ကိုယ်ဝန်ဘယ်လိုရသလဲ ပြီးသွားတော့ ကိုယ်ဝန်ဘယ်လိုတားမလဲဆိုတဲ့ဆီ ဆက်သွားကြရအောင်နော်။
သဘာဝအတိုင်း ဘာအကာအကွယ်မှ မယူရင်တော့ စုံတွဲတစ်ရာမှာ စုံတွဲ (၇၀) ကျော်သည် တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။
ကိုယ်ဝန်တားဖို့အတွက်က ရှင်းရှင်းလေးပဲ။
• သားပို့ပြွန်၊ ချစ်သူလမ်းကြားလေးရဲ့ထိပ်မှာ မမျိုးဥ (ovum) လေး ဆင်းစောင့်မနေအောင်၊ တစ်နည်းပြောရရင် မျိုးဥကြွေခြင်း (ovulation) မဖြစ်အောင်
• မျိုးဥကြွေလာခဲ့ရင်လည်း အောက်ကတက်လာမယ့် အဖိုမျိုးစေ့ (spermatozoa) တွေနဲ့ မတွေ့ဆုံ မပေါင်းစပ်နိုင်အောင်
• အကယ်၍ ပေါင်းစပ်ပြီး သန္ဓေခဲလေး ဖြစ်သွားရင်လည်း ပြန်ဆင်းလာတဲ့ သန္ဓေခဲလေးကို လက်ခံနိုင်ဖို့ သားအိမ်အတွင်းနံရံက စိုအိထူထဲ မနေအောင် (implantation မဖြစ်အောင်) ကြိုတင်ကြံစည် လုပ်ဆောင်ထားကြတာပါပဲ။
ယေဘုယျသဘော အရင်ပြောရရင် ကိုယ်ဝန်တားခြင်းသည် ကြိုတင်ကြံစည်မှု ဖြစ်ပါတယ်။ ကိုယ်ဝန်မရချင်သေးသော အမျိုးသားနှင့်အမျိုးသမီး စုံတွဲသည် လိင်ဆက်ဆံခြင်းမပြုမီ ကိုယ်ဝန်တားနည်းတစ်ခုခုကို ကြိုတင်အသုံးပြုထားသင့်ပါသည်။ ဆက်ဆံပြီးမှ နောက်ကလိုက်ရသော အရေးပေါ် သန္ဓေတားနည်းကို အမြဲအားမကိုးသင့်ပါ။ နောက်တွင် အသေးစိတ် ထပ်ပြောပါမယ်ဗျ။
ကြိုတင်ကြံစည် အသုံးပြုရသော သန္ဓေတားနည်းများစွာ ရှိပါသည်။ အားလုံး၏ ရည်ရွယ်ချက်ကတော့ အထက်ဖော်ပြပါ အချက်သုံးချက်ကို ကိုယ့်နည်းနဲ့ကိုယ် အထမြောက်အောင် ပြုလုပ်ကြခြင်း ဖြစ်ပါသည်။
နောက်တစ်ခု အရေးကြီးသော အချက်တစ်ခု ထပ်ဖြည့်ပေးပါရစေ။ ကိုယ်ဝန်တားလိုသော စုံတွဲများ အထူးသဖြင့် အမျိုးသမီးများ ခင်ဗျား… မိမိတို့သည်…
• ကိုယ်ဝန်သားဆက် ခေတ္တခဏခြားလိုသူများလား
• အကယ်၍ တားနေသည့်ကြားက ကိုယ်ဝန်ရလာခဲ့လျှင် လက်သင့်ခံပြီး သားသမီးယူမည့်သူများလား (spacer)
• ကိုယ်ဝန်လွယ်ဖို့ ကျန်းမာရေး၊ လူမှူရေးအရ ဘယ်လိုမှ မဖြစ်နိုင်သူတွေလား (abstainer) … စသည်တို့ကို ကိုယ်ကိုယ်တိုင် ကွဲကွဲပြားပြား ပြတ်ပြတ်သားသား သိထားပိုင်းဖြတ်ထားဖို့ လိုပါမယ်ခင်ဗျ။
ဘာလို့လဲဆိုတော့ သန္ဓေတားနည်း တစ်ခုချင်းစီရဲ့ ကိုယ်ဝန်တားနိုင်စွမ်းက မတူကြပါဘူး။ ထူးခြားတာက နည်းလမ်းတစ်ခုချင်းစီရဲ့ တားနိုင်စွမ်းကို သုံးနေတဲ့ကြားက ကိုယ်ဝန်ရသွားနိုင်တဲ့နှုန်း (failure rate) နဲ့ ပြောကြတာပါ။ Pearl ‘s index လို့ ခေါ်ပါတယ်။
