ကင်ဆာဝေဒနာရှင်များအတွက် အာဟာရ အပိုင်း(၁)

0
343

” ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်နှင့် အာဟာရ “

ကင်ဆာဝေဒနာ ခံစားနေရသောသူတွေဟာ အစားနည်းလာတာ ၊ စားချင်စိတ်မရှိတာ ၊ ခံတွင်းတစ်၀ိုက်မှာ အနာတွေ ဖြစ်လွယ်တာ ၊ ဓာတ်ရောင်ခြည်ကုထုံး ကြောင့် အရေပြားနဲ့ ခံတွင်းတွေ လောင်သလိုမျိုးဖြစ်တာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ကင်ဆာလူနာတွေဟာ အာဟာရချို့တဲ့ပြီး ပိန်လှီဖို့ အတော်ဖြစ်နိုင်ခြေရှိတဲ့သူတွေထဲမှာ ပါပါတယ်။

ရောဂါကလည်းပြင်း ၊ ဆေးတွေကလည်းပြင်း ၊ ကုသမှုဒဏ်တွေလည်းခံရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် ပိုချုံးချုံးကျလာပါတယ်။

ကိုယ်ခံအားပြန်ကောင်းအောင် ကင်ဆာကို အန်တုဖို့ အာဟာရပြည့်၀ဖို့က အရေးကြီးပါတယ်။

ကင်ဆာလူနာတွေ ဘာစားလို့ရလဲ ၊ ဘာနဲ့တည့်လဲလို့ မေးရင် အရင်ဆုံးဖြေမိမှာကတော့ အကုန်စားလို့ရတယ် ၊ အကုန်တည့်တယ်လို့ ဖြေမိမှာသေချာပါတယ်။

ကင်ဆာ ခံစားရတဲ့အခါ စိတ်ဓာတ်ကျလွယ်ပါတယ်။ သေမင်း လက်မှတ်ဖြတ်လိုက်သလို ခံစားရကြတယ်။ ဒါ့ကြောင့် မိသားစုနဲ့ ပြုစုကုသပေးသူများရဲ့ ဖေးမမှုကလည်း အလွန်အရေးပါပါတယ်။

ဒါ့ကြောင့် ပထမဦးဆုံးအနေနဲ့ မိမိရဲ့ မိသားစု၀င်သော်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း ကင်ဆာလို့ တံဆိပ်တပ်ခံရပြီဆို အားမငယ်ဖို့ အဆုံးထိ ဆက်တိုက်သွားရအောင်လို့ အားပေးချင်ပါတယ်။

အားတင်းထားမှ စိတ်ဓါတ်မကျမှ အာဟာရမချို့တဲ့မှ ဒီတောင်ကို ကျော်နိုင်ပါတယ်။ အချို့သော ကင်ဆာတွေဟာ သိပြီးမကြာခင် ဆုံးပါးတတ်သလို လုံး၀အရှင်းပျောက်အောင်ကုလို့ရတဲ့ ကင်ဆာတွေလည်း အများကြီးပါ။ ကင်ဆာဖြစ်တိုင်း အားငယ်စရာ မလိုပါ။

အားမငယ်ပါနဲ့။

အားရှိအောင်ရော ဘာတွေစားမလဲ ?

အကုန်စားလို့ရပါတယ်။

လူနာရဲ့အခြေအနေ သူ ဘယ်လောက်စားလို့၀င်လဲ ၊ အဖတ်စားနိုင်လား ပျော့တာဘဲ စားနိုင်လား ၊ အိပ်ရာထဲလဲနေလား သတိရှိနေလားအပေါ် မူတည်ပြီး စားတဲ့အစားအစာ ကွာသွားပါတယ်။

