ငလျင်ဒဏ်မခံရပေမယ့် ငလျင်သတင်းတွေကို ကြည့်ရင်းဖတ်ရင်းလည်း ကျွန်မတို့မှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုလွန်ကဲခြင်းတွေ၊ စိတ်ဒဏ်ရာတွေ ရတတ်ပါတယ်။ အထူးသဖြင့် ခုလို crisis ကာလမှာ social media ကို တောက်လျှောက်အသုံးများနေတဲ့သူတွေမှာ ဒီလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုအဖြစ်များတတ်ပါတယ်။

ပုံမှန်အချိန်မှာတောင် သတင်းအမှားတွေ၊ ထိတ်လန့်စရာ ဗီဒီယိုတွေ၊ စိတ်ရှုပ်ထွေးစေတဲ့ content တွေဟာ social media တွေမှာ အများကြီးရှိပါတယ်။ ဒါတွေကို အဆက်မပြတ်ကြည့်မိရင် စိတ်ဖိစီးမှုတွေ ပိုများလာနိုင်ပြီး ခုရက်ပိုင်း ငလျင်သတင်းတွေလို သတင်းဆိုးတွေဆိုရင် ပိုဆိုးတာပေါ့။

ငလျင်သတင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် ဦးနှောက်ကလည်း အလိုအလျောက် သတင်းဆိုးတွေကိုပဲ စုပ်ယူနေသလို ဖြစ်လာပါတယ်။ ဒါကို “ passive absorption” လို့ ခေါ်ပါတယ်။

“ Passive absorption” ကြောင့် စိတ်မချမ်းမြေ့စရာ သတင်းတွေဟာ ဦးနှောက်ထဲကို အလိုလိုဝင်လာပြီး ကျွန်မတို့ရဲ့ မသိစိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေ ခိုအောင်းလာတတ်ပါတယ်။ အရင်ကတော့ သတင်းတွေကို ကိုယ်ကြိုက်ရာ သေချာရွေးချယ်ပြီး ဖတ်လို့ရပေမဲ့ အခုတော့ Facebook ရဲ့ algorithm က အလိုအလျောက် ငလျင်သတင်းတွေကိုပဲ ပြနေတဲ့အခါ ကျွန်မတို့ရဲ့စိတ်တွေဟာ မကျန်းမာနိုင်တော့ပါဘူး။

Passive Absorption ရဲ့ ဆိုးကျိုးများ

◾️စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
သတင်းဆိုးတွေကို အဆက်မပြတ်ဖတ်နေရရင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုတွေအပြင် အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

◾️အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းခြင်း
သတင်းဆိုးတွေကြောင့် ဦးနှောက်က အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။ အလုပ်လုပ်တဲ့အခါပဲဖြစ်ဖြစ် စာဖတ်တဲ့အခါပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် အာရုံမစူးစိုက်နိုင်တော့ပါဘူး။

◾️လူမှုဆက်ဆံရေး ထိခိုက်ခြင်း
စိတ်ဖိစီးမှုတွေ များလာတဲ့အခါ လူမှုဆက်ဆံရေးမှာလည်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ချင်တာ၊ လူတွေနဲ့ စကားမပြောချင်တာ ၊စိတ်တိုလွယ်တာ၊ စိတ်မရှည်တာတွေ၊ အချင်းချင်းကတောက်ကဆတွေ ဖြစ်လာနိုင်ပါတယ်။

◾️ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်ခြင်း
စိတ်ဖိစီးမှုတွေ များလာရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်သလို ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ မောပန်းလွယ်တာ ၊ နုံးချိတာ၊ အစားအသောက်ပျက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။


🔹ကာကွယ်ရမယ့် နည်းလမ်းများ

📱 Social media အသုံးပြုချိန်ကို ကန့်သတ်ပါ။
ဥပမာ။ တစ်နေ့ကို ၁ နာရီပဲ သုံးတာမျိုး သို့မဟုတ် တစ်ပတ်မှာ ရက်အနည်းငယ်ပဲ သုံးတာမျိုးပေါ့။

📌 သတင်းရင်းမြစ်ကို ဂရုစိုက်ပါ။
ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက သတင်းတွေကိုပဲ ဖတ်ပါ။ ဒါက ခုခေတ်မှာ Fact check လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ သတင်းအမှားတစ်ခုဟာ လူတွေကို ပိုလို့ထိတ်လန့်စေ၊ အန္တရာယ်များစေနိုင်ပါတယ်။

📵 စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကောင့်တွေကို unfollow/mute လုပ်ပါ။
သတင်းဆိုးတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ post တွေ အမြဲတင်နေတဲ့ အကောင့်တွေကို အချိန်တစ်ခုအထိ unfollow (သို့) mute လုပ်ပါ။

✅ Positive ဖြစ်တဲ့ အကြောင်းအရာတွေကို search လုပ်ပြီး ကြည့်ပါ။
ရယ်စရာဗီဒီယိုတွေ၊ တိရစ္တာန်လေးတွေ၊ စိတ်အပန်းပြေစေတဲ့အနုပညာ၊ ပန်းချီ၊ တေးဂီတ စတဲ့ အကြောင်းအရာတွေကို ရှာကြည့်ပါ။

✅ Social activity လေးတွေ လုပ်ပါ။
တစ်ရက်တာ social media မသုံးတဲ့အချိန်တွေကို သတ်မှတ်ပြီး မိသားစုနဲ့ အတူအချိန်ကုန်တာ၊ အပြင်ထွက်တာ၊ ယောဂကျင့်တာမျိုး လုပ်ပါ။

✅သတိကပ်ပါ။
Social media သုံးတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို သတိထားပြီးသုံးပါ။ စိတ်ဖိစီးမှုတွေ များလာတယ်လို့ ခံစားရရင် ချက်ချင်းရပ်လိုက်ပါ။

📵 Social media detox လုပ်ပါ။
တစ်ပတ် (သို့) တစ်လလောက် social media ကို လုံးဝမသုံးဘဲ နေကြည့်ပါ။

🌜 အိပ်ရေးဝဝအိပ်ပါ။
တစ်နေ့ကို ၇ နာရီ (သို့) ၈ နာရီလောက် အိပ်ရေးဝဝအိပ်ပါ။

🍎 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ များများစားပြီး အဆီအအိမ့်တွေ၊ အချိုတွေ လျှော့စားပါ။ ရေများများသောက်ပါ။

📌လိုအပ်ရင် ကျွမ်းကျင်သူပညာရှင်‌တွေနဲ့ တိုင်ပင်ပါ။
စိတ်ဖိစီးမှုတွေ အရမ်းများလာပြီး ကိုယ့်ကိုယ်ကိုယ် ကိုင်တွယ်ရခက်လာပြီဆိုရင်၊ အိပ်မရတဲ့ညတွေဆက်လာပြီဆိုရင် စိတ်ပညာရှင် (သို့) ဆရာဝန်နဲ့ တိုင်ပင်ပါ။
.

ငလျင်ဒဏ်ခံရသူတွေဟာ ဒုက္ခအခက်အခဲတွေကို စုပြုံပြီး ခံစားနေကြရတာပါ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အကူအညီရော စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ကိုပါ လိုအပ်နေသူတွေဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့က ရေရှည်ထောက်ပံ့ပေးနိုင်ဖို့ဆိုရင် ကိုယ်တိုင်ကလည်း စိတ်ပိုင်းဆိုင်ရာ အားပြည့်ကျန်းမာနေမှ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် passive absorption နည်းနိုင်သမျှ နည်းအောင် အထက်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here