“ သတင်းဆိုး”
ကျွန်တော်တို့ဆရာဝန်တွေ ကိုယ်တိုင်ကလည်း မပြောချင်၊ လူနာကိုလည်း နားမထောင်စေချင်သော သတင်းစကားပေါ့ဗျာ။ သို့သော်လည်း မပြောမပြီး၊ မတီးမမြည်ဆိုသလို ဆိုရေးရှိက ဆိုအပ်လှ၏ဆိုပြီး လူနာအား ဖွင့်ဆိုရှင်းပြရခြင်းတစ်ခု။
Breaking the bad news လို့ ဆေးစာအုပ်တွေထဲမှာ ရေးကြတယ်။ ကျွန်တော်တို့ဆရာဝန်တွေ ရှောင်လွှဲလို့ မရနိုင်တဲ့ အလုပ်တစ်ခုပေါ့။ ဆေးပညာဘာသာရပ်တိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ OG မှာလည်း ရှိတာပေါ့။ အများကြီးပဲ။ အဲဒါတွေထဲက တစ်ခုဖြစ်တဲ့ Anencephaly ဆိုတဲ့အကြောင်း ပြောပြချင်လို့ပါ။
…
…
Anencephaly ဆိုတာ လူနာကို ရှင်းပြရ တော်တော်ဆိုးတဲ့ ရောဂါဗျ။ OG ဘဝမှာ တစ်နှစ်ကို တစ်ယောက်၊ နှစ်ယောက်လောက် ကြုံရလေ့ရှိပါတယ်။
ဘာဖြစ်တာလဲဆိုတော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဗိုက်ထဲက ကလေးလေးက ဗိုက်ထဲမှာရှိနေသမျ အချင်းအားကိုးနဲ့ အသက်ရှင်မယ်။ မွေးထွက်လာပြီ၊ အချင်းနဲ့ ဆက်ထားတဲ့ ချက်ကြိုးကိုဖြတ်လိုက်ပြီ၊ အသက်ရှင်ဖို့ ကိုယ့်ဘာသာကိုယ် အသက်ရှူရတော့မယ်ဆိုရင်ကျ မရှူတတ်တော့ဘူး။ မွေးထွက်လာပြီး နာရီပိုင်းအတွင်းမှာ သေသွားကြတယ်။
ကျွန်တော်တို့ ဆေးပညာစကားနဲ့ဆိုရင် “ The fetus is incompatible with extrauterine life” လို့ ပြောကြတယ်။
ကိုယ်ဝန်တွေက ကိုးလလွယ် ဆယ်လဖွားလို့ ဆိုရိုးစကားရှိပါတယ်။ ကျွန်တော်တို့က ကိုယ်ဝန်ကို သုံးပိုင်းပိုင်းတယ်။ ပထမသုံးလ (first trimester)၊ ဒုတိယသုံးလ (second trimester) နဲ့ တတိယသုံးလ (third trimester) ဆိုပြီးတော့ပေါ့။
ပထမသုံးလ ကိုယ်ဝန်ရှိခါစ ဗိုက်ထဲကသန္ဓေသားလေးကို embryo လို့ခေါ်တယ်။ ဒုတိယသုံးလနဲ့ တတိယသုံးလ ဗိုက်ထဲက ကလေးလေးကိုကျ fetus လို့ခေါ်တယ်။
ဘာကွာသွားတာလဲဆိုတာ မြင်သာအောင် ပြောရမယ်ဆိုရင် အုတ်ခဲပုံကြီးနဲ့ အုတ်စီပြီး အကြမ်းထည်တိုက်အိမ်နဲ့ ကွာသလိုပေါ့ဗျာ။
စစချင်း မျိုးအောင်တော့ အဖိုမျိုးစေ့ spermatozoa နဲ့ အမမျိုးစေ့ ovum တို့ပေါင်းစပ်ကြပြီး zygote လို့ခေါ်တဲ့ သန္ဓေသား ဆဲလ် cell လေးတစ်ခု ဖြစ်လာတယ်။ အဲဒီဆဲလ်လေးက အချိန်တိုင်း ဘိုးဘိုးအောင်တန်ခိုးနဲ့ နှစ်ဆတိုးဆိုပြီး ပွားများလာလိုက်တာ အုတ်ပုံကြီးလို ဆဲလ်တွေ အစုလိုက်အပုံလိုက် ဖြစ်လာရော။ အဲဒီတော့မှ အချင်းဖြစ်မယ့်ဆဲလ်တွေက အချင်းဖြစ်မယ့်နေရာသွား၊ ကလေးဖြစ်မယ့်ဆဲလ်တွေက ကလေးဖြစ်ကြဆိုပြီး တိုက်ဆောက်သလို အုတ်တွေကိုစီလိုက်ကြတယ်။
