ဆီးချိုသွေးချိုဖြစ်ရင် သွေးတွင်းဂလူးကို့စ် တက်ခြင်း/ကျခြင်း မငြိမ်ဖြစ်တတ်ကြပါတယ်။

ဒီတစ်ပတ်မှာတော့ သွေးတွင်းဂလူးကို့စ် (လက်ထိပ်ဖောက်တဲ့အဖြေ) အပေါ် သက်ရောက်မှုရှိပြီး သွေးချို အတက်/အကျဖြစ်စေတဲ့ အချက် (၁၀) ချက်ကို ပြောပြပေးသွားမှာပါ။

..

..

၁။ အစားအစာ

အစားအစာထဲမှာ သွေးချိုကို အဓိကတက်စေတာကတော့ ကာဗိုဟိုက်ဒရိတ်ပေါ့။ ဒါပေမယ့်လည်း အစာခြေဖျက်မှုနှေးစေတဲ့ အမျှင်ဓာတ်ပါတဲ့ ကစီဓာတ်အစားအစာတွေစားရင်တော့ သွေးချိုကို အတက်နှေးစေ၊ တန့်နေစေပါတယ် (ဥပမာ- ငှက်ပျောအူ၊ ကညွှတ်၊ ကန်စွန်းရိုး )

အဆီစားရင် တိုက်ရိုက် သွေးချိုမတက်စေပေမယ့် စားပြီး (၄-၆) နာရီလောက်ကြာတော့မှ အတက်ကြာစေပါတယ်။ ဥပမာ – ဒံပေါက်ထမင်း တစ်ပန်းကန်စားတာနဲ့ ထမင်းဖြူ တစ်ပန်းကန်စားတာနဲ့မှာ ထမင်းဖြူက စားပြီးပြီးချင်းတက်ပေမယ့် နောက်နေ့အထိ မကြာစေပါဘူး။ ဒံပေါက်ထမင်းကတော့ စားပြီးရင်လည်း တက်သလို၊ စားပြီး (၄) နာရီကျော်အကြာမှာ သွေးချိုအများကြီးတက်စေပါတယ်။ နောက်နေ့ထိလည်း သွေးချိုထိန်းမရဖြစ်စေနိုင်ပါတယ်။ ဒီတော့ အဆီများတာကိုလည်း အများကြီးမစားသင့်ပါဘူးနော်။

ဒါ့ကြောင့် အလှူတွေ၊ စတုဒိတာတွေမှာ သွား၀ုန်းပြီးရင် နဂိုတိုင်းပြန်ဖြစ်ဖို့ (၂-၃) ရက် ကြာနိုင်ပါတယ်…. (သိပ်မ၀ုန်းခဲ့နဲ့ပေါ့ အသားသာ များများကြိတ်ခဲ့)

အဲ….အသားဓာတ်ကျတော့ရောဆိုတော့ – အသားချည့်ပဲစားလည်း သွေးချိုက တက်တော့တက်နိုင်ပါသေးတယ်..အများကြီးတော့မဟုတ်ဘူးပေါ့။

အယ်…ဘာစားစား တက်မှာပဲလို့တော့ မထင်လိုက်ပါနဲ့။ လိုအပ်တဲ့ အားအင်ရဖို့တော့ စားရသောက်ရတာပေါ့… ဒီတော့ ဘာပဲစားစား ချင့်ချိန်စားဖို့ရယ်၊ အချိုးအစားကျကျ (ကစီ ၁ ပုံ၊ အသား ၁ ပုံ၊ အရွက်၂ ပုံ) စားဖို့ရယ် အရေးကြီးပါတယ်။

.

၂။ ကော်ဖီ

ကော်ဖီက သကြား/နို့ဆီ မပါရင် သောက်လို့ရပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်က လန်းဆန်းတက်ကြွစေတော့ ဟော်မုန်းတွေထွက်လာပြီး သွေးချို အနည်းငယ်တက်နိုင်ပါတယ်။ ဥပမာ- လက်ထိပ် သွေးချို ၁၄၀ လောက်ရှိနေရင် ကော်ဖီသောက်ပြီးရင် ၁၅၀/၁၆၀ လောက်ထိတော့ တက်တတ်ပါတယ်။ ခွက်တွေအများကြီး မသောက်ဖို့ရယ်…သကြား၊ နို့ဆီ မထည့်ဖို့ရယ်…2 in 1, 3 in 1 တွေ မဟုတ်ဖို့ရယ်တော့ အကြံပေးချင်ပါတယ်။

.

၃။ အရက်

အရက်ဆိုတဲ့နေရာမှာ အယ်လကိုဟောပါတဲ့ ဘယ်ဟာမဆို အကျုံး၀င်ပါတယ်။

အရက်ချည့် အမြည်းမပါဘဲ ဗိုက်ဟောင်းလောင်းမှာသောက်ရင်တော့ သွေးချိုကျစေပါတယ်။ ညဘက်သောက်အပြီး မနက်ခင်းကျ ကတုန်ကယင်တွေဖြစ်၊ သွေးတွင်းအချိုဓာတ်တွေ ပုံမှန်အောက်ကျဆင်းပြီး နေလို့မကောင်းဖြစ်နိုင်ပါတယ်။

အဲ …. ဒါပေမယ့် အမြည်းတွေအများကြီးစားတယ်၊ ဘီယာ အများကြီးသောက်တယ်၊ အရက်ကို အချိုရည်နဲ့ ရောသောက်တယ်ဆိုရင်တော့ သွေးချိုတက်စေပါတယ်။

အရက်ဟာ သွေးချို အတက်/အကျ လွယ်စေပြီး ထိန်းညှိဖို့ ခက်စေတာကြောင့် ရှောင်နိုင်တာ အကောင်းဆုံးပါပဲ။

.

