တတိယနှစ် ဆေးကျောင်းသားဘဝမှာ စတင်ထိတွေ့ခွင့်ရခဲ့တဲ့ အနုပညာ…
ဆေးသိပ္ပံပညာထဲက အနုပညာ။
ဆေးသိပ္ပံပညာက သင်တာပေါ့။ ဒုတိယနှစ် ကတည်းက… ငှက်ဖျားရောဂါအကြောင်း။
ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်ကိုက်ခံရလို့ဖြစ်တယ်။ အနောဖိလိ ခြင်မက ကိုက်တယ်။ သူ့ရဲ့မျိုးဥတွေ မျိုးအောင်ဖို့ရန် လူရဲ့သွေးကိုလိုလို့ ကိုက်တယ်။ လူကိုကိုက်ပြီး သွေးမစုပ်ယူခင်မှာ ခြင်မက သူ့ရဲ့တံတွေးကို လူထဲကို အရင်ထိုးသွင်းလိုက်တယ်။ သူ့တံတွေးနဲ့ လူ့သွေးနဲ့ရောသွားတဲ့ သွေးကျဲကျဲကိုမှ စုပ်ယူနိုင်တယ်။ အဲဒီအချိန် သူ့တံတွေးထဲမှာပါလာတဲ့ ငှက်ဖျားပိုးတွေက လူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့တယ်။
အဲဒီငှက်ဖျားပိုးတွေက အကိုက်ခံရတဲ့ လူ့အသည်းထဲမှာ သွားခိုအောင်းပြီး ပွားများတယ်။ အင်အားအပြည့်ဖြစ်လာတဲ့အခါ အသည်းထဲကထွက်လာပြီး သွေးနီဥတွေထဲကို ဝင်ရောက်တယ်။ ငှက်ဖျားပိုး ဝင်ရောက်ခြင်းခံရတဲ့ သွေးနီဥတွေက အချိန်မတိုင်မီ ပေါက်ကွဲပျက်စီးကြရပြီး အဲဒီသွေးနီဥ အပျက်အစီးတွေထဲက ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် ငှက်ဖျားရဲ့ လက္ခဏာတွေဖြစ်တဲ့ အချိန်မှန် ချမ်းတုန်ဖျားခြင်း၊ အသားဝါခြင်း၊ သွေးအားနည်းခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေကို ခံစားရတာဖြစ်တယ်။
ခြင်ကိုက်ခံရပြီးချိန်မှစ ငှက်ဖျားရဲ့ ရောဂါလက္ခဏာတွေ စပေါ်လာတဲ့အချိန် ကြားကာလကို ရောဂါပျိုးချိန် (Incubation period) လို့ ခေါ်တယ်။ နှစ်ပတ်ကနေ လေးပတ်ကြား ကြာနိုင်တယ်။ အဲဒီတော့ ဖျားနေတဲ့လူနာတစ်ယောက်ကို တွေ့ခဲ့ပြီဆိုရင် လွန်ခဲ့တဲ့တစ်လအတွင်း ငှက်ဖျားအဖြစ်များရာဒေသကို ညအိပ်ညနေ သွားခဲ့ဖူးလားလို့ မေးရတော့မှာပေါ့နော။
အဲဒီလိုပဲ တီဘီရောဂါအကြောင်း သင်တယ်။ တီဘီပိုးကြောင့် ဖြစ်တယ်ပေါ့နော့။ လေမှတစ်ဆင့် ကူးစက်တယ်ပေါ့နော့။ အနီးအနားမှာရှိတဲ့ တီဘီရောဂါသည်တွေ ချောင်းဆိုး၊ သလိပ်ထွေးရာမှတစ်ဆင့် ကူးစက်တယ်ပေါ့နော့။ ရောဂါပျိုးချိန်က ဘယ်လောက်ကြာတယ်ပေါ့နော့။ ရောဂါလက္ခဏာတွေက ဖျားတယ်၊ ချောင်းဆိုးတယ်၊ သလိပ်တွေထွက်တယ်၊ ပိန်သွားတယ် စသည်ဖြင့်ပေါ့။