ပုံမှန် စားနေကျ အစားအစာတွေဟာ ဖြည့်စွက်စာ အားဖြည့်စာများထက် ပိုကောင်းပါတယ်။ လူနာက ပုံမှန်စားနေကျ ထမင်းဟင်း စားနိုင်နေရင် ကြိုက်နှစ်သက်တဲ့ ဟင်းနဲ့ ပုံမှန်အတိုင်းစားနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကိုလည်း အစုံစားဖြစ်အောင် မထပ်အောင် အမျိုးစုံ ထည့်စားပေးတာကောင်းပါတယ်။ အစားအစာ တစ်မျိုးထဲကို အလွန်အကျွံစားခြင်းကြောင့် ကင်ဆာသက်သာလာတာမျိုးမရှိလို့ ထိုကဲ့သို့ အပြုအမူမျိုးကို မလုပ်သင့်ပါ။ အာဟာရဓာတ်တစ်မျိုးထဲနဲ့ ကင်ဆာပျောက်တာမျိုး ၊ မုန်လာဥနီစားရုံနဲ့ ကင်ဆာပျောက်တာမျိုးသာ ရှိရင် ကင်ဆာဆေးအစား အဲဒီအရာတွေသာ ကမ္ဘာမှာ သုံးနေကြမှာပါ။ ကင်ဆာပျောက်တဲ့ လျှို့၀ှက်ဆေးဆိုတာ မရှိပါ ၊ အဆင့်ဆင့် ဆေးအမျိုးမျိုးဖြင့် ကုသရင်တော့ ပျောက်နိုင်ပါတယ်။

အားရှိအောင် နာမည်ကြီးဇာတ်လိုက်များ ဖြစ်တဲ့ ငှက်တို့ ကြက်တို့ကရော …?

သောက်လို့ရပါတယ်…ငှက်သိုက် ကြက်ပေါင်းကို။ ဒါပေမယ့် ငှက်သိုက် တစ်ဘူးမှာ ကယ်လိုရီ ပါ၀င်မှုနည်းတဲ့အတွက် အဲ့တစ်မျိုးထဲ တစ်နေ့လုံးတိုက်မယ့်အစား ကြက်ဥပူတင်းလေး ချော့ကျွေးတာမျိုးက ပိုအာဟာရဖြစ်ပါတယ်။

စားရလွယ်ပြီး အသားဓာတ်ပါ၀င်တဲ့ အစားအစာမျိုးကို ပိုစားသင့်ပါတယ်

ကြက်ပေါင်းရည် သောက်တဲ့အခါ အရည်ကြည်ကိုပဲသောက်တာမျိုးထက် အသားဖတ်လေးတွေ မျှင်ထည့်ပြီးသောက်မှ ပရိုတင်းဓာတ် အသားဓာတ် ပိုရပါတယ်။ ကြက်ပေါင်းရည်က ကြက်အဆီသာပါလို့ အသားဓာတ်ပါ၀င်မှုနည်းပါတယ်။

ကင်ဆာဆဲလ်တွေဟာ ကိုယ်တွင်း အသားဓာတ်တွေကို ပိုလောင်ကျွမ်းစေလို့ သာမန် လူတစ်ယောက်ထက် ကင်ဆာလူနာမှာ အသားဓာတ်လိုအပ်ချက် ပိုများပါတယ်။

အသားဓာတ်က ကြက်သား ( အိမ်ကြက်ဖြစ်ဖြစ်၊ ကြက်နီဖြစ်ဖြစ် ၊ စီပီကြက်ဖြစ်ဖြစ် အသားများသော ကြက်သည်သာ အသားဓာတ် ပိုများပါသည်၊ ၀ယ်ရလွယ်တဲ့ အသားဆို ရပါပြီ) ၊ အမဲသား ၊ ၀က်သား ၊ ပဲ၊ ပုဇွန် ၊ ငါးနှင့် ပင်လယ်စာများ ၊ နွားနို့ ၊ နို့ခဲ နှင့် နို့ထွက်ပစ္စည်းများ ၊ ပဲပိစပ်၊ မြေပဲကဲ့သို့ အစေ့အဆံတွေမှာ ကြွယ်၀စွာ ပါ၀င်ပါတယ်။

ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့လူနာဟာ လက်၂တုံးအရွယ် အနေတော် အသားတုံး ၇ တုံးခန့် တစ်ရက်တာ စားမှ လုံလောက်တဲ့အသားဓာတ်ရပါတယ်။

