန်းသို့ ကိုလှဖေတစ်ယောက် မျက်လုံးလေးပုတ်ခပ်ပုတ်ခပ်ဖြင့် ရောက်လာပြီး “ဆရာ…ကျွန်တော် အမြင်အာရုံတွေ အားနည်းနေသလို ခံစားရလို့ ဆရာ့ဆီ လာပြတာပါ” ဟု ဆိုလေသည်။

ကျွန်ုပ်လည်း “ကိုင်းလာဗျာ…ဖြစ်ပုံကို လင်းပါဦး” ဟုဆို၍ ကိုလှဖေအား ရောဂါလက္ခဏာအခြေအနေများ မေးမြန်းစရာရှိတာမေး၊ စမ်းသပ်စရာရှိတာ စမ်းသပ်ပြီးနောက် အဖြေရှာကြည့်ရာ ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ ဖုန်း၊ ကွန်ပျူတာ အကြည့်များပြီး မျက်စိဒဏ်ပိလေခြင်းသာ ဖြစ်လေ၏။

“ကဲ…ကိုလှဖေရေ ခင်ဗျားမျက်စိက ပကတိအကောင်းပါဗျာ။ ခင်ဗျားက မနားမနေ အွန်လိုင်းမီဒီယာကနေ တိုက်ပွဲဝင်နေတော့ မျက်စိအနားပေးဖို့ လိုနေရုံပါပဲ။ လိုအပ်တဲ့ ဆေးဝါးလေးတွေ ညွှန်ပေးလိုက်ပါ့မယ်။ မျက်စိကိုတော့ သိပ်အလုပ်မခိုင်းနဲ့ဦးပေါ့ဗျာ”

“ဟုတ်ကဲ့ပါ ဆရာ…ကျွန်တော်လည်း အရေးတော်ပုံအောင်ဖို့အရေး စိတ်လောပြီး နေ့ရောညပါ မီဒီယာအပိုင်းရော ဘဏ္ဍာငွေရှာဖွေရေးအပိုင်းပါ ဝင်ကူပေးနေရတော့ မျက်စိကို အနားပေးဖို့ မေ့နေမိတယ် ဆရာရေ။ ဒီကြားထဲ ပြည်သူ့ဘက်တော်သားတွေရဲ့ အောင်ပွဲတွေဆက်တိုက်ရနေတော့ အပျော်လွန်ပြီး ညတွေအိပ်မပျော် ဆိုးအောက်တဲ့ သတင်းတွေပဲ ဖုန်းလေးပွတ် ကွန်ပျူတာလေးကြည့်ပြီး အလုပ်လုပ်ရင်း မျှော်နေမိတာနဲ့ မျက်စိက ပိုဝန်ပိသွားတယ် ထင်တာပဲ အာစရိရေ” ဟု ပြောလေသည်။

ကျွန်ုပ်လည်း သူ့စကားကြောင့် “ဟုတ်တာပေါ့ဗျာ…အောင်ပွဲရသတင်းတွေကို စောင့်မျှော်နေကြတာတော့ တစ်နိုင်ငံလုံးပါပဲ…ကြင်စိုးနဲ့ အပေါင်းအပါတွေကလွဲလို့ပေါ့ဗျာ…ဟားဟားဟား” ဟူ၍ မနောတွေ့သွားလေသည်။

“ဒါနဲ့ ကိုလှဖေရေ ကြုံတုန်း အဲဒီမျက်စိနဲ့ ဖုန်းတွေအသုံးများတဲ့ကိစ္စလေး ခင်ဗျားကို ရှင်းပြချင်သေးတယ်ဗျ။ ခင်ဗျားရဲ့ အသိတွေကိုလည်း ပြန်ဝေမျှပေါ့။ ဘယ်နှယ့်လဲ အချိန်ရရဲ့လား။ ခုနက အသိတစ်ယောက် လာပေးသွားတဲ့ ဆတ်သားဖုတ်လေးကို အခါးရည်နဲ့မြည်းရင်း နားထောင်ပေ့ါဗျာ” ဟု ဆိုလေသော် “ဟာ ရတာပေါ့ အာစရိရယ်…ဆတ်သားဖုတ်စားရမှာ ဆိုတော့ အဲလေ ကျန်းမာရေးဗဟုသုတတိုးမယ့်ကိစ္စဆိုတော့ အချိန်ပေးရမှာပေါ့” ဟူ၍ စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲသော လေသံဖြင့် ပြန်ဖြေလေသည်။

