“ အဆင်မပြေဘူး”

ဒီစကားကို ကျွန်မတို့ ပြောဖူးကြလား၊ ပြောခဲ့ကြလား၊ ပြောဖြစ်ခဲ့လား…
ဟုတ်တယ် အဆင်ပြေမနေဘူး။
အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘူး။
အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အဆင်ပြေမနေဘူး။

ကျွန်မတို့ အဆင်မပြေကြောင်း ကျွန်မတို့ယုံကြည်ရတဲ့သူတွေကို ပြောပြဖူးလား၊ ပြောပြခဲ့လား၊ ပြောပြဖြစ်လား။
ဟုတ်တယ် အဆင်ပြေမနေဘူး။

အသက်ရှူရတာကိုက အဆင်မပြေဘူး။
နောက်ကိုပြန်ကြည့်ရင်လည်း အဆင်မပြေခဲ့ဘူး။
ရှေ့ကိုမျှော်ပြန်တော့လည်း အဆင်ပြေမနေသေးဘူး။

တစ်ခါတလေ အဆင်မပြေချိန်မှာ အဆင်မပြေကြောင်းပြောဖို့ တစ်စုံတစ်ယောက်ကို လိုအပ်ပါတယ်။
တကယ်ကို လိုအပ်ပါတယ်။
နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ရှိရုံနဲ့ လုံလောက်တယ်။

အဲဒီအချိန် ကျွန်မတို့ကြားချင်တဲ့စကားဟာလည်း
တစ်ခွန်းပဲဖြစ်မယ်။
တစ်ခွန်းတည်းနဲ့ လုံလောက်ပါတယ်။
“ အဆင်ပြေသွားမှာပါ” “ အချိန်က စကားပြောမှာပါ” ဆိုတာထက်…

“ ပင်ပန်းနေပြီလား” ဆိုတဲ့စကားပဲဖြစ်တယ်။

ကျွန်မတို့ဟာ အဆင်မပြေမှုတွေကြားမှာ
သိုသိပ်နေခဲ့ကြတယ်။
တောင့်ခံနေခဲ့ကြတယ်။
မောဟိုက်နေခဲ့ကြတယ်။
မွန်းကျပ်နေခဲ့ကြတယ်။

“ နင် ပင်ပန်းနေပြီလား” “ နင် အဆင်ပြေရဲ့လား” ဆိုတဲ့ သာမန်စကားလေး‌တစ်ခွန်းအောက်မှာတော့
ငိုချင်လျက် လက်တို့ဆိုတာမျိုး ထင်ပါရဲ့
အိတ်သွန်ဖာမှောက် တင်းထားသမျှ အရာရာ ပြိုဆင်းလာပါတော့တယ်။
မငိုရတာကြာတော့ ငိုလို့ကောင်းသလို
တစ်ခုခုကို လွမ်းဆွတ်သလို၊ ဆုံးရှုံးလိုက်ရသလို
ဒါမှမဟုတ် တစ်ခုခုကို ရရှိလိုက်ရသလို၊ လက်ခံလိုက်ရသလို ခံစားမှုတွေ ရောထွေးနေတယ်။
အားပါးတရ ငိုချတယ်… အဆင်မပြေမှုတွေ အကုန်မဟုတ်ရင်တောင် တတ်နိုင်သလောက် ပါသွားမလားဆိုတဲ့စိတ်နဲ့။

ကျေးဇူးတင်မိတယ် “ နေကောင်းလား” ဆိုတာထက် “ အဆင်ပြေလား ပင်ပန်းနေပြီလား” ဆိုတာကို ကျွန်မတို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
မေးပေးတဲ့အတွက် ကျေးဇူးတင်တယ်။
“ အဆင်မပြေဘူး” လို့ ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်မတို့ အဆင်မပြေဘူးလို့ တစ်စုံတစ်ယောက်ကို ဖွင့်ပြောပြဖို့လိုအပ်သလို…
ကျွန်မတို့ကိုယ်တိုင်က တစ်စုံတစ်ယောက်အတွက် အဆင်ပြေလားလို့ မေးဖော်ရတဲ့သူမျိုး ဖြစ်ကြဖို့လည်း လိုအပ်လှပါတယ်။

ကျွန်မတို့မှာ ကျွန်မတို့ပဲရှိတယ် မဟုတ်ပါလား ….။
.

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here