အာဟာရဆိုင်ရာဗဟုသုတလေးတွေကို စနေနေ့တိုင်း တင်ဆက်ပေးမယ်လို့ ပြောခဲ့ဖူးတယ်နော်…

ဒီတစ်ပတ်မှာတော့ ဆီးချိုသမားတွေသိထားသင့်တဲ့ အာဟာရဆိုင်ရာ အချက်အလက်တွေကို မှတ်မိဖွယ် အတိုအထွာပုံစံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်

????????????

ဆီးချိုလူနာတစ်ယောက်အနေနဲ့ မရှိမဖြစ် လိုအပ်တဲ့အရာက ဘာတွေဖြစ်မလဲ

– ဆီးချိုတိုင်းစက်

– အစားအစာ မှတ်မည့် စာအုပ်

– ဆေးများ

– ဆီးချိုကျလျှင် စားရန် အဆင်သင့်ဆောင်ထားရမည့် အချို ၊ သကြားလုံး ၊ glucose အရည်များ

– ဖိနပ်ပျော့ပျော့

လက်ထိပ်ဆီးချိုစစ်ရင် အဖြေ ၁၈၀ ရတာ များလား

– မနက်အစော ဘာမှမစားခင်ဆို များပါတယ်

– စားပြီးတိုင်းတာဆို မများပါ

– မနက်မစားခင် ၈၀-၁၃၀ ကြား၊ စားပြီးဆို ၂၀၀အောက်ရှိရင် အတော်ကောင်းပါတယ်

• ဆီးချိုဖြစ်လာတဲ့အခါ အိမ်ကလူတွေနဲ့ထမင်းတူတူစားလို့ရပါတယ်။ သီးသန့်ပြင်ဆင်ချက်ပြုတ်ဖို့ မလိုပါဘူး

• ဆီးချိုလူနာအတွက် လုံး၀ရှောင်ရမည့် အစားအစာ မရှိပါ

• အစားအစာ တော်တော်များများကို စားလို့ရပါတယ်။ ထမင်းလည်း စားလို့ရပါတယ်

• အရေးအကြီးဆုံးက ဘာစားမလဲဆိုတာထက် #ဘယ်လောက်စားမလဲ ဆိုတာပါ…

….

….

….

ဆီးချိုသမားတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာပုံစံ

ထမင်းစားပန်းကန်တစ်ခုကို (၄)ပုံ ပုံပါ။

တစ်ပုံကို ကစီဓာတ်များသော အစားအစာ ထည့်ပါ

(ထမင်း ၊ ခေါက်ဆွဲ ၊ ကြာဇံ ၊ မုန့်ဖတ် ၊ ဂျုံဖြင့်ပြုလုပ်ထားသော မုန့် တစ်ခုခု)

နောက်တစ်ပုံကို အသားဓာတ်တစ်ခုခုကို ထည့်ပါ

( ကြက်သား၊ ၀က်သား၊ အမဲသား၊ ကြက်ဥ၊ ငါး၊ ပုဇွန်၊ ပဲ၊ နို့ခဲ၊ ပဲပြား )

ပန်းကန်၏ တစ်၀က်ပိုပါမည်။ ထိုတစ်၀က်ကို ဟင်းသီးဟင်းရွက် ဟင်းချို စတာတွေ ထည့်ပါ။

ထိုကဲ့သို့ စနစ်တကျစီထားသော ပန်းကန်ကို “ ကျန်းမာရေးနှင့်ညီညွတ်သော ပန်းကန်” ဟု ခေါ် ပါသည်။

( တစ်ပန်းကန်ကုန်လို့မ၀သေးရင် နောက်တစ်ပန်းကန်စားလို့ရပါတယ် )

….

….

….

အမေးများသော မေးခွန်းများ ၊ အယူဆအမှားများ

ဆန်ကို ငှဲ့ ချက်ရင် ဆီးချိုနဲ့တည့်လား

ငှဲ့တဲ့ဆန်က ပေါင်းအိုးဆန်နဲ့ သိပ်မကွာလှပါဘူး။ ငှဲ့ချက်ဆန်ကို ၂ပန်းကန် ၃ပန်းကန် အမောက်ကြီးစားမယ့်အစား မိမိကြိုက်သောထမင်းကို ကျန်းမာရေးနှင့်ညီညွတ်သော ပန်းကန်ပုံစံဖြင့်သာ စားပါ…

❗ပဲကြာဇံစားရင် ဆီးချိုမတက်ဘူး

မှားပါတယ်. တက်ပါတယ်.

❗ထမင်းဖြတ်ရင် ဆီးချိုပျောက်တယ်

ဆီးချို အကြိုအဆင့်မှာသာ ဆီးချိုပျောက်နိုင်တာပါ။ ဖြစ်တာကြာတဲ့ဆီးချိုကို အရှင်းကုဖို့ မရပါ

❗ထမင်းစားရင် ဆီးချိုတက်မှာကြောက်လို့ တိုရှည် ၃ပွဲစားတယ်

မှားပါတယ် ၊ ထမင်းအများကြီးစားလိုက်တာနဲ့တူတူပါဘဲ.