ကျွန်ုပ်လည်း ဆတ်သားခြောက်နဲ့ ကျွေးရတာနဲ့တန်အောင် လက်ချာပေးလိုက်ဦးမည်ဟု စိတ်ထဲမှ တွေးကာ ပြုံးတုံ့တုံ့ဖြင့် ဆေးခန်းရှေ့ရှိ ညောင်ပင်အောက် ကွပ်ပျစ်လေးဆီသို့ ချီတက်ကြလေတော့သည်။

“အိမ်း…ဒီလိုရှိတယ် ကိုလှဖေရဲ့။ ကျွန်တော်တို့ လက်ထဲက ဖုန်းလေးတွေက ထွက်လာတဲ့ အလင်းရောင်ကို ဘိလပ်စကားလိုဆို Blue Light လို့ခေါ်တယ်ဗျ။ လွယ်အောင်မှတ်ရရင် အလင်းပြာ ပေါ့ဗျာ။ အဲ့ဒီ အလင်းပြာတွေကို နေရောင်ခြည်ထဲမှာ တွေ့ရသလို ဆေးခန်းရှေ့က LED မီးလုံးလေးက အလင်းရောင်ထဲမှာလည်း တွေ့ရသတဲ့ဗျာ”

“ ဒီတော့ ပြဿနာက ဒီလိုရှိသဗျာ… မနက်မိုးသောက်လို့ နေရောင်ခြည်ထွက်လာရင် လူတွေ နိုးကြားတက်ကြွကြတယ်မလား။ ဒီလိုပဲ ဖုန်းနဲ့ ကွန်ပျူတာတွေက အလင်းပြာကလည်း လူတွေရဲ့ စိတ်ကို လန်းဆန်းမှုနိုးကြားမှုတို့ကို ဖြစ်စေတယ်တဲ့။ အကြောင်းရင်းက ကျွန်တော်တို့လူတွေမှာ ညအိပ်ချိန်ရယ်လို့ ရောက်ပြီဆိုရင် ခန္ဓာကိုယ်မယ် မယ်လက်တိုနင်ဆိုတဲ့ အိပ်စက်ခြင်းကို ကူညီပေးတဲ့ ဟော်မုန်းတွေထွက်လာတယ်။ ဒါပေမယ့် ဖုန်းမျက်နှာပြင်ရဲ့အလင်းက မယ်လက်တိုနင်ဟော်မုန်း အထွက်နှုန်းကို နှေးစေတယ်တဲ့ဗျာ။ အကျိုးဆက်ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ ဒါမဟုတ် သဘာဝအတိုင်းလည်ပတ်နေတဲ့ အိပ်စက်ခြင်းယန္တရားကို အနှောင့်အယှက်ဖြစ်စေပါလေရော။ ကောင်းကောင်းအိပ်မပျော်တော့တာပေါ့ဗျာ”

ထိုအခါက ကိုလှဖေက “ဟာ…အဲဒါဆို မအိပ်ခင် ဖုန်းကို လုံးဝမသုံးဘဲ နေရတော့မယ်ထင်တယ်နော် ဆရာ”

“ဒါပေါ့ဗျာ။ တကယ်လို့ သုံးတယ်ဆိုရင်လည်း လွယ်လွယ်ကူကူ အိပ်ပျော်နိုင်ဖို့ဆိုရင် ဖုန်း၊ ကွန်ပျူတာပစ္စည်းတွေသုံးတဲ့အခါ Night or dark mode ပြောင်းသုံးသင့်တယ်ဗျ။ ဒီလိုသုံးပေးခြင်းအားဖြင့် ဒစ်ဂျစ်တယ်မျက်နှာပြင်က Blue Light အလင်းကို လျှော့ချပေးနိုင်တာပေါ့ဗျာ။ အကောင်းဆုံးက အိပ်ရာမဝင်ခင် ၁ နာရီ၊ ၂ နာရီလောက် အလိုမှာကို ဖုန်း၊ ကွန်ပျူတာတွေ လုံးဝအသုံးမပြုဘဲ နေသင့်တာပေါ့”

