လက်ဖက်နှင့် အာဟာရ (November,2023)

0
231

မြန်မာမှန်ရင် လက်ဖက်နဲ့ ကင်းနိုင်မယ်မထင် …. စကားပုံထဲကအတိုင်း “အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့အတိုင်း ခံစားမိကြမယ် ထင်ပါတယ်။

လက်ဖက်လို့ကြားတာနဲ့ အိမ်ကိုလည်းလွမ်းတယ်…

“အလှူ့လက်ဖက်” ဆိုတဲ့ ရွာကအမျိုးတွေကိုရောပေါ့…

အတူစားခဲ့ဖူးတဲ့ ပွဲတွေကိုလည်း ခဏတာပြန်ရောက်သွားသလို၊ နက်စ်တစ်ခွက်နဲ့ လက်ဖက်တစ်ပွဲနဲ့ တစ်နေကုန်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က ဘော်ဒါတွေလည်း သတိရမိပါတယ်။ စားစရာတစ်ခုထက်ပိုတဲ့ အနှစ်သာရတွေ အများကြီးပြည့်၀နေတဲ့ လက်ဖက်ပါလားနော်…

မြန်မာဆိုတဲ့ အနှစ်သာရ ပြည့်၀နေတဲ့ လက်ဖက်စားပြီး အတိတ်နေ့ရက်တွေဆီ ပြန်ပြန်သွားဖြစ်ကြမယ် ထင်ပါတယ်။

လက်ဖက်ဟာ မြန်မာမှု ရှေးရိုးအစဥ်အလာ ဖြစ်တဲ့အလျောက် နိုင်ငံတကာစာတမ်းတွေမှာ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်အလက်တွေ ဆောင်းပါးတွေကို ရှာဖွေရာမှာ အခက်အခဲအနည်းငယ် ရှိိပါတယ်။ ဒါပေမယ့် အခုဆောင်းပါးမှာတော့ လက်ဖက်က ကျန်းမာရေးအတွက်ရော ဘယ်လို အကျိုးရှိစေလဲ၊ ဘာဓာတ်တွေနဲ့ လုပ်ထားတာလဲ၊ ဘယ်လိုပုံစံ စားတာကောင်းလဲ စတဲ့ ကျန်းမာရေးရှူထောင့်ကနေ ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လက်ဖက်ဆိုတာ ဘာလဲ

လက်ဖက်ဆိုတာ မိုးကုတ်၊ ပလောင်၊ ရှမ်းပြည်တို့မှာ အများဆုံးစိုက်လေ့ရှိကြပြီး နိုင်ငံခြားတွေမှာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်ဆိုပြီး ကြော်ငြာကြတဲ့ အပင်နဲ့ အတူတူပါပဲ။ နိုင်ငံခြားတွေမှာတော့ လက်ဖက်အရွက်စိမ်းကို လက်ဖက်စိမ်းအနေနနဲ့ ဖျော်ရည်၊ ရေနွေးကြမ်း စတာတွေလုပ်ကြပါတယ်။ အလှကုန်တွေထဲ ထည့်လုပ်ကြတယ်၊ လက်ဖက်ခြောက် အကြမ်းခြောက်၊ အချိုခြောက်၊ အူလောင်တီး (Oolong tea) စသဖြင့်လည်း အမျိုးမျိုး သုံးစွဲကြပါတယ်။ ခူးဆွတ်ပုံ၊ အခြောက်ခံပုံ စသဖြင့် အမျိုးမျိုးတော့ ကွာကြပါတယ်။

လက်ဖက်ရည်အနေနဲ့ သောက်တာတွေကတော့ အချဥ်ဖောက်ထားခြင်း မရှိပါဘူး။ လက်ဖက်သုပ်အနေနဲ့ အညွန့်နှပ်တို့ လက်ဖက်နှပ်တို့ကတော့ အရွက်စိမ်းလေးတွေကို ခူးဆွတ်ပြီး ရေနွေးငွေ့နဲ့ပေါင်း၊ ပိုးသတ်ပြီးတဲ့အခါ ကောင်းမွန်တဲ့ ဘက်တီးရီးယားလေးတွေ ပေါက်ပွားလာအောင် အလေးတုံးနဲ့ အချိန်ကာလတစ်ခုထိ ဖိသိပ်ပြီး အချဥ်ဖောက်ပြီး နှပ်ကြတာပါ။

