ဟာသကာတွန်းလေးတစ်ခုမှာပေါ့

ဆရာဝန်ကို တခြားလူတစ်ယောက်က မေးနေပါတယ်…

” ဆရာတို့နေမကောင်းရင်ကျ ဘယ်သူကဆေးထိုးပေးတာလဲ ၊ ကိုယ့်ဟာကို ထိုးတာလား “

ဆရာဝန်က ပြန်ဖြေပါတယ်…

” ရူးနေတာလား…ဘာကိစ္စ ကိုယ့်အသားကိုအပ်ကြီးနဲ့အထိုးခံရမှာတုန်း…ကြောက်စရာကြီး ” တဲ့ ????

ဟုတ်ပါတယ် ဆရာဝန်၊ ဆရာမတွေလည်း ဆေးထိုးခံရမှာ ကြောက်တတ်ကြပါတယ်။ ( တချို့တွေ ကာကွယ်ဆေးထိုးခံရချိန် မျက်နှာကြီးတွေရှုံ့မဲ့နေတာ မြင်ဖူးကြမလားတော့ မသိဘူး )

လူတိုင်းတော့လည်း မဟုတ်ဘူးပေါ့လေ။ တချို့လည်း ကိုက်ခဲဖျားနာနေရင် လူကွယ်ရာမှာ ကိုယ့်တင်ပါးထဲကိုယ် ဇွပ်ခနဲ ထိုးထည့်လိုက်တဲ့ ဆရာဝန်တွေလည်း ကြုံဖူးတာပေါ့။

ဆေးထိုးအပ်နဲ့ နေ့စဥ်ယဥ်ပါးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေတောင် ကြောက်စိတ်ရှိရင် ၊ လူနာတွေဆို ဘယ်လိုနေရှာမလဲ…

( တကယ်တော့ ဆေးထိုးခံလိုက်ရတာထက် မထိုးခင် ကြောက်စိတ်/အူယားတာက ပိုဆိုးပါတယ်။ ပြီးတော့လည်း ဘာမှမဟုတ်ပါဘူး )

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါဆို…

ဆေးထိုးခံရတာထက်ပိုတဲ့ အသေးစားခွဲစိတ်မှုတွေ ၊ အကြီးစားခွဲစိတ်မှုတွေဆို လူနာတွေ ဘယ်လိုခံစားနေရှာမလဲ ? သာမန်လူတွေရော ကိုယ့်ကို ခွဲစိတ်တော့မယ်ဆိုရင် ပျော်နိုင်ပါ့မလား….

ပျော်မယ်မထင်ပါဘူး…

သေချာတာကတော့ အနည်းနဲ့အများ စိုးရိမ်စိတ် ၊ ကြောက်စိတ်လေးတွေတော့ ဖြစ်ပေါ်မိမှာပါပဲ။

မလွှဲသာလို့ ခွဲရတော့မယ် စိတ်ရတော့မယ် ကြုံလာခဲ့ရင် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ ?

ခွဲတယ်စိတ်တယ်ဆိုတာဟာ ကိုချူချာဟာသထဲကလို လုပ်လို့ မရပါဘူး

( ” ကိုချူချာ ဟာသ “

” လူနာAကို ညာခြေထောက်ဖြတ် “

” ဒုတ် “

” ဆောရီး….မှားလို့ ၊ ဘယ်ဘက် “

” ဒုတ် “

” ပြောတာကို သေချာနားမထောင်ဘူး…

ဘယ်လက် ကွ ၊ ဘယ်ဘက် မဟုတ်ဘူး “

” ဒုန်း ” )

ဒီဟာသထဲကလို ဆရာဝန်တွေ တလွဲလုပ်လို့မရပါဘူး။

ထို့အတူ ခွဲစိတ်ခါနီးမှာ လူနာတွေလည်း လျောက်မလုပ်သင့်တာတွေ ရှိပါတယ်။

ခွဲစိတ်တဲ့အခါမှာ ဆရာဝန်တွေဘက်က စေ့စပ်ဖို့လိုသလို ၊ လူနာဘက်က လိုက်နာရမယ့်အချက်လေးတွေ ပူးပေါင်းဆောင်ရွက်ပေးရင် အများကြီးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ လူနာတွေအနေနဲ့…