“ဆရာ ဒါဆို ကျွန်တော်မေးကြည့်ဦးမယ်။ Blue Light က မျက်စိကို ထိခိုက်ပျက်စီးစေနိုင်သလားဗျ”

“ခင်ဗျားမေးခွန်းကောင်းတယ်ဗျ။ Blue light ကြောင့် မျက်စိထိခိုက်မှု ရှိနိုင်/မရှိနိုင်ကို သုတေသနပညာရှင်တွေက တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်ဖူးတယ်။ အဖြေကတော့ မျက်စိရဲ့ ဆဲလ်တစ်ရှူးတွေကို ထိခိုက်မှုရှိတယ်တဲ့ဗျ။ ဒါပေမယ့် ဒီစမ်းသပ်မှုတွေဟာ လူသားတွေနဲ့ စမ်းသပ်ထားတာမဟုတ်သလို အသုံးပြုခဲ့တဲ့ Blue light ကလည်း ကွန်ပျူတာဖုန်းမျက်နှာပြင်က ထွက်လာတဲ့ အလင်းမဟုတ်ပြန်ဘူး။ ဆိုတော့ ကျွန်တော်သိရသလောက်ပြောရရင် အခုထိ Blue light ကြောင့် လူသားတွေရဲ့မျက်စိကို ထိခိုက်ပျက်စီးစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ ကောက်ချက်ချထားတာမျိုး မကြားဖူးသေးပါဘူး”

“ဒါနဲ့ဆရာ… Blue light ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ မျက်မှန်လိုမျိုးတွေကရော တကယ်အကျိုးထူးလားဗျ”

“ပြောရရင် ကိုလှဖေရာ အဲဒီမျက်မှန်တွေက Blue light ကို ကာကွယ်ပေးတယ်။ အဲဒီတော့ ကောင်းကောင်းအိပ်ပျော်စေတယ်။ Digital ပစ္စည်းတွေကြောင့် မျက်စိဒဏ်ခံရတာကို လျော့ကျစေနိုင်တယ်။ ဒါ့အပြင် နေရောင်ခြည်က Blue light နဲ့ UV အလင်းရောင်တွေကို ကာကွယ်ပေးတော့ မျက်စိနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုပြီး ပြောကြတာပေါ့ဗျာ။ တစ်ချက် ဂရုပြုရမှာက ဖုန်းနဲ့ကွန်ပျူတာက မျက်စိရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေတွေ မရှိဘူးဗျ။ ကောင်းကောင်းအိပ်ပျော်ဖို့ဆိုရင်လည်း အဲဒီမျက်မှန်တွေကို တပ်နေစရာမှမလိုတာ။ ဖုန်းအကြည့်လျှော့ပေါ့ဗျာ။ အရေးကြီးဆုံးက digital eye strain လို့ခေါ်တဲ့ ဖုန်းကွန်ပျူတာတွေကြောင့် မျက်စိဒဏ်ခံရတာကို မဖြစ်စေရဖို့ဘဲဗျ”

“ဒီလိုဗျာ..ဖုန်းကွန်ပျူတာတွေ အသုံးများရင် မျက်စိတော့ မပျက်စေနိုင်ပေမယ့် အကြာကြီးစိုက်ကြည့်ရတဲ့အတွက်ကြောင့် မျက်စိမှာ ဒဏ်လေးတွေတော့ ဖြစ်တတ်သဗျာ။ ခင်ဗျား အခုခံစားရသလိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့ လက္ခဏာလေးတွေတော့ ကွဲနိုင်တာပေါ့ဗျာ။ မျက်စိခြောက်တာ၊ အမြင်ဝါးသွားတာ၊ မျက်ရည်ခဏခဏထွက်တာ၊ ခေါင်းကိုက်တာ စသဖြင့် ပေါ့ဗျာ”

“ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ဖုန်းသုံးတဲ့အခါ မျက်တောင်ခတ်တာ နည်းသွားသတဲ့။ ပုံမှန်ဆိုရင် လူတစ်ယောက်က တစ်မိနစ်အတွင်းမှာ ၁၅ ကြိမ်လောက် မျက်တောင်ခတ်တယ်။ အဲ… ဒါပေမယ့် ဖုန်းကြည့်တာ စာဖတ်တာမျိုး လုပ်ချိန်ကျတော့ မျက်တောင်ခတ်နှုန်းက တစ်ဝက်လောက် ကျသွားသတဲ့ဗျာ”

“ဖုန်းကွန်ပျူတာတွေကြောင့် မျက်စိဒဏ်ခံရတာကို မဖြစ်စေချင်ရင် ကွန်တော်နည်းလမ်းတစ်ခု ပြောပြမယ်ဗျ။ နည်းလမ်း ၂၀ လို့ အလွယ်မှတ်လိုက်ဗျာ။ နည်းလမ်းအခု ၂၀ တော့ မဟုတ်ပါဘူး။ ကိုလှဖေ ဖုန်းကြည့်လို့ မိနစ် ၂၀ ကြာတိုင်း ဖုန်းကြည့်တာကို ခဏနားလိုက်ဗျာ။ အဲဒီအချိန်မှာ ပေ ၂၀ လောက်က ပစ္စည်းအရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ လောက် ကြည့်ပေးရမယ်။ နောက်တစ်ချက်က screen နဲ့ ၂၅ လက်မအကွာအဝေးက ကြည့်ဗျာ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်စိကို အနားပေးရာရောက်သလို မျက်စိဒဏ်ခံရတာကို လျော့ကျစေနိုင်တယ်ဗျ။ ပြီးတော့ ခင်ဗျားတို့လို screen time အကြည့်များတဲ့လူတွေဆို မျက်စိခြောက်တတ်တယ်။ အဲဒီအတွက်ဆို မျက်ရည်တုလိုမျိုး မျက်စဥ်းခပ်ဆေး ခပ်ပေးလို့ရတယ်။ ဒါ့အပြင် ဖုန်းကွန်ပျူတာရဲ့အလင်းအားကို တတ်နိုင်သမျှ လျှော့ကြည့်ပေးရမယ်ဗျာ။ တချို့ရှိကြတယ်မို့လား။ ဖုန်းရဲ့အလင်းကို စူးနေအောင် ထားထားတတ်ကြတယ်။ အဲဒီအကျင့်မျိုး ရှောင်ကျဉ်ရမယ်ဗျ။ မျက်ကပ်မှန်သမားတွေဆိုလည်း screen ကို အချိန်ကြာကြာကြည့်ရမယ်ဆိုရင် မျက်မှန်ပြောင်းတပ်ပြီး လုပ်ပေးသင့်တယ်ဗျ။ ဒါမှ မျက်စိခြောက်တာတွေ နေရခက်တာတွေ မကြုံနိုင်မှာပါ”

“ကျေးဇူးပဲ ဆရာရေ၊ နောက်ဆုံးသိချင်တာလေး မေးဦးမယ်ဗျာ။ အခု မိဘတိုင်းကြုံတွေ့နေရတဲ့ ကလေးတွေ ဖုန်းနဲ့ digital screen တွေ အကြည့်များလာတဲ့ကိစ္စပေါ့ ဆရာ။ ကျွန်တော့တူလေးတစ်ယောက်ဆို ဖုန်းကြည့်မှ ငြိမ်သတဲ့ဗျာ။ အဲဒီကိစ္စရော ဆရာ့အမြင်လေး ပြောပြပေးပါဦး”