အချဥ်ဖောက်လိုက်တဲ့အတွက် လက်ဖက်နှပ်မှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားလေးတွေနဲ့အတူ အူလမ်းကြောင်းနဲ့ အ၀လွန်၊ သွေးတိုး စတဲ့ရောဂါတွေအတွက် အဟန့်အတားဖြစ်ဖို့ အထောက်အပံ့ ဓာတ်ပစ္စည်းလေးတွေ ပိုများလာပါတယ်။ ပြုလုပ်ပုံ၊ နှပ်ပုံ အမျိုးမျိုးကွာကြတဲ့အတွက် မည်ရွေ့မည်မျှစားရင် ကျန်းမာရေးအတွက် မည်သို့အထောက်အကူပြုတယ်ဆိုတဲ့ တွေ့ရှိချက်တွေကတော့ လတ်တလောမှာ မသိရှိနိုင်သေးပါ။

လက်ဖက််မှာ ဘာတွေပါလဲ

လက်ဖက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ ခေါ်ကြတဲ့ antioxidants တွေ ကြွယ်၀စွာပါ၀င်ပါတယ်။

နောက်ပြီး အမျှင်ဓာတ်လည်း ပါ၀င်ပါတယ်။ အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းလှုပ်ရှားကို ပိုကောင်းစေပြီး လိုအပ်တဲ့အာဟာရဓာတ် ပေးပါတယ်။

Flavonoid, polyphenols- catchein , EGCG စတဲ့ ဓာတ်ပေါင်းတွေ ပါ၀င်ပါတယ်။ ဒီဓာတ်တွေက သွေးကြောနံရံတွင်းမှာ ဓာတ်တိုးမှု (oxidation) ဖြစ်တာကို ကာကွယ်ပေးပြီး၊ သွေးတွင်း ကိုလက်စထရောနဲ့ သွေးတွင်းအဆီကို ကျစေပါတယ်။ နောက်ပြီး ကင်ဆာဆဲလ်တွေလို ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပွားစေတာကို တားဆီးပေးနိုင်တဲ့ သုတေသနတွေတော့ ရှိပါတယ်။

ကဖင်းဓာတ် (Caffeine) လည်း ပါ၀င်တော့ မျက်လုံးကျယ်တာ၊ စိတ်ကိုလန်းဆန်းစေတာ စတဲ့အာနိသင်လေးတွေလည်း ရှိပါတယ်။

အချဥ်ဖောက်ထားတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားလေးတွေနဲ့ probiotics တွေလည်းပါလို့ အူလမ်းကြောင်းကို ကောင်းစေပါတယ်။

.

မကောင်းတဲ့အချက်လေးကတော့ phytochemical ထဲက တစ်ခုဖြစ်တဲ့ tannin တို့ oxalate တို့လို ပါ၀င်တဲ့အတွက် သံဓာတ်စုပ်ယူမှုကိုတော့ လျော့ကျစေပါတယ်။ ဒါပေမယ့် အသားမှာပါတဲ့ သံဓာတ်နဲ့ ဘဲသွေးခဲတွေမှာပါတဲ့ သံဓာတ်စုပ်ယူမှုကိုတော့ မလျော့နည်းစေပါဘူး။ လက်ဖက်ကို အလွန်အကျွံစားတာ မဟုတ်ရင်၊ အသားလည်း ပုံမှန်တွဲစားပေးနိုင်ရင်တော့ သံဓာတ်ချို့တဲ့မှု မဖြစ်စေပါ။ အသားဓာတ် အစားနည်းပြီး အရွက်နဲ့ လက်ဖက်သုပ်ပဲ နေ့တိုင်းစားမယ်ဆိုရင်တော့ သံဓာတ်အားနည်းစေနိုင်ပါတယ်။

(ဒါဟာလည်း သံဒယ်အိုးသုံးပြီး ချက်တဲ့ တောင်ပေါ်ဒေသတွေမှာ သံဓာတ်လွန်ကဲမှု မဖြစ်အောင် လက်ဖက်စားပေးတာ အကျိုးရှိလားတော့ မပြောနိုင်ပါ)