❗ကြက်ဥ ဆီးချိုတက်တယ်

မှားပါတယ် ၊ ဆီးချိုမတက်စေပါ…ကစီဓာတ်မပါဘဲ အသားဓာတ်ပဲ ပါပါတယ်

❗နွားနို့မတည့်ဘူး

မှားပါတယ် ၊ နွားနို့ဟာ နို့ သကြား လက်တို့စ် ပါပေမ​ယ့် အာဟာရပြည့်၀တဲ့ အစားအစာမို့ သောက်သင့်ပါတယ်

❗အသီးဖျော်ရည် တည့်တယ်

မှားပါတယ်… ဆီးချိုအတက်လွန်စေတယ်

❗No sugar – ဖျော်ရည်တည့်တယ်

မှားပါတယ်၊ အသီးဖျော်ရည်တွေမှာ သကြားထပ်မထည့်ထားပေမယ့် ၊ သဘာ၀သကြားကိုက ဆီးချိုတက်စေပါတယ်

( ခြွင်းချက် coca cola no sugar – zero sugar သည် ဆီးချိုမတက်စေလို့ သောက်လို့ရပါသည်)

အသီးစားလို့ရလား

ဘယ်အသီးမဆို လက်တစ်ဆုပ်စာလောက် တစ်ရက်မှာ တစ်ကြိမ် စားတာ ပြဿနာမရှိပါ၊ ဆီးချိုလွန်စွာတက် (၄၀၀ ကျော်)မှသာ မစားသင့်တာပါ

အားဆေးသောက်ဖို့လိုလား

ပုံမှန် စားနေသောက်နေ သွားလာနေသူမှာ ဘာဖြည့်စွက်ဆေး ဘာဖြည့်စွက်စာမှ မသောက်လည်းရပါတယ်။ Metformin နှစ်ရှည်သောက်နေသူတွေမှာ vitamin B12 (ကိုဘယ်လမင်း)ပါသော ဖြည့်စွက်ဆေးသောက်ရင်တော့ ပိုကောင်းပါတယ်

….

….

….

*** ကစီဓာတ် ပါ၀င်သော အစာအုပ်စုများဟာ သွေးတွင်း ဂလူးကို့စ်ကို တက်စေပါတယ် ***

????ကစီဓာတ်ပါပေမယ့် အောက်ပါအုပ်စုများကို ရှောင်ဖို့မလိုပါ ၊ ချင့်ချိန်စားသုံးပါ

– ဆန်နှင့်လုပ်သော ထမင်း၊ ခေါက်ဆွဲဖတ်၊ မုန့်အမျိုးမျိုး

– ဂျုံဖြင့်လုပ်သော မုန့် များ ၊ ပေါင်မုန့်၊ ခေါက်ဆွဲဖတ် ၊ ပလာတာ အမျိုးမျိုး

– ပြောင်းဖူး ၊ အာလူး၊ ဖရုံသီး ၊ ကန်စွန်းဥနှင့် အခြား သစ်ဥ သစ်ဖုအမျိုးမျိုး

– သစ်သီး၀လံအမျိုးမျိုး

– နွားနို့ နှင့် နို့ထွက်ပစ္စည်းများ

????ကစီဓာတ်ပါဝင်သော အောက်ပါ အစားအစားများကိုတော့ လျော့စားခြင်း ၊ တစ်ခါတစ်ရံလိုအပ်မှစားခြင်းဟာ ပိုသင့်တော်ပါတယ်

– သကြား၊ ကြံသကာ၊ ထန်းလျက်၊ ပျားရည်၊ နို့ဆီ စတာတွေဟာ ဆီးချိုကဲစေလို့ ဆီးချိုကျချိန်စားသုံးခြင်းမှလွဲ၍ ရှောင်လျှင် ကောင်းပါသည်

– ကောက်ညှင်းဖြင့်လုပ်သော မုန့်များသည် ဆီးချိုကဲစေနိုင်လို့ တစ်ခါတစ်ရံသာ စားပါ

– အချိုရည်များ ၊ အားဖြည့်အချိုရည်များ၊ ready-made coffee mix ၊ teamix ( ရှောင်လျှင်ကောင်းပါသည် )

( ခြွင်းချက် – သွေးပေါင်ကျ ၊ ၀မ်းလျော ၊ အရည်ဓာတ်ဆုံးရှုံးပါက အရသာမပါသော ဓာတ်ဆားသောက်ရပါသည်

ကော်ဖီ၊ လက်ဖက်ရည်ဖျော်သောအခါ သကြားနှင့်နို့ဆီအစား sugar free – equal or stevia နှင့် နွားနို့ကို အစားထိုးသုံးပါ)

….

….

….

• အမျှင်ဓါတ်များသော အစားအစာများကို ၀မ်းမှန်စေရန် ၊ ဆီးချိုထိန်းနိုင်စေရန်စားသင့်ပါသည်။

( ဥပမာ – ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ ၊ သစ်သီး၀လံများ )

• ကိုယ်လက်လှုပ်ရှားမှုကိုလည်း နေ့စဥ် နာရီ၀က်ခန့် မဖြစ်မနေ လုပ်သင့်ပါသည်

• အခြားရှောင်သင့်သော အစားအစာများအနေဖြင့် ( နှလုံးသွေးကြောကျဥ်း အ၀လွန် ရောဂါတို့နှင့် တွဲတက်သောကြောင့် ) ဆီကြော်အစာများရှောင်ခြင်း၊ ၀က်ဆီအမဲဆီတို့ကို ရှောင်ခြင်း၊ ပြန်ကြော်ဆီ ရှောင်ခြင်း ၊ ဆီလျော့စားခြင်းတို့သည် ဆီးချိုသမားများအတွက် ပိုသင့်တော်ပါသည်။

” ဆီးချို သွေးချိုသမားများ အားလုံးပဲ ကျန်းမာရေးဗဟုသုတရရှိ၍ ကျန်းမာပျော်ရွှင်ကြပါစေ “

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

Telekyanmar

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here