အစားနည်းနေရင် အာဟာရမှုန့်များ အရည်များကို တိုက်နိုင်ပါတယ်။

ဆီးချိုရှိတဲ့ ကင်ဆာလူနာတွေမှာတော့ အသီးဖျော်ရည်နဲ့ သကြားများတဲ့ အစားအစာတွေကို ချင့်ချိန်စားသင့်ပါတယ်။

စိတ်တည်ငြိမ်လာတဲ့အခါလည်း ကင်ဆာဆဲလ်ပြန့်ပွားမှု လျော့နည်းလာတာတွေရှိလို့ တရားထိုင်တာမျိုး ယောဂကျင့်တာမျိုးကဲ့သို့ လုပ်ဖို့အကြံပေးလိုပါတယ်။

ကင်ဆာဖြစ်လာတဲ့အခါ စိတ်အားငယ်တာရော ၊ မိမိရဲ့ ကျဆင်းလာတဲ့ ကိုယ်အလေးချိန်ကြောင့်ရော အပြင်ထွက်ဖို့နဲ့ လူတွေနဲ့တွေ့ဖို့ ကြောက်နေတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုနည်းရင် ကြွက်သားဆုံးရှုံးမှု ပိုများပြီး ပိုပိန်လာတတ်ပါတယ်။ အိပ်ရာထဲကမထသူတွေလည်း လေ့ကျင့်ခန်းလိုအပ်သလို လမ်းလျောက်နိုင်သူတွေလည်း ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေလုပ်ကြဖို့ အကြံပြုလိုပါတယ်

အဖတ်ပျော့ပျော့ စားနိုင်တဲ့ ကင်ဆာလူနာတွေအတွက် အကြမ်းဖျဥ်း တစ်နေ့စာ အစာပုံစံကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ပေါင် ၁၀၀ ရှိတဲ့ လူနာကို ဥပမာထားပြီး တွက်ချက်ထားတာမို့လို့ လူတိုင်းအတွက်တော့ တစ်ပုံစံတည်း meal plan သုံးလို့မရနိုင်ပါ။

( တစ်ဦးချင်းစီအတွက် အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ တယ်လီကျန်းမာဆေးခန်းမှာ ဘွတ်ကင်ယူပြီး အာဟာရဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ် )

မနက် — ငှက်ပျောသီးနဲ့ မလိုင်ပါတဲ့ နို့တစ်ခွက် ( ဘယ်အသီးဖြစ်ဖြစ် စားနိုင်သလောက် အရသာကြိုက်တာဆိုရပါတယ်)

နေ့လည်စာ မတိုင်ခင် —- ဘီစကစ်နဲ့ ကော်ဖီ/ မိုင်လို တစ်ခွက်

နေ့လည်စာ — ထမင်း+အသား+အသီးအရွက် ( အဖတ်များများမစားနိုင်ပါက ကြက်ပေါင်းမှ အသားနှင့် အရည်ကို ဆန်ပြုတ် /ထမင်းပြဲဖြင့် ရောကျွေးပါ )

နေ့ခင်း — အသီးဖျော်ရည်/ မုန့်နည်းနည်း

ညနေ — အာဟာရမှုန့် / အရည် တစ်ခွက် ပြစ်ပြစ်လေး

ညစာ — ဆန်ပြုတ်/ကြာဇံပြုတ် ဖြင့် အသား/ငါး/ ကြက်ဥ တစ်ခုခုပါရန်

အိပ်ခါနီး — အာဟာရနို့ ၁၀၀- ၂၀၀ မီလီခန့်

နောက်အပတ်မှာတော့ ကင်ဆာလူနာတွေ ပျို့တာအန်တာ အစာမ၀င်တာတွေအတွက် အကြံပြုချက်တွေတင်သွားပေးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါလို့ ပြောကြားရင်း…

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

Telekyanmar

Reference : ????

ESPEN practical guideline: Clinical Nutrition in cancer (2021)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here