ကျွန်မနှင့် Ultrasound အလွဲများ

0
276

✌️ဆရာဝန်ပေါက်စဘဝ နဲ့ Ultrasound အလွဲများ

ဒီ Post လေးက ကျွန်မဘဝ ပထမဆုံး အမှားကြီးဖြစ်သလို နောက်ပိုင်း သတိအမြဲထားဖြစ်တဲ့ အကြောင်းအရာလေးပါ။

ကျွန်မ ဆရာဝန်ပေါက်စဘဝက OG မှာ ပင်ပန်းပေမယ့် အင်မတန်ပျော်၊ အင်မတန်လည်းစိတ်ဝင်စားတော့ အမြဲ Senior OG အမတွေနောက် အမြဲလိုက်ကြည့်… ဝိုင်းကူပေါ့။

တစ်နေ့ အမျိုးသမီးတစ်ယောက်က အာထရာဆောင်း USG အဖြေအရ ညာဘက်သားဥမှာ ရေအိတ်ရယ်၊ POD fluid (မိန်းမကိုယ်နား အရည်ရှိတာ) နဲ့ ပြင်ပလူနာလာပြရော။ ရေအိတ်ကြောင့် ဗိုက်အောင့်လို့ လာပြတာပါတဲ့။

ကျွန်မလည်း ရောဂါရာဇဝင် အသေးစိတ်မေးပေါ့။ သူက ရာသီကျော်လို့ ဆီးစစ်တာ ကိုယ်ဝန်မရှိ၊ ပြီးတော့ ရာသီပြန်ပေါ်တယ်… အခု ဗိုက်အောင့်အောင့်နေပြီး သွေးနည်းနည်းဆင်းတယ်ပေါ့။

ကျွန်မက အပိုင်ပဲ… သားဥရေအိတ်ကနေ ဟော်မုန်း မညီမျှတာပေါ့။ ကျွန်မ သူ့ရဲ့မိန်းမကိုယ်ကိုစမ်းတော့ ညာဘက်မနာဘဲ ဘယ်ဘက်က နာနေရော။ ကျွန်မလည်း သားဥရေအိတ် ရောင်တာများလားပေါ့။

ထုံးစံတိုင်း ရောဂါရာဇဝင်ရယ် လိုအပ်တာ စမ်းအပြီး Senior ပြတော့ Senior အမက ကျွန်မပြောတာ နားထောင်ပြီး ချက်ချင်း ကျွန်မကို လူနာရဲ့ ကိုယ်ဝန်ဟော်မုန်း (HCG level) ရယ် တခြားလိုအပ်တဲ့ သွေးစစ်မယ်၊ Nurse aid ကိုလည်း လူနာကိုယ်တိုင်ရဲ့ ဆီးသေချာစစ်မယ်…. အဲ့ကျ ဆီးစစ်တာ ကိုယ်ဝန် Positive ဖြစ်နေရော။

ပြီးတာနဲ့ သူကိုယ်တိုင်သေချာစမ်းပြီး သွေးအဖြေမရ မပြန်ရဘူး ပြောတာပေါ့။ လူနာကလည်း သူ့ကလေး အိမ်မှာ ကျန်နေတယ် ဆေးရုံမတက်ချင်ဘူးပေါ့။

Senior အမက လူနာကို ကိုယ်ဝန်သန္ဓေမှားတည်နေကြောင်းနဲ့ အသက်အန္တရာယ်ရှိကြောင်း ရှင်းပြပြီး ချက်ချင်း လိုအပ်တာ ကျွန်မကိုယ်တိုင် အကုန်လိုက်လုပ်၊ ခွဲခန်းထိ အကူလုပ်ပေးမှ ဘယ်ဘက်သားဥမှာ သန္ဓေနေရာမှားတည်နေတာပါ။ ဖြစ်ချင်တော့ သားအိမ်နောက်ဘက် ကပ်နေတော့ USG မှာ သေချာမမြင်ရတော့ဘူးပေါ့။

ကျွန်မလည်း စိတ်ထဲ “ ငါ ဒီလောက်အရေးကြီးတာ လွတ်ရလား” ဝမ်းနည်းနေတုန်း Senior အမကတော့ ညီမလေး သေချာရာဇဝင်မေးနိုင် စမ်းပေးနိုင်လို့ လူနာ အချိန်မီသိတာဆိုပြီးတော့ အားပေးရှာပါတယ်။

နောက် Case ကျ GP ကို လူနာက USG သည်းခြေ ကျောက်တည်တဲ့အဖြေနဲ့ ဗိုက်အောင့်လို့ လာပြရော။ ကျွန်မက ရောဂါရာဇဝင်မေးတော့ လူနာက သိပ်မဖြေချင်ဘဲ… ဖြစ်တဲ့ရောဂါအတွက်သာ ဆေးပေးစမ်းပါ… သူက ကျောက်ခြေဆေးဝယ်သောက်တာ မသက်သာလို့ လာပြတာတဲ့။