(၁) မခွဲစိတ်ခင်မှာ တတ်နိုင်သမျှ လန်းဆန်းတက်ကြွအောင်နေပါ။ စိတ်ကို ပေါ့ပေါ့ပါးပါးနဲ့ ငါကြိုးစားကုမယ်၊ ပျောက်အောင်ကုမယ်၊ ငါနေကောင်းတော့မှာ/ သက်သာတော့မှာ စသဖြင့် ယုံကြည်ချက်ထားပါ။ အားရှိအောင် စားပါ။ ပုံမှန်အိပ်ပါ။

(၂) ခွဲစိတ်ဖို့ အချိန်အနည်းငယ်ပဲ ကျန်သည့်တိုင်ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ မေ့ဆေးနဲ့ခွဲစိတ်မှုအပြီး နာလန်ထချိန်မှာ အဆုတ်ပြဿနာပေးတတ်ပေးပါတယ်။ လိုအပ်ရင် အသက်ရှုလေ့ကျင့်ခန်းတွေကို မခွဲခင်ကတည်းက စတင်လုပ်ဆောင်သင့်ပါတယ်။ မေ့ဆေး၊ ခါးရိုးထုံဆေးသုံးလို့ အစာဖြတ်ဖို့လိုအပ်ရင်တော့ ခွဲစိတ်ဆရာ၀န် သို့ မေ့ဆေးဆရာ၀န်က ညွှန်ကြားပါလိမ့်မယ်။

(၃) အရက်၊ တားမြစ်ဆေးသုံးထားတာရှိရင်ဆရာ၀န်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ အဲ့အရာတွေဟာ မေ့ဆေး ဆေးပမာဏနဲ့ တုန့်ပြန်မှုအပေါ် သက်ရောက်မှု ရှိစေလို့ပါ။

(၄) ကိုယ့်မှာ ခံစားနေရတဲ့ရောဂါဝေဒနာတွေရှိရင် မကွယ်မဝှက်ဘဲ ပြောပြပါ။ (ဥပမာ- နှလုံး၊သွေးတိုးကစလို့ ရောဂါအမျိုးမျိုး )

– သောက်နေတဲ့ဆေး- သွေးကျဲဆေး၊ ဆီးချိုထိန်းဆေး၊ သွေးပေါင်ကျဆေး အစရှိသည်

( ကိုယ့်မှာရောဂါအခံရှိရင် ခွဲစိတ်မှုမပြုခင် သက်ဆိုင်ရာ အထူးကုဆရာ၀န်တွေနဲ့ တွဲကုသမှာမို့ ညွှန်ကြားချက်တွေကို ဂရုတစိုက် လိုက်နာပါ )

(၅) အရင်သင်နဲ့ သင့်မိသားစုမှာ မေ့ဆေး၊ ထုံဆေးနဲ့ ပတ်သက်လို့ ဆိုးဝါးတဲ့အတွေ့အကြုံရှိရင်လည်းမေ့ဆေးဆရာ၀န်ကို ပြောပြသင့်ပါတယ်။ လေဖြတ်ဖူးတယ်၊ အပူဒဏ်ကြောင့် heat strokeရဖူးတယ်ဆိုလည်း ပြောပြပေးပါ။

(၆) အဖော်တော့ခေါ်သွားပါ။ ဆေးရုံတက်စရာမလိုရင်တောင် ခွဲပြီးအပြန် တစ်ယောက်တည်း ကားမမောင်းသင့်ပါဘူး။

– ပေါ့ပေါ့ပါးပါး အ၀တ်အစား၀တ်သွားပါ။

– လက်သည်းဆေးဆိုးထားတာရှိရင် ဖျက်သွားပါ။ ( လက်ထိပ်မှာ အောက်စီဂျင်ပမာဏတိုင်းတဲ့အခါ အနှောက်အယှက်ဖြစ်စေလို့ပါ)

