“ ခြင်တွေက အခြားလူတွေနား မသွားဘဲ ဘာကြောင့် ငါ့နားပဲ တဝဲလည်လည် လုပ်နေကြလဲ မသိဘူးကွာ”

ကြုံဖူးကြမယ် ထင်ပါတယ်နော်။ လူ ၃-၄ ယောက် အတူရှိနေချိန်မှာတောင် တစ်ဦးတစ်ယောက်နားကိုပဲ ခြင်တွေပိုရှိနေ၊ ပိုကိုက်နေတာမျိုး။

ဒါဟာ ဘာကြောင့်လဲဆိုရင် အဲဒီလူဆီမှာ ခြင်တွေကို စွဲဆောင်နိုင်တဲ့ (ခြင်တွေကြိုက်တဲ့) အချက်တွေ ရှိနေလို့ပါတဲ့ ????

ခြင်တွေဟာ ဘာတွေကို ကြိုက်သလဲဆိုရင်…

(၁) ကာဗွန်ဒိုင်အောက်ဆိုက် – လူတွေ အသက်ရှူထုတ်လိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို ခြင်တွေက အင်မတန် အာရုံခံနိုင်ပါတယ်။ အကွာအဝေး ပေ ၁၅၀ ကျော်ကနေကို အာရုံခံသိရှိနိုင်စွမ်းရှိပြီး အဲဒီလူရှိရာကို အရောက်လာနိုင်ပါတယ်တဲ့။

ဒါကြောင့် အခြားသူတွေထက် အသက်ရှူထုတ်နှုန်း ပိုများပြီး CO2 များများထွက်တဲ့သူတွေနား ခြင်တွေများများ ပိုဝဲနေတာပေါ့။ ဥပမာ – လူကောင်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေပေါ့ (ကိုယ်ဝန်ဆောင်တွေဟာ သာမန်အမျိုးသမီးတွေထက် အသက်ရှုနှုန်း ပျမ်းမျှ ၂၀% လောက် ပိုမြန်ပါတယ်)

(၂) ခန္ဓာကိုယ်ရဲ့အနံ့ – အကြောင်းအမျိုးမျိုးကြောင့် လူတွေဟာ တစ်ဦးနဲ့တစ်ဦး ကိုယ်နံ့ချင်း မတူနိုင်ကြပါဘူး။ ဒီအပေါ်မူတည်ပြီး ခြင်တွေနှစ်သက်ကြတာလည်း ကွာခြားပါတယ်နော်။

ခန္ဓာကိုယ်အတွင်း အချို့ဓာတုဓာတ်ပစ္စည်းတွေ (ဥပမာ – ammonia, lactic acid) ပိုများနေတဲ့သူတွေဆီကနေ ထွက်လာတဲ့အနံ့ကို ခြင်တွေက ပိုကြိုက်ကြပါတယ်တဲ့။ ဒါကြောင့် lactic acid အထွက်များတဲ့ ပြင်းထန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေ၊ အားကစားသမားတွေဆို ခြင်တွေ ပိုကြိုက်ကြတာပေါ့။

ဒါ့အပြင် အရေပြားပေါ်မှာရှိတဲ့ (သာမန်မျက်စိနဲ့ မမြင်ရတဲ့) ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်လာတဲ့အနံ့ပေါ် မူတည်ပြီး ခြင်တွေရဲ့အကြိုက်လည်း ကွာခြားကြပါတယ်နော်။

(၃) အပူချိန် – ပုံမှန်အားဖြင့်ကို ခြင်တွေဟာ အပူချိန်မြင့်မားတာကို နှစ်သက်ကြပြီး (ဆောင်းတွင်းနဲ့ နွေရာသီဆို နွေမှာ ခြင်တွေပိုပေါသလို) ကိုယ်အပူချိန် နည်းနည်းပိုများသူတွေကိုလည်း ခြင်တွေ နှစ်သက်ခုံမင်ကြပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်ပျက်နှုန်း (Metabolic rate) ပိုမြန်ပြီး အခြားသူတွေထက် ကိုယ်အပူချိန် အနည်းငယ်မြင့်မားနေသူတွေ (ဥပမာ – သိုင်းရွိုက်ဟော်မုန်း များနေသူတွေ၊ အားကစားသမားတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ) အပြင် အရက်သောက်ပြီး ခန္ဓာကိုယ်ပူနွေးနေသူတွေ စတာတွေကို ခြင်တွေ ပိုတွယ်ကြပါတယ်။