အဲဒီလို အုတ်ပုံကြီးကနေ တိုက်အိမ်အကြမ်းထည် တစ်နည်းပြောရရင် သန္ဓေခဲလေး zygote ကနေ အချင်း၊ ခေါင်း၊ ခန္ဓာကိုယ်၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက် လူပုံစံ အကြမ်းထည်ပေါ်လာတဲ့အထိ ဖွံ့ဖြိုးမှုက ကိုယ်ဝန် ပထမသုံးလ embryo အဆင့်မှာတင် အပြီးသတ်ရပါတယ်။ လူပုံစံပေါ်နေပြီ သို့သော် အရပ်အမောင်းကတော့ လူကြီးလက်တစ်ဆစ်လောက်ပဲ ရှိသေးတယ်ပေါ့ဗျာ။ ပထမသုံးလ embryo အဆင့် ပြီးတဲ့အခါမှာပေါ့။
ဒုတိယသုံးလနဲ့ တတိယသုံးလမှာ လူပုံစံအကြမ်းထည်ပေါ်ပြီးသား fetus ကလေးလေးက ဆက်ပြီးကြီးထွားလာတယ်ပေါ့။ မွေးခါနီးကျ တစ်တောင်လောက်ရှိတဲ့ ကလေးကြီး ဖြစ်သွားတာပေါ့။
ဒါကြောင့် ကိုယ်ဝန်ရှိခါစ ပထမသုံးလ embryo stage အုတ်ပုံကြီးကနေ တိုက်အိမ်အကြမ်းထည် ပုံပေါ်လာဖို့ အုတ်စီတဲ့အဆင့်… စာစကားနဲ့ပြောရရင် organogenesis အဆင့်သည် အလွန်အရေးကြီးပါတယ်ဗျ။ အုတ်စီမှားသွားရင် လူနေလို့မရတဲ့ တိုက်အိမ်ဖြစ်သွားမှာပေါ့။
ပြဿနာက ဘာလဲဆိုတော့ အဲဒီလိုအရေးအကြီးဆုံး အဆင့်မှာ အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ ကိုယ်ဝန်ရနေပြီလို့ မသိကြသေးတာပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဆရာဝန်တွေက ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ဝန်တားဆေးတွေ အားလုံးရပ်လိုက်တဲ့အချိန်ကစပြီး မိခင်လောင်းကို ဖောလစ်အက်ဆစ် folic acid တစ်နေ့တစ်လုံး သောက်ခိုင်းတာပါ။
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုသည် ကိုယ်ဝန်မရခင်ကကို စရပါတယ်ဗျ။ Pre-pregnancy counselling clinic လို့ ခေါ်ပါတယ်ဗျ။ ဗိုက်ကြီးတဲ့ ကိုးလလုံးလုံးလည်းပေါ်မလာ၊ ဗိုက်နာနာချင်းလည်း မရောက်လာ၊ အသည်းအသန်ဖြစ်မှ ညကြီးအချိန်မတော် ရောက်လာပြီး စောင်ဆရာဝန်တွေလို့ ဆဲသွားတဲ့ ဗိုက်ကြီးသည် မမများ သိစေဖို့ပါဗျ။
ပြောနေရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ ဪ… Anencephaly အကြောင်းပြောမလို့နော်။ အဲဒါ အုတ်စီတာ မှားသွားတာပဲဗျ။ ဘယ်နားလေးမှာလဲဆိုတော့ ဦးခေါင်းခွံနဲ့ ဦးနှောက်နေရာမှာ။ နဖူးရိုးပြား frontal bones၊ နားထင်ရိုးပြား perital bones၊ နောက်စေ့ရိုးပြား occipital bone နဲ့ ဦးနှောက်နောက်ဘက်ခြမ်း ပါမလာတာ။ အောက်ပိုင်းက လုံးဝအကောင်း။ ခြေလက်အင်္ဂါစုံတယ်။ မျက်နှာကလည်း အကောင်း။
