ဗိုက်နာဗိုက်အောင့် မကြာခဏဖြစ်စေတတ်တဲ့ Helicobacter pylori လို့ခေါ်တဲ့ အစာအိမ်ပိုးအကြောင်း ကြားဖူး/သိဖူးကြရဲ့လား 🤔
ဒီနေ့မှာတော့ အစာအိမ်ပိုးအကြောင်း ပညာပေးတွေ ထက် အစာအိမ်ပိုးတွေ့ရှိခဲ့တဲ့ သမိုင်းကြောင်းလေးကို ဗဟုသုတရဖွယ် စိတ်ဝင်စားဖွယ် ပြောပြချင်ပါတယ်နော်။
ဘာလို့လဲဆိုတော့ ဆေးပညာသမိုင်းမှာ ဒီတွေ့ရှိမှုဟာ ကြီးကျယ်တဲ့ medical breakthrough တစ်ခုဖြစ်ခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ပညာရှင်တွေဟာလည်း သူမတူတဲ့အားထုတ်မှုကို ပြုလုပ်ခဲ့တာမို့ အမြဲအမှတ်တရဖြစ်နေမယ့် တွေ့ရှိမှုဖြစ်တာကြောင့်ပါ။
…
…
အစာအိမ်အနာလို့ ခေါ်တဲ့ Peptic ulcer ရောဂါကို သိကြမယ်ထင်တယ်နော်။ ဒီရောဂါဖြစ်ရင် ရင်ပူမယ်၊ ပျို့အန်မယ်၊ ဗိုက်နာမယ်၊ ဖြစ်တဲ့နေရာပေါ် မူတည်ပြီး အစာစားရင် ပိုဆိုးတာ၊ အဆာလွန်ရင် ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်ပိုး Helicobacter pylori ကို မတွေ့ရှိခင် (၁၉၈၀ ခုနှစ်မတိုင်ခင်) က ဒီလိုဖြစ်ခြင်းဟာ အစပ်စားခြင်း၊ stress များခြင်းတို့ကြောင့် အက်ဆစ်များပြီးဖြစ်ရတယ်လို့ ယူဆခဲ့ကြပါတယ်။
အစာအိမ်နာတဲ့သူတွေကို စိတ်ဖိစီးမှုလျှော့ချပါ၊ နွားနို့သောက်ပါ၊ အစပ်တွေ သိပ်မစားပါနဲ့၊ အစားရှောင်ပါ ဆိုပြီး အကြံပေးနေခဲ့ကြတာပါ။ ဒါပေမယ့် အစာအိမ်အနာရှိတဲ့လူနာတွေ ရောဂါအရှင်းမပျောက်ဘဲ နှစ်ပေါင်းရှည်ကြာစွာ ဆေးကုသမှုတွေ လိုအပ်ခဲ့ပါတယ်။ အက်ဆစ်ထိန်းဆေးတွေနဲ့ မသက်သာတဲ့သူ၊ ရောဂါဆိုးတဲ့သူကို ခွဲစိတ်မှုလုပ်ပြီး အနာရှိတဲ့ အစာအိမ်အပိုင်းကို ခွဲထုတ်ကုသတာ၊ အစာအိမ် အက်ဆစ်ထွက်အောင် လုပ်ပေးတဲ့အာရုံကြော (Vagus nerve) ကိုဖြတ်ပစ်တဲ့ ကုသမှုတွေ လုပ်ခဲ့ပါတယ်။ လူနာဟာ တစ်သက်တာလုံးလိုလို အက်ဆစ်ထိန်းဆေးတွေကို သောက်ဖို့လိုခဲ့ပါတယ်။
ဒီလိုနဲ့နေရင်း (၁၉၇၀) နှောင်းပိုင်းလောက်မှာ Robin Warren ဆိုတဲ့ ဩစတြေးလျလူမျိုး ရောဂါရှာဖွေရေး ဆရာဝန် (Pathologist) ဟာ အစာအိမ်အနာ အသားစတွေကို မိုက်ကရိုစကုပ်နဲ့ လေ့လာနေရင်း အသားစတွေထဲမှာ ပိုးကောင်လိုလေးကို တွေ့ခဲ့ပါတယ်။ ပိုးလေးက အလိမ်အလိမ်နဲ့ spiral shaped လေးဖြစ်ပြီး အသားစထဲမှာ ကပ်တွယ်နေပါတယ်။
အဲဒီခေတ်အခါက ဆရာဝန်တွေက အစာအိမ်ထဲမှာ ပိုးမွှားတွေ အသက်ရှင်နိုင်တယ်ဆိုတာ လုံးဝ လက်မခံခဲ့တဲ့ခေတ်ပါ။ အစာအိမ်ထဲက အက်ဆစ်တွေဟာ အလွန်ပြင်းတာကြောင့် ဘယ်ပိုးမွှားမှ အသက်မရှင်နိုင်ဘူးလို့ ယူဆခဲ့ကြတာပါ။