(၄) အရောင် – ညဘက် မီးထွန်းထားတုန်း ရုတ်တရက် မီးပျက်သွားချိန် ဘယ်ကမှန်းမသိ တဝီဝီနဲ့ ခြင်တွေထွက်လာတတ်သလို ခြင်တွေဟာ အမှောင်ကို အင်မတန်ကြိုက်ပါတယ်။ ဒါကြောင့် အနက်/အမည်း၊ အရောင်ခပ်ရင့်ရင့် အဝတ်အစားဝတ်ထားသူတွေနား ခြင်တွေ ပိုအလာများကြတာပေါ့။

(၅) အရက်/ဘီယာ – အပေါ်မှာ ပြောထားသလို အရက်/ဘီယာ သောက်အပြီး ခန္ဓာကိုယ် ပူနွေးနေတာအပြင် ဒီလိုယာမကာတွေကြောင့် ကိုယ်အနံ့တစ်မျိုး ထွက်လာတာကိုလည်း ခြင်တွေ ကြိုက်နှစ်သက်ကြပါတယ်တဲ့။ ဒါကြောင့် အရက်၊ ဘီယာ ရှောင်ကြပါ… ခြင်ကြီး ကိုက်မှာစိုးလို့ပါ ????

(၆) သွေးအုပ်စု – ယေဘုယျအားဖြင့် “ O” သွေးပိုင်ရှင်ဆီက ထွက်လာတဲ့ကိုယ်နံ့ (အမှန်တော့ “ O” သွေးကြောင့် အနံ့ထွက်တာတော့ မဟုတ်။ “ O” သွေးပိုင်ရှင်တွေမှာသာရှိတဲ့ အခြားဓာတုပစ္စည်း antigen တွေကြောင့် ထွက်လာတဲ့အနံ့) ကို ခြင်တွေ ပိုစိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ အမြဲမမှန်ကန်သလို ခြင်အမျိုးအစားပေါ်လည်း မူတည်ကြောင်း သုတေသနတွေ ရှိထားပါတယ်။ ဥပမာ – ငှက်ဖျားရောဂါ ကူးစက်စေတတ်တဲ့ Anopheles ခြင်တွေကျ “ B” သွေးအုပ်စုကိုမှ ပိုကြိုက်ကြတာမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် ကိုယ်က “ O” သွေးပိုင်ရှင်ဆိုရင်တော့ “ A” သွေးပိုင်ရှင်တွေကို ရှောင်ထားသင့်ပါတယ်နော်။ ဘာလို့ဆို ခြင်တွေဟာ “ A” ထက် “ O” ကို နှစ်ဆ ပိုတွယ်ကြောင်း လေ့လာတွေ့ရှိထားလို့ နှစ်ဦးတည်းရှိနေချိန် ကိုယ်ပဲ ခြင်အတွယ်ခံရမယ်လေ ????

ကဲ…

ဒီလောက်ဆိုရင်တော့ အချို့လူတွေကို ခြင်တွေ ဘာကြောင့် ပိုဝဲကြတယ်၊ ကိုက်ကြတယ်ဆိုတဲ့ အကြောင်းအရင်းအချို့ကိုတော့ သိကြပြီ ထင်ပါတယ်နော်။

အကြောင်းအရင်း တစ်ခုတည်းကြောင့်မဟုတ်ဘဲ အကြောင်းအချက်များစွာကြောင့် ဖြစ်နိုင်တယ်ဆိုတာလည်း ရိပ်စားမိပြီ ထင်ပါတယ်။

တကယ်လို့များ အခြားသူတွေကြား ကိုယ့်အနားမှာပဲ ခြင်တွေတဝဲလည်လည် ဖြစ်နေကြရင်လည်း စိတ်ပျက်အားမငယ်ကြပါနဲ့…

ဪ… ငါ့ရဲ့ ကိုယ်နံ့၊ ငါ့ရဲ့ ခန္ဓာကိုယ်လေးကို ဘယ်သူမှ အလေးမထားလည်း ခြင်လေးတွေကတော့ နှစ်သက်မြတ်နိုး တန်ဖိုးထားပြီး အရောက်လာကြတာပဲလို့တွေး….တွေး….

“ ဝီ……….”

ဟာ…. အရေးထဲ ဒီခြင်ကလည်း တစ်မှောင့်

ကဲဟယ်..

“ ဖြန်း”

❤️ ချစ်တဲ့ တယ်လီကျန်းမာ ❤️

(ကြင်စိုး မပါ)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here