ဟန်ချက်ကို အာရုံခံသူများ

0
338

ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို အဓိကအာရုံခံပြီး ထိန်းညှိဖို့လုပ်ဆောင်ပေးနေတာက မျက်စိ၊ နားနဲ့ ကြွက်သား/အဆစ်တွေမှာ ရှိနေတဲ့ အာရုံကြောတွေ ဖြစ်ပါတယ်နော်။

မျက်စိကတော့ ရှင်းပါတယ်။ သူမြင်နေသမျှအားလုံးကို ဦးနှောက်ဆီ သတင်းပို့တာမို့ ကိုယ့်ခန္ဓာကိုယ်ဟာ အတည့်လား/ဇောက်ထိုးထား၊ ရပ်နေတာလား/ရွေ့နေတာလား အစရှိသဖြင့် သိနေရတာပေါ့။

ကြွက်သားနဲ့ အဆစ်အမြစ်တွေမှာရှိတဲ့ အာရုံကြောတွေကတော့ သူတို့ရဲ့ပုံစံအနေအထားကို အာရုံခံပြီး ဦးနှောက်ဆီ အမြဲသတင်းပို့ပေးနေပါတယ်။ ဒါကြောင့် မျက်စိမှိတ်ထားပြီး ဘာမှမမြင်ရရင်တောင်မှ ခြေထောက်ဟာ ကွေးနေသလား/ဆန့်နေသလား၊ ခါးကွေးထားလား/ဆန့်နေသလား၊ လှုပ်ရှားသွားလာနေသလား/ရပ်တန့်နေသလား အစရှိသဖြင့် ခန္ဓာကိုယ်အနေအထားကို အလိုလို သိရှိနေတာပေါ့။

နားကတော့ နည်းနည်းရှုပ်ပါတယ်နော်။ သူက အကြားအာရုံနဲ့ ခန္ဓာကိုယ်အနေအထားကို အာရုံခံတာ မဟုတ်ပါဘူး။

နားရဲ့အတွင်းပိုင်းမှာ စက်ဝိုင်းခြမ်းလို ကွေးကွေးလေးဖြစ်နေတဲ့ (အရည်အချို့ ပါဝင်နေတဲ့) ပြွန်လေး (၃) ခုနဲ့ အရည်အိတ်လေး (၂) ခု ရှိပါတယ်။ ဦးခေါင်း ဒါမှမဟုတ် ခန္ဓာကိုယ်က ရွေ့တဲ့အခါ/လှုပ်ရှားတဲ့အခါ ဒီပြွန်တွေ အိတ်တွေထဲမှာပါဝင်တဲ့ အရည်လေးတွေလည်း လှုပ်ခတ်သွားပြီး ဒီလှုပ်ခတ်မှုကို အာရုံခံရာမှတစ်ဆင့် ရွေ့လျားမှုအကြောင်းအရာတွေကို ဦးနှောက်ဆီ သတင်းပို့နေတာပေါ့။ ဥပမာ – ဓာတ်လှေကားထဲ မျက်စိမှိတ်ပြီး ငြိမ်ငြိမ်လေးရပ်နေပေမယ့် ခန္ဓာကိုယ်က ရွေ့နေတယ်ဆိုတာကို အလိုလိုသိနေတာမျိုးက နားထဲက အရည်လေးတွေက အာရုံခံပေးနေတာပါ။

ဦးနှောက်ဟာ မျက်စိ၊ နား၊ ကြွက်သား/အဆစ်တွေမှတစ်ဆင့် သူ့ဆီရောက်လာတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ခန္ဓာကိုယ်ဟန်ချက်အနေအထားကို သိရှိနေပြီး ဟန်ချက်ပျက်မသွားအောင် ဆက်လက်လုပ်ဆောင်ပေးပါတယ်။

ဒီအချိန်မှာ တစ်ခုနဲ့တစ်ခု သတင်းပို့တာ ကွဲလွဲနေရင် သို့ ဆန့်ကျင်ဘက်ဖြစ်နေရင်တော့ (ဦးနှောက်လည်း နည်းနည်းကြောင်သွားပြီး) လူက နေလို့မကောင်း၊ မူးဝေအော့အန်တာမျိုးတွေ ဖြစ်တတ်တာပေါ့။