အစကတော့ စိတ်တိုပေမယ့် သေချာမေးမြန်းမှ လူနာက Severe Gastritis အစာအိမ်ရောင်နေတာပါ။ ကျွန်မလည်း အစာအိမ်ဆေးထိုးပေး၊ လိုအပ်တာ သေချာမှာ… အစာအိမ် အရင်ကု၊ ပြီးမှ သည်းခြေကျောက်မျိုးက လူအများစု ရှိတတ်ကြောင်း၊ လိုမှကုရမယ်ဘာညာ သေချာရှင်းပြလိုက်တာ…

ဒီလူနာကျေးဇူးနဲ့ ကျွန်မ ဒီအနီးအနား အတော်နာမည်ကြီးသွားသေး ????

ကျွန်မ ဒီလိုပြောနေတာ USG အသုံးမဝင်ဘူး အလကားလို့ပြောတာ လုံးဝမဟုတ်ပါဘူးနော်။

USG သဘာဝကိုက လူ့ခန္ဓာကိုယ်ကို အဖြူအမည်းကြား အရောင်တွေနဲ့ ပုံဖော်ကြည့်ရတာပါ။ ကြည့်တဲ့လူပေါ် မူတည်သေးပါတယ်။

တစ်ခါတလေမှာ USG အဖြေမှာကိုက လူနာ အခြေအနေနဲ့ ပြန်ပြီးဆက်စပ်ကြည့်ပါလို့ ရေးပေးတတ်ပါတယ်။

ခုနက လူနာလို ကျောက်ရှိတာတော့ ဟုတ်တယ်.. ကိုယ်ဖြစ်နေတာက ဒီပြဿနာမဟုတ်ဘဲ USG မမြင်ရတဲ့ အစာအိမ်ရောင်တာ ဖြစ်နေတတ်ပါတယ်။

USG အားမကိုးရဘူးလား မေး… အစောက OG case မှာဆို POD fluid ရှိနေတာရယ်၊ ညာဘက်ရေအိတ်ရှိတယ် ပြောထားတာရယ်က ခွဲစိတ်တာရယ် ရောဂါရှာတဲ့နေရာမှာရယ် အလွန်အသုံးဝင်ပါတယ်။

USG အဖြေကို လုံးဝ အားကိုးရတဲ့နေရာနဲ့ ရောဂါတွေလည်း ရှိပါတယ်။ USG က ပုံမှန် medical check up မှာတောင် စစ်ဆေးဖြစ်နေတာပါ။

ဒါကြောင့်လည်း USG ၊ သွေးအဖြေ၊ ဓာတ်မှန်ပေးရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြန်ပြပေးပါ မှာရတာအမောပေါ့။

လူနာအများစုက USG ရိုက်လာတယ်ဆိုပြီး ဒီအဖြေကိုပဲ ဖိပြီး ဒါဖြစ်တာ ဒါဖြစ်တာ စိတ်စွဲတတ်ကြလို့ USG ရယ် ရောဂါသဘာဝလေးရယ်ကို နားလည်စေချင်တာပါ။

တယ်လီကျန်းမာမှာ ဆေးခန်းကြည့်လည်း USG အဖြေက အသည်းအဆီဖုံးတယ်ထား… တခြားမေးခွန်းတွေမေးရင် မဖြေချင်ကြဘူး။ သွေးလေးစစ်သင့်ကြောင်းပြော … မလုပ်ချင်ကြတော့ဘူး။

အဓိကကတော့ ကိုယ်က ဝေဒနာခံစားရရင် ဆရာဝန်ကို သေချာ ရောဂါရာဇဝင်ပြော၊ လိုအပ်တဲ့စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေ သေချာလိုက်လုပ်ပါ။ ရောဂါရာဇဝင်သေချာ ပြောနိုင်ရင်ဖြင့် ရောဂါအဖြေ ၈၀% သေချာ သိစေနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ စစ်ဆေးမှုတစ်ခုတည်းရဲ့ အဖြေရလဒ်ကို တရားသေစွဲကိုင်မထားဘဲ ရောဂါရာဇဝင်မေးမြန်းတာကအစ တခြား တခြားသော စမ်းသပ်စစ်ဆေးမှုတွေဟာလည်း အရေးကြီးကြောင်း သဘောပေါက် နားလည်နိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။

လူနာတိုင်း ရောဂါရှာဖွေ အမည်မှန်တပ်မှု (Diagnosis) သေချာရပြီး အားလုံးကျန်းမာကြပါစေရှင်….။

Dr. Cool

Telekyanmar

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here