“ဟုတ်တယ် ကိုလှဖေရေ..အဲဒီကိစ္စကလည်း မိဘတွေ သေချာဂရုပြုသင့်တဲ့ကိစ္စပဲဗျ။ ပြောခဲ့သလိုပဲ digital screen တွေကြောင့် မျက်စိကို ဘေးဥပါဒ်မဖြစ်စေနိုင်ပေမယ့် အခြားအပိုင်းတွေမှာတော့ ထိခိုက်မှုလေးတွေ ရှိနိုင်တယ်ဗျ။ ဥပမာတစ်ခု ပြောရရင် အာရုံစူးစိုက်မှုနဲ့ဆိုင်တဲ့ အပိုင်းမှာပေါ့။ ကနေဒါနိုင်ငံက စမ်းသပ်မှုတစ်ခုအရဆို ကလေးတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး screen time များမယ်ဆိုရင် ADHD လို့ခေါ်တဲ့ အာရုံကြောစနစ် ဖွံဖြိုးမှုစနစ်တကျမဖြစ်တဲ့ အခြေအနေတစ်ခု ဖြစ်နိုင်ခြေ ၈ ဆတောင် ပိုများသတဲ့ဗျာ။ ပြီးတော့ screen time များလာတဲ့အခါ ကလေးတွေမှာ သဘာဝအတိုင်း ခန္ဓာကိုယ်လှုပ်ရှားရတဲ့ ကစားနည်းတွေ အလုပ်နည်းသွားတော့ ကလေးဘဝကတည်းက အဝလွန်ခြင်းကို ဖြစ်စေနိုင်တာပေါ့ဗျာ။ အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ လေ့လာချက်အရဆို ငယ်ကတည်းက ခန္ဓာကိုယ်လှုပ်ရှားရတဲ့ ကစားနည်းတွေ အလုပ်များပြီး screen time နည်းတဲ့ ကလေးတွေက မျက်စိအဝေးမှုန်တဲ့ပြဿနာကို ဖြစ်ဖို့ရာခိုင်နှုန်း နည်းသတဲ့ဗျာ။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ အသက် ၂ နှစ်မပြည့်သေးတဲ့ ကလေးတွေကို ဖုန်းကြည့်ခွင့် မပေးသင့်ဘူး၊ အသက် ၂ နှစ်နဲ့ ၅ နှစ်ကြား ကလေးတွေတောင်မှ တစ်နာရီထက်ပိုပြီး ဖုန်းကြည့်ခွင့်မပေးသင့်ဘူးဆိုပြီး ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်းတွေက အကြံပြုထားသဗျာ။ ရည်ရွယ်ချက်ကတော့ ကလေးတွေ သဘာဝအတိုင်း ခန္ဓာကိုယ်လှုပ်ရှားကစားနိုင်ပြီး သူတို့ရဲ့ အသက်အရွယ်အလျောက် ရုပ်ပိုင်းဆိုင်ရာနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာတွေ ဖွံဖြိုးတိုးတက်မှုရနိုင်ဖို့ ဖြစ်ပါတယ်တဲ့ဗျာ”

“ကဲ ကျွန်တော်လည်း လေကြောအတော်ရှည်သွားပြီ။ ကိုလှဖေ ဘယ်နှယ့်လဲ။ အတော်လေး သိသွားရပြီမလားဗျ”ဟု အခါးရည်အား တစ်ကျိုက်မော့၍ ကျွန်ုပ်က မေးလိုက်လေရာ…

“ဒါပေါ့ဆရာရယ်…ဆရာပြောပြတဲ့ ကျန်းမာရေးဗဟုသုတတွေကလည်း အတော်နားထောင်ကောင်း၊ ဆတ်သားခြောက်ဖုတ်လေးကလည်း အတော်စားကောင်းတော့ အတော်ကို အကျိုးရှိတဲ့ နေ့လေးပါပဲဗျာ။” ဟူ၍ အားရပါးရဖြေလေရာ ကျွန်ုပ်လည်း ပြုံး၍သာ နေနေတော့လေသည်။

“အာရောဂျံ ပရမံ လာဘံ”
“ကျန်းမာခြင်းသည် လာဘ်ကြီးလေစွ”

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here