– အဖိုးတန်ပစ္စည်းတွေ အိမ်မှာထားခဲ့ပါ။

– ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါ။

( တစ်ခါက အမျိုးသမီးငယ်တစ်ဦးကြုံဖူးပါတယ်။ ခွဲစိတ်မယ့်နေ့ကျမှ နှုတ်ခမ်းနီရဲရဲလေးဆိုးပြီး ခွဲခန်းထဲရောက်လာပါတယ်။ ဘာလို့လဲမေးကြည့်တော့ လှလှလေးနေပြီးကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်လို့ပါတဲ့။ အေးပါကွာ…. ???? )

(၇) ခွဲစိတ်မှုနဲ့ မေ့ဆေး၊ထုံဆေးကို ကြောက်ရင် ဒါဟာ သဘာ၀ပါ။ ခွဲစိတ်ဆရာ၀န်နဲ့ မေ့ဆေးဆရာ၀န်တွေကို ပြောပြပါ။ သူတို့က သိသင့်တာတွေရှင်းပြပြီး စိတ်လုံခြုံမှုပေးပါလိမ့်မယ်။

(ဥပမာ…ထုံဆေးဆိုရင်(local or spinal anesthesia) ခွဲတာသိမယ် မနာဘူး။ ကြောက်တတ်လို့ မသိချင်ရင်တော့ အိပ်ဆေးထိုးပေးလို့ရပါတယ်။

-မေ့ဆေးဆိုရင်(general anaesthesia) မေ့ဆေးပိုက်ထည့်ပြီး မေ့တာရှိသလို၊ မေ့ဆေးပိုက်မလိုတာရှိပါတယ်။ လက်က အပ်လေးထဲ ဆေးထိုးတာလေး သိမယ်။ အောက်ဆီဂျင်လေး ရှုထားပါဆို ရှုထားလိုက်….တဖြည်းဖြည်း အိပ်ချင်လာပြီး မေ့သွားမှာပါ။ နိုးလာရင်ခွဲပြီးပါပြီ။)

(၈) ကိုယ့်ရဲ့ နာလန်ထစမှာ ကြုံတွေ့ရမယ့် အနေအထားကိုလည်း ကြိုတင်မေးပြီး စိတ်ပြင်ဆင်ထားသင့်ပါတယ်။ (ဥပမာ- ခွဲပြီးရင် နာနေဦးမှာလား၊ ပိုက်တွေနဲ့ထွက်လာမှာလား၊ နှာခေါင်းပိုက်ရှိမှာလား၊ ဆီးပိုက်ရှိမှာလား၊ အစာမစားရဘဲနေရမှာလား၊ ဘယ်တော့လောက်ဆေးရုံကဆင်းရနိုင်လဲ၊ အလုပ်ဘယ်တော့ ပြန်လုပ်နိုင်မလဲ အစရှိသဖြင့်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာဝန်တွေဘက်က အနေအထားလေးကိုလည်း ကြည့်ကြရအောင်ပါ….

ခွဲစိတ်မှုလို့ဆိုတဲ့အခါ အသုံးအနှုန်းအရ အသေးစားခွဲစိတ်မှု ( minor operation ) ၊ အကြီးစားခွဲစိတ်မှု ( major operation )လို့ရေးနေပေမယ့် ဆရာဝန်လောကမှာ ဆိုရိုးတစ်ခုရှိပါတယ်….