လက်ဖက်ကို ချုပ်စာလို့ပြောကြပေမယ့် အလွန်အကျွံမစားရင် ပြဿနာတစ်စုံတစ်ရာ မရှိစေနိုင်ပါဘူး။ ကလေးသူငယ်တွေနဲ့ ကိုယ်၀န်ဆောင်တွေ၊ အစာခြေစနစ် မူမမှန်မှု ရှိသူတွေကတော့ အစာခြေစနစ် အပြောင်းအလဲ ဖြစ်လွယ်ကြတာမို့ နည်းနည်းစီသာ စားစေလိုပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ကွာကြတဲ့အတွက် တချို့ကလေးတွေက စားနိုင်ပေမယ့် တချို့ကျ လေအောင့်လေထိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိတို့ စားနေကျပမာဏ၊ မိမိတို့နဲ့ အဆင်ပြေတဲ့ပမာဏကို စားတာမျိုးသာ လုပ်သင့်ပါတယ်။ ၂ နှစ်အောက် ကလေးငယ်တွေမှာတော့ မစားသင့်သေးပါဘူး။

ဘယ်လိုစားရင် ကျန်းမာရေးအတွက် ပိုကောင်းလဲ

လက်ဖက်နှပ်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ခရမ်းချဥ်သီး၊ ပဲခြမ်းကြော် စတာတွေနဲ့ ပေါင်းစပ်စားလေ့ ရှိပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ ဆီသန့်နဲ့ကြော်ထားတဲ့ ရက်မလွန်သေးတဲ့ ပဲကြော်တွေနဲ့ တွဲစားရင် ဒီအစားအစာတွေရဲ့ ဗီတာမင်နဲ့ အခြားဓာတ်တွေကိုပါ ရစေလို့ ကျန်းမာရေးအတွက် ပိုသင့်တော်စေပါတယ်။

အရမ်းစပ်တဲ့ လက်ဖက်နှပ်မျိုးကို အဆာခံနေတဲ့အချိန် စားတာမျိုးကတော့ အစာအိမ်အချဥ်ပေါက် ဖြစ်စေနိုင်ပါတယ်။ နှစ်ပြန်ကြော် ဆီမသန့်တာတွေ၊ ပြန်ကြော်ဆီတွေ သုံးထားတာမျိုး၊ ဆီဂျီးနံ့ထွက်နေတာမျိုးတွေကတော့ သွေးတွင်းကိုလက်စထရောနဲ့ သွေးတွင်းအဆီ များစေမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တွဲဖက်စားတဲ့ ပဲကြော်ကို နည်းနိုင်သမျှနည်းအောင်ရယ်၊ ပါ၀င်ပစ္စည်းတွေရဲ့ လတ်ဆတ်မှုကို အသားပေးပြီးမှ အသုပ်လုပ်စားစေလိုပါတယ်။

အခြားပုံစံတွေအနေနဲ့ ရေနွေးကြမ်းသောက်တာဟာ ကယ်လိုရီမပါ၀င်တဲ့၊ ၀ိတ်မတက်စေတဲ့ မြန်မာမှု detox ဖျော်ရည်လို့တောင် ပြောလို့ရပါတယ်။

လက်ဖက်ရည်သောက်သူတွေမှာတော့ ကောင်းမွန်တဲ့ လက်ဖက်ခြောက် အကျရည်အပြင် ကျန်းမာရေးနဲ့ သိပ်အစေးမကပ်တဲ့ နို့ဆီ၊ သကြား စတာတွေပါ၀င်လို့ ဆီးချိုတက်တာမျိုး ဖြစ်နိုင်ပါတယ်။ လက်ဖက်ရည် ကြိုက်သူများအနေနဲ့ ဆီးချိုရှိပါက သကြား၊ နို့ဆီတို့ကို မသုံးဘဲ နွားနို့အစစ်နဲ့ ဆီးချိုသကြား (equal, stevia) စတာတွေကိုသာ အကျရည်နဲ့ ရောစပ်ဖျော်တာမျိုး လက်ဖက်ရည်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်သောက်နိုင်ပါတယ်။ Ice tea လို ဖျော်ရည်မျိုးဟာလည်း သကြားရည်တွေပါ၀င်လို့ အမြဲတစေ ခွက်ရေများများ သောက်တာမျိုး မလုပ်စေလိုပါဘူး။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

(ကိုးကား) Reference : ????

The legend of laphet: A Myanmar fermented tea leaf, by Thazin Han, Kyaw Nyein Aye

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here