တစ်နှစ်လုံးအတူရှိပြီး အနည်းဆုံး နှစ်ရက်သုံးရက်တစ်ခါ လိင်ဆက်ဆံဖြစ်တဲ့၊ တူညီတဲ့တားနည်း တစ်ခုတည်းကိုပဲ အသုံးပြုနေတဲ့ စုံတွဲတစ်ရာ အဲဒီတစ်နှစ်အတွင်း ဘယ်နှစ်တွဲ ကိုယ်ဝန်ရသလဲနဲ့ ဖော်ပြပါတယ်။ ဥပမာ အမျိုးသားလိင်တံအစွပ် (condom) ကို သန္ဓေတားနည်းအဖြစ်သုံးတဲ့ စုံတွဲတစ်ရာမှာ (၃၀) က တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ Condom ၏ Pearl ‘s index သည် 30 ဖြစ်ပါသည်။ ကိုယ်ဝန်တားနိုင်စွမ်း နည်းပါသည်။ Abstainer များ condom ဖြင့် မစွန့်စားသင့်ပါ။
သုံးလခံထိုးဆေး (inj: Depo) သုံးတဲ့ စုံတွဲတစ်ရာမှာ တစ်စုံတွဲအောက်မှာပဲ တနှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ Inj: Depo ၏ Pearl ‘s index သည် 0.01 ဖြစ်ပါသည်။ Abstainer များအတွက် သင့်တော်ပါသည်။
အရေးပေါ် သန္ဓေတားဆေးများ၏ Pearl ‘s index သည် 20 ခန့်ရှိပါသည်။ Abstainer များ အရဲမကိုးသင့်ပါ။
နောက်အရေးကြီးသော တစ်ခုမှာ ကိုယ်ဝန်တားနည်းတစ်ခုခုကို လိုအပ်သော အမျိုးသမီးများ၏ အသက်အရွယ် အပိုင်းအခြားသည် ၁၅-၅၅ နှစ်ဖြစ်ပါသည် (လိင်ဆက်ဆံဖက် အဖော်ရှိသူ အမျိုးသမီးများကို ဆိုလိုပါသည်)။
အသက်အရွယ်ကိုလိုက်၍ အမျိုးသမီးတို့၏ ဖက်ရှင်၊ ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှုပုံစံ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရသည် မဟုတ်ပါလား ခင်ဗျား။ ၂၅ နှစ်အောက် အမျိုးသမီးလေးများ ဘီကီနီဝတ်လျှင် အတော်များများ အဆင်ပြေပါသည်။ ၄၅ ဝန်းကျင်များ ဝတ်လျှင်တော့ အနည်းငယ်သာ အဆင်ပြေတော့မည် ဖြစ်ပေသည်။
ထို့အတူပါပဲ ခင်ဗျာ… ငယ်ရွယ်စဉ် သုံးသင့်သော သန္ဓေတားနည်း၊ အသက်အနည်းငယ်ရလာလျှင် သုံးသင့်သောနည်း မတူကြပါ။ တစ်သက်လုံး သုံးလခံဆေးပဲ ထိုးနေမယ်၊ ဘာမှ လာမစဉ်းစားခိုင်းနဲ့လို့ မလုပ်သင့်ပါ။ အသက်အရွယ်ကိုလိုက်၍ အသင့်တော်ဆုံးနည်းကို နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ပြီး ပြောင်းလဲအသုံးပြုသင့်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်ခင်ဗျ။
Dr ဝေဖြိုး
အထူးကုဆရာဝန်တစ်ဦး
လွတ်မြောက်နယ်မြေတစ်နေရာ
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.