ဥပမာအားဖြင့် ကားမူးတတ်သူတွေမှာ မျက်စိရဲ့အမြင်အာရုံက (အပြင်ကိုသာ ကြည့်မနေရင်) ရပ်နေတယ်လို့ သတင်းပို့ပြီး နားထဲကအရည်လေးတွေကတော့ (ကားအရှိန်အတင်အချရဲ့ လှုပ်ခတ်မှုနဲ့) ရွေ့နေတယ်လို့ သတင်းပို့တာကြောင့် ဦးနှောက်ဟာ ဇဝေဇဝါဖြစ်သွားပြီး မအီမလည် မူးဝေဝေ ဝေဒနာတွေ ခံစားရတော့တာပေါ့။

လှိုင်းမူးတာကျတော့ တစ်မျိုးပေါ့နော်။ တရိပ်ရိပ်တက်လာတဲ့ လှိုင်းလုံးတွေကြောင့် အမြင်အာရုံအရ ကိုယ်ကရွေ့နေတယ်ထင်ရပေမယ့် နားအတွင်းက အရည်အိတ်လေးတွေက အဲဒီလောက် ရွေ့မနေဘူးလို့ သတင်းပို့တဲ့အတွက်ကြောင့် လည်ထွက်ကုန်တာပေါ့။

လေယာဥ်စီးတဲ့အခါမှာလည်း အပေါ်က ပြောထားတာတွေနဲ့ သဘောတရား အတူတူပါပဲနော်။ အမြင်နဲ့ အရွေ့အကြား သတင်းအချက်အလက်တွေ ကွဲလွဲကုန်တာကြောင့် ခန္ဓာကိုယ်မှာ မအီမသာတွေ ခံစားရတတ်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ဟန်ချက် (Body Balance) ကို အဓိကအာရုံခံပေးနေတာ မျက်စိ၊ နားနဲ့ ကြွက်သား/အဆစ်တွေက အာရုံကြောတွေဖြစ်ကြောင်းရယ်၊ အာရုံခံအချက်အလက်တွေ တစ်ခုနဲ့တစ်ခု ကွဲပြားသွားရင် မူးနောက်နောက် ခံစားရတတ်တာတွေအကြောင်းရယ် အကြမ်းဖျင်းတော့ သိရှိသွားပြီ ထင်ပါတယ်နော်။

ဘာရယ်မဟုတ် တမြန်နေ့က မေးကြည့်ထားတဲ့ မေးခွန်းလေးကို ပြန်ဖြေပေးတာပါ။ (အခုနောက်ပိုင်း တယ်လီကျန်းမာက မေးခွန်းတွေပဲမေးပြီး အဖြေတွေ ပြန်မဖြေဖြစ်တာလည်း အတော်ကြာသွားပြီမို့လား)

နောက်ခါတွေကျလည်း ပေါက်တတ်ကရမေးခွန်းလေးတွေ မေးပြီးရင် အလျဥ်းသင့်သလို အဖြေမှန်လေးတွေလည်း ပြန်ဖြေပေးပါမယ်နော်။

တမြန်နေ့က မေးခွန်းလေးရဲ့ အောက်ဆုံးစာကြောင်း…

“ မတ်တပ်ပဲရပ်ရပ်၊ ကင်းမြီးကောက်ပဲထောင်ထောင် ဟန်ချက်လေးတွေက မောင်လေးဆီပဲ ယိမ်းထိုးနေတာမို့ အဖြေမှန်က နှလုံးသားပါ” ဘာညာလည်း မလုပ်ကြပါနဲ့။

ဟန်ချက်တွေ ယိမ်းထိုးချင်ရင် တယ်လီကျန်းမာရှိတဲ့ဘက်ကိုပဲ ယိမ်းထိုးလိုက်ပါ… ????????

မဟုတ်ရင်တော့ ဒီက မျက်စောင်းပြန်ထိုးမှာပေါ့ ????????

ဒါပါပဲ…။

..

..

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here