၄။ အိပ်စက်ခြင်း

အိပ်ရေးမ၀တဲ့အခါ ဟော်မုန်းအတက်အကျ မငြိမ်ဖြစ်စေပါတယ်။ ဒီဟော်မုန်းတွေက သွေးချိုတက်စေတာမို့ တစ်နေ့ အနည်းဆုံး ၆ နာရီလောက်တော့ အိပ်သင့်ပါတယ်…..အိပ်ချိန်လည်း မှန်ပါစေနော်။

.

၅။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများတဲ့အခါ အစားပိုမစားမိရင်တောင် သွေးချိုတွေ တက်ပါတယ်။ (ခုနက ပြောခဲ့တဲ့ ဟော်မုန်းတွေများလာတာကိုး)

ဒီတော့ စိတ်ဖိစီးမှု အရမ်းကြီးမများအောင် စိတ်လျှော့တဲ့လေ့ကျင့်ခန်းတွေ (အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်၊​ ယောဂကျင့်တာတွေ) လုပ်သင့်ပါတယ်။ .

.

၆။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်လိုက်တာက ဘာမှစားတာမဟုတ်ပေမယ့်လည်း အင်ဆူလင်ရဲ့အာနိသင်ကို နည်းစေလို့ တချို့လူတွေမှာ သွေးချိုတက်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာဟာ နှလုံးသွေးကြောကျဥ်းနဲ့လည်း တွဲနေတော့ ဆေးလိပ်ဖြတ်လိုက်တာကတော့ အကောင်းဆုံးပါဘဲ။

.

၇။ လေ့ကျင့်ခန်း

လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးနင်းတာတို့လို အေရိုးဘစ်အားကစားနည်းတွေဟာ သွေးချိုကျစေလို့ လုပ်သင့်ပါတယ်။

တကယ်တော့ မိမိ၀ါသနာပါတဲ့ ဘယ်အားကစားနည်းမဆို လုပ်လို့ရပါတယ်။ မိမိနဲ့ သင့်တော်/မသင့်တော်ကတော့ ဆရာ၀န်နဲ့ အသေးစိတ် ဆက်တိုင်ပင်ပေါ့နော်။

(ဥပမာ – ကိုယ်၀န်ဆောင် သွေးချိုဆိုရင်တော့ ကြိုးခုန်တာ မလုပ်သင့်ဘူးပေါ့ … ဒီလို ယေဘုယျ အချက်မျိုးလေးတွေတော့ ရှိတာပေါ့)

အလေးမတာတို့၊ လက်၀ှေ့ထိုးတာတို့လို အပြင်းစားလေ့ကျင့်ခန်း (high intensity) တွေဆိုရင်တော့ stress hormone တွေထွက်လာတာမို့ သွေးချို တက်လိုက်/ကျလိုက်လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က လေ့ကျင့်ခန်း စစလုပ်ချင်းဆို သွေးချိုထိုးကျတတ်ပါတယ်။ လုပ်နေကျဖြစ်သွားပြီဆိုရင်တော့ အတက်အကျ ပိုငြိမ်လာပါတယ်။

.

၈။ ရာသီဥတု

အရမ်းပူအိုက်တာ၊ နေလောင်တာတို့ဆို ပင်ပန်းပြီး စိတ်ဖိစီးရလို့ သွေးချိုပိုတက်တတ်ပါတယ်။

တအားအေးလို့ နွေးအောင် အစားတွေပိုစားရင်တော့ သွေးချိုပိုတက်မှာပေါ့နော်။ ယေဘုယျအားဖြင့်တော့ ပိုမစားဖြစ်ဘူးဆို အေးအေးမြမြနဲ့ နေလို့ကောင်းနေပြီး သွေးချိုပိုငြိမ်ပါတယ်။

.

၉။ ချွေးထွက်များခြင်း

ချွေးတအားထွက်ပြီး ရေဓာတ်ခန်းခြောက်တဲ့အခါ အစာမစားတာတောင် သွေးချိုတက်စေပါတယ်။ ဒါလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေပိုထွက်စေတဲ့ အကြောင်းတရားကြောင့် ဖြစ်ပါတယ်။

.

၁၀။ ဆေးဝါးတွေ

သွေးချိုကျဆေးတွေကတော့ သွေးချို/ဆီးချိုကို ကျတာပေါ့။

စတီးရွိုက်ဆေးတွေကတော့ သွေးချိုတက်စေပါတယ်။ စတီးရွိုက်ဆေးရဲ့အာနိသင်ကလည်း ကြာရှည်ပါတယ်။ ဆေးရပ်ပြီး ရက်အနည်းငယ်ထိကို သွေးချိုတွေတက်၊ အင်ဆူလင်တွေ ပိုထိုးဖို့လိုတာမျိုး ဖြစ်စေပါတယ်။

..

..

“ အားလုံးပဲ သွေးချို/ဆီးချိုအန္တရာယ်မှ ကာကွယ်ကင်းဝေးပြီး ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်”

အာဟာရ ဆရာ၀န်တစ်ဦး

Telekyanmar

Reference: ????

https:// diatribe .org/42-factors-affect-blood-glucose-surprising-update

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here