ဒါကြောင့် ဒီတွေ့ရှိမှုဟာ Robin Warren အတွက် အလွန် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ပါတယ်။
…
…
ဒီတွေ့ရှိချက်ကို လုပ်ဖော်ကိုင်ဖက် Barry Marshall ဆိုတဲ့ အစာအိမ်အူလမ်းကြောင်း ဆရာဝန် (Gastroenterologist) ကလည်း အလွန်စိတ်ဝင်စားခဲ့တာမို့ သူတို့နှစ်ဦးဟာ ရှာဖွေလေ့လာမှုတွေ ဆက်ပြီး လုပ်ခဲ့ကြတယ်။ နောက်နှစ်အနည်းငယ်အတွင်း သူတို့ တွေ့ရှိခဲ့တာက အစာအိမ်အနာဖြစ်တဲ့သူတွေရဲ့ အသားစတိုင်းလိုလိုမှာ အဲဒီပိုးမွှားကို တွေ့ရှိခဲ့တာပါ။ သူတို့ ဒီပိုးမွှားကို Helicobacter pylori လို့ နာမည်ပေးခဲ့ပါတယ်။
ဒီတွေ့ရှိမှုကို အများကို အသိပေးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီခေတ်အခါက ဆေးလောကက လက်မခံခဲ့ပါဘူး။ ရောဂါပိုးကြောင့် အစာအိမ်အနာဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်ကို လက်မခံဘဲ Stress and diet ကြောင့် ဖြစ်ရတယ်ဆိုပြီးပဲ မပြောင်းမလဲ လက်ခံခဲ့ပါတယ်။
သူတို့ရဲ့တွေ့ရှိချက်ဟာ မှန်ကန်ပေမယ့် ယုံကြည်မှုမရတဲ့အတွက် သက်သေပြဖို့ ကြိုးစားမှုများစွာ ထပ်မံ ပြုလုပ်ခဲ့ရပါတယ်။
(၁၉၈၄) ခုနှစ်မှာ Barry Marshall ဟာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုနဲ့ သူ့ရဲ့တွေ့ရှိချက်ကို သက်သေပြဖို့ ကြိုးစားခဲ့တယ်။
အဲဒီခေတ်က သူတို့မှာ အစာအိမ်မှန်ပြောင်း (Endoscope) ပေါ်နေပါပြီ။ သူကိုယ်တိုင် အစာအိမ်မှန်ပြောင်းကြည့်ခံပြီး သူ့အစာအိမ်ကောင်းတယ်ဆိုတာ မှတ်တမ်းတင်တယ်။ ပြီးတဲ့အခါ Helicobacter pylori ပိုးတွေ အမြောက်အများပါဝင်တဲ့ အရည်ကို သူကိုယ်တိုင် သောက်ခဲ့ပါတယ်။ သူတို့ထင်ခဲ့တာက တစ်နှစ်လောက်အတွင်းတော့ သူ့မှာ အစာအိမ်အနာဖြစ်ပြီး ရောဂါလက္ခဏာတွေ ပေါ်လာမယ်ပေါ့။
ဒါပေမယ့် (၃) ရက်လောက်အတွင်းမှာ ပျို့ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပါးစပ်နံခြင်း စတဲ့လက္ခဏာတွေ အစပျိုးလာတယ်။ (၅) ရက်ကနေ (၈) ရက်အကြာမှာ အန်ပြီး အစာအိမ်နာတာ ဖြစ်လာခဲ့ပါတယ်။ (၈) ရက်မြောက်နေ့ သူမှန်ပြောင်းပြန်ကြည့်ခံခဲ့တဲ့အချိန်မှာ တွေ့ခဲ့ရတာက နဂိုအကောင်းအတိုင်းရှိခဲ့တဲ့ သူ့အစာအိမ်ဟာ ပြင်းပြင်းထန်ထန် ရောင်ရမ်းခြင်းတွေ ရှိနေခဲ့တာပါ။