” There is no minor operation ” ပါ

ခွဲစိတ်မယ့်ဆရာ၀န်အတွက် minor operationဆိုတာ မရှိပါဘူးတဲ့။ (အလုပ်လုပ်ရမယ့်သူ) ခွဲစိတ်မှုပြုပေးမယ့် ဆရာ၀န်တစ်ယောက်ဟာ မည်သည့်ခွဲစိတ်မှုကိုမဆို အသေးစိတ်ဂရုစိုက် ဆောင်ရွက်ရလေ့ရှိပါတယ်။ ထပ်တူကျသော လေးနက်မှု အားထုတ်မှုတွေနဲ့ပါပဲ။

ခွဲစိတ်ဆရာ၀န်၊ မေ့ဆေးဆရာ၀န်နဲ့ တခြားအထူးကုဆရာ၀န်တွေက လူနာကို မခွဲခင်၊ ခွဲနေတုန်း၊ ခွဲအပြီးမှာ ဘေးကင်းစိတ်ချပြီး အောင်မြင်စွာ ခွဲစိတ်ကုသ နာလန်ထနိုင်အောင် ဝိုင်း၀န်းစောင့်ရှောက်ပေးကြပါတယ်။ အဲ့ဒီ team ထဲမှာ လူနာကိုယ်တိုင် ( အထက်ပါအချက်တွေကိုလိုက်နာပြီး ) ပါ၀င်ဖို့လည်း အရေးကြီးပါတယ်။

လူနာတွေအတွက်ကတော့ ဘယ်လောက်လွယ်ကူတဲ့ ခွဲစိတ်မှုမဆို ကိုယ့်အတွက်တော့ ကြီးမားပါတယ်။ စိုးရိမ်တတ်ကြ ကြောက်တတ်ကြပါတယ်။ ခွဲတာ စိတ်တာခံရကတော့ ပျော်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။

ဒါပေမယ့် မခွဲစိတ်ခင်မှာ ကိုယ့်ရောဂါအကြောင်း သေချာသိအောင်ကြိုးစားမယ်၊ မခွဲခင် ကိုယ်ဘယ်လို ဂရုစိုက်နေထိုင်ရမလဲ၊ ခွဲပြီးရင် ဘာတွေဂရုစိုက်ရမလဲစတာတွေကို သိရှိနားလည် လိုက်နာထားမယ်ဆိုရင်တော့ သင်ဟာလည်း သင့်ခွဲစိတ်မှုကို ဆရာ၀န်တွေနဲ့အတူတူ တစ်လှေထဲစီး ကြိုးစားသူမို့ ရှေ့ကလမ်းကို ပုံမှန်လူနာထက်ပိုပြီးမြင်လွယ်ပြီးအောင်မြင်အောင်လည်း အတူလျှောက်လှမ်းနိုင်မှာပါ​။

နိဂုံးချုပ်အနေနဲ့ပြောရရင် ခွဲစိတ်မှုခံယူတယ်ဆိုတာ ကားလမ်းဖြတ်ကူးရသလိုပါပဲ

လမ်းဖြတ်ကူးရင် ကားတိုက်ခံရနိုင်​ချေရှိတယ်။

တောင်မကြည့် မြောက်မကြည့် မဆင်မခြင်လမ်းဖြတ်ကူးရင် ပိုပြီးတိုက်ခံရနိုင်ချေများပါတယ်။

ဒါပေမယ့် ကိုယ်လမ်းကူးတာက လူကူးမျဥ်းကျားက ကူးမယ် ၊ အနီးအနားမှာ မီးပွိုင့် ( သို့မဟုတ် ) ယာဥ်ထိန်းရဲလည်း ရှိမယ် ၊ ဖြတ်ကူးတဲ့အခါမှာလည်း “ ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့်” ဆိုတဲ့အတိုင်း စနစ်တကျကြည့်ရှုစစ်ဆေးမယ်ဆိုရင် အားလုံးဘေးကင်းမှာ ဖြစ်ပါကြောင်းရေးသားရင်း နိဂုံးချုပ်အပ်ပါတယ်။

” ခွဲစိတ်မှုတိုင်း အန္တရာယ်ကင်းဘေးရှင်းပြီး ၊ အောင်မြင်သော ခွဲစိတ်မှု ဖြစ်နိုင်ကြပါစေ ” လို့…

❤️ တယ်လီကျန်းမာမှ လူနာများအတွက် ဆုတောင်းလျက် ❤️

ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here