ပြဿနာက ဘာလဲဆိုတော့ အထက်ကပြောခဲ့တဲ့အရာတွေ အားလုံးမပါ၊ ဦးရေပြားလေးပဲ ပါတာပေါ့။ အဲဒါကို ကိုယ်ဝန် ၂၀-၂၂ ပတ်ကြားရိုက်တဲ့ anomaly scan USG မှာ ရှင်းရှင်းလင်းလင်း မြင်ရပါပြီဗျ။
ပြဿနာက အဲဒီမှာစတယ်။ ကလေးလေး (Fetus is Anencephaly. Baby is incompatible with extrauterine life) အမေ့ဗိုက်ထဲမှာ ရှိနေသမျှ အသက်ရှင်မယ်။ မွေးထွက်ပြီးတာနဲ့ နာရီပိုင်းအတွင်း သေမယ်လေ။ ဘာလုပ်ကြမလဲ။ အမေကို ဘယ်လိုမှ မရှင်နိုင်မယ့်ကလေးကို နေ့စေ့လစေ့အထိ ကိုယ်ဝန်ကို လွယ်ခိုင်းထားမလား။ သိသိချင်းပဲ ကလေးကို ထုတ်ပစ်မလား။ အမေကိုပဲ ဆုံးဖြတ်ခိုင်းရပါတယ်ဗျ။ USG အရ ၂၀-၂၂ ပတ်မှာ Anencephaly ဆိုတာကို ၁၀၀% သေချာအောင် ပြောနိုင်ပေမယ်လို့ မိခင်ကကျ သူ့ကလေး လှုပ်နေတယ်လို့ခံစားရတော့ မွေးထွက်ပြီးပြီးချင်း သေမှာလို့ပြောတာကို လက်ခံဖို့ အရမ်းခက်ခဲတတ်ပါတယ်။
သီးသန့်အခန်းထဲမှာခေါ်ပြီး သေချာရှင်းပြရပါတယ်။ ကလေးကတော့ အမေ့ဗိုက်ထဲမှာ ရှိနေသမျှတော့ အသက်ရှင်နေမှာပဲ။ မွေးထွက်လာပြီးရင်တော့ နာရီပိုင်းပဲနေပြီး သေမှာပဲ။
အဲဒီလိုကလေးကို နေ့စေ့လစေ့ရောက် သဘာဝအတိုင်း မွေးချိန်ထိအောင် စောင့်မလား၊ သိတဲ့အချိန်မှာပဲ ဆေးထည့်ပြီး မွေးထုတ်ပစ်မလား။ လူနာနဲ့ လူနာရှင်ကို ဆွေးနွေးရပါတယ်ဗျ။ သူတို့ကတော့ သူတို့ကလေး လှုပ်နေတယ်ဆိုပြီး ဒါကိုလက်ခံဖို့ အတော်ခက်ခဲပါတယ်။
အကျေအလည်ရှင်းပြပြီးလို့ လက်ခံတယ်၊ ကိုယ်ဝန်ကို အဆုံးသတ်လိုက်တော့မယ်၊ သဘောတူတယ်ဆိုရင်လည်း သားအိမ်ပွင့်ဆေးကို ခြောက်နာရီခြားတစ်ခါနဲ့ အကြိမ်ရေ ဘယ်လောက်မှန်းမသိအောင် ထည့်ရနိုင်ပါတယ်။ တချို့က နှစ်ခါသုံးခါနဲ့ ထွက်သွားနိုင်သော်လည်း တချို့က လေးငါးရက်ကြာအောင် ဆေးထည့်ရတာမျိုးလည်း ရှိတတ်ပါတယ်။ လူနာကို အလိုမလိုက်ဘဲ ခွဲမွေးမပေးဖို့တော့ လိုတာပေါ့ဗျာ။ ဗိုက်နာလာရင်လည်း ရှိတဲ့ဘယ်အနာသက်သာတဲ့ ဆေးသုံးသုံး အဆင်ပြေတယ်လေ။ ကလေးအကြောင်းက စဉ်းစားစရာမှ မလိုတာပဲ။
…
…
ပြောပြချင်တာက ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ဝန်တားဆေးတွေ ရပ်လိုက်တဲ့အချိန်ကစလို့ တစ်နေ့ကို folic acid တစ်လုံးသောက်ပါဗျ။
အားလုံးပဲ မတော်တဆ sexual pleasure ကြောင့်ရသွားတဲ့ ကိုယ်ဝန်မဟုတ်ဘဲ လိုလိုလားလား ဖိတ်ခေါ်ပြီးရသွားတဲ့ planned pregnancy တွေ ဖြစ်ကြပါစေဗျာ…။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