သူ့ရဲ့အစာအိမ်အနာကနေ အသားစကို ထုတ်ယူစစ်ဆေးပြီး Helicobacter pylori ပိုး တွေ့ရကြောင်း၊ ပိုးကြောင့် ဖြစ်ရကြောင်း သက်သေပြခဲ့ပါတယ်။
သူ့ရဲ့ ဒီသက်သေပြမှုကြောင့် ပိုးဟာ အစာအိမ်ရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာတွေကိုဖြစ်စေကြောင်း ဆေးလောကက လက်ခံသွားခဲ့ပါတော့တယ်။
…
…
Marshall ဟာ ရိုးရှင်းတဲ့ ပိုးသတ်ဆေးတွေကိုသောက်ပြီး ပိုးကိုပျောက်ကင်းအောင် ကုသပြခဲ့သလို အစာအိမ်လက္ခဏာတွေလည်း သက်သာကြောင်းကို ကိုယ်တိုင်သက်သေပြခဲ့ပါတယ်။ အစာအိမ်အနာဖြစ်ခြင်းဟာ တစ်သက်တာလုံး ရေရှည်ဖြစ်နေတဲ့ ရောဂါ မဟုတ်ဘူး။ မလိုအပ်တဲ့၊ ပြင်းထန်တဲ့ ခွဲစိတ်ဖြတ်တောက်မှုတွေ မလိုဘူး။
ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရပြီး ပိုးသတ်ဆေးသောက်ရင် ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်နိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။
ဒီသက်သေပြချက်နဲ့ တွေ့ရှိမှုဟာ အစာအိမ်ရောဂါကုသမှုအတွက် ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်ခဲ့ပြီး လူနာပေါင်းများစွာကိုလည်း ကူညီနိုင်ခဲ့ပါတယ်။ မလိုအပ်တဲ့ ခွဲစိတ်မှုပေါင်းများစွာကို တားဆီးနိုင်ခဲ့ပါတယ်။
Marshall နဲ့ Warren ဟာ Helicobacter pylori တွေ့ရှိချက်အတွက် (၂၀၀၅) ခုနှစ်မှာ Nobel prize in Medicine ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
…
…
အခုခေတ်မှာတော့ အစာအိမ်ပိုး Helicobacter pylori ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကင်ဆာကို သေချာပေါက်ဖြစ်စေနိုင်တဲ့ပိုး (Class 1 carcinogen) အဖြစ် သတ်မှတ်ထားပါပြီ။
အစာအိမ်ပိုးဟာ အစာအိမ်ရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာတွေအပြင် အစာအိမ်ကင်ဆာကို ဖြစ်နိုင်ပြီး ပိုးသတ်ဆေးတွေနဲ့ ထိထိရောက်ရောက်ကုရင် ပိုးဟာ ကောင်းစွာပျောက်ကင်းကြောင်းနဲ့ အစာအိမ်ကင်ဆာဖြစ်ခြင်းကို လျှော့ချနိုင်ကြောင်း သိရှိနေပြီ ဖြစ်ပါတယ်။
အစာအိမ်ပိုးကြောင့် ဖြစ်ရတဲ့ ရောဂါလက္ခဏာတွေကိုတော့ မနက်ဖြန်မှ ဆက်ပြောပြတော့မယ်နော်။
စောင့်မျှော်လို့ ဖတ်ရှုလေ့လာကြည့်ကြပါဦး…။
အထူးကုသမားတော်တစ်ဦး
Telekyanmar
Reference – Wikipedia
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.