ဖျားတယ်ဆိုရုံနဲ့ မပြီးတော့ဘူးနော်။ ငှက်ဖျားလည်း ဖျားတာပဲ။ တီဘီလည်း ဖျားတာပဲ။ ဥပမာ ပြောပြတာပါ။ အခြား ဖျားနိုင်တဲ့ရောဂါတွေ အများကြီး။
လူနာတွေကလည်း နဖူးပေါ်မှာစာရေးပြီး ကျွန်တော်က ငှက်ဖျားပါ၊ ကျွန်တော်က တီဘီပါလို့ မလာပါဘူး။ ဖျားတယ်လို့ပဲ လာပြောတာပါ။ အပေါ်က ရောဂါနှစ်ခုအကြောင်း ဖတ်ပြီးရင် ဖျားတယ်ဆိုပြီး လာပြတဲ့လူနာကို ကျွန်တော်တို့ဆရာဝန်တွေ ဘာမေးခွန်းတွေ မေးတော့မယ် ခန့်မှန်းမိမှာပါ။ အဲဒီထက်မကဘူးနော်။ အများကြီး ထပ်မေးဦးမှာ။ အခြားရောဂါတွေအတွက်။
မေးခွန်းတွေမေးပြီးရင် စမ်းသပ်ရဦးမယ်။ ခေါင်းကနေ ခြေဖျားအထိ။
ငှက်ဖျားဆိုရင် သွေးအားနည်းခြင်း ရှိ/မရှိ ကြည့်မယ်။ နာတာရှည် ငှက်ဖျားတွေဆိုရင် အသည်း၊ ဘေလုံးတွေကြီးနေမယ်။ တီဘီလူနာဆိုရင်တော့ အဆုတ်ကိုစမ်းတဲ့အခါ အဆုတ်မကောင်းတဲ့ လက္ခဏာတွေ တွေ့မယ် စသည်ဖြင့်ပေါ့။
ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ ရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း တစ်နည်းအားဖြင့်ပြောရရင် ပါးစပ်အလုပ်နဲ့ လက်၊ နားကြပ် အလုပ်ကို သေသေချာချာလုပ်ရင် ဘာရောဂါလဲဆိုတာကို ၈၀ % မှန်အောင် ပြောနိုင်ပါတယ်တဲ့။
တစ်ခုတော့ရှိတာပေါ့။ ကျွန်တော့် ဗိုက်ဘယ်နေရာက နာနေတယ်လို့ပဲ ပြောကြပါဗျာ။ ကျွန်တော့် အစာအိမ်အောင့်နေတယ်တို့၊ ကျွန်တော့်ကျောက်ကပ် နာနေတယ်တို့လို့တော့ မပြောကြပါနဲ့ဗျ။ ဘယ်နေရာကနာတယ်ဆိုရင် ဘာဖြစ်နိုင်တယ် သင်ထားပြီးသားပါဗျ။ ဘယ်နေရာက နာသလဲပဲ သေချာလေး ထောက်ပြပေးပါဗျ။
နောက်တစ်ခုက ဆေးခန်းလာပြတယ်။ ဘာဖြစ်လို့လဲမေးတော့ ဓာတ်မှန်ရိုက်ချင်လို့ပါလို့ ဖြေတယ်။ ဘာလုပ်ပေးရမှန်းကို မသိတော့ဘူး။ ဆေးပညာနဲ့ပတ်သက်တဲ့ USG, X Ray, CT scan, သွေးဖောက်စစ်ဆေးမှု စတာတွေက အလှဓာတ်ပုံရိုက်တာ မဟုတ်ဘူးလေ။ အဲဒါတွေ ရိုက်လိုက်၊ စစ်လိုက်လို့ ရောဂါပျောက်သွားမှာလည်း မဟုတ်ဘူးလေ။ အချိန်နည်းနည်းယူပြီး ပါးစပ်ရယ်၊ လက်ရယ်ကို အသုံးချလိုက်ရင် ဘာရောဂါလဲဆိုတာကို ၈၀% သိပါတယ်ဗျ။ အဲဒါနဲ့မလုံလောက်တော့မှ သွေးစစ်၊ ဓာတ်မှန်ရိုက် စသည်တို့ကို လိုအပ်သောပမာဏအထိသာ စစ်ခိုင်း၊ ရိုက်ခိုင်းပါတယ်ဗျ။
တစ်ခါတလေ ရောဂါအကြီးကြီးတွေမှာ ဘာရောဂါလဲသိဖို့အပြင် ဘယ်လိုကုရမလဲသိဖို့ပါ သွေးစစ်၊ ဓာတ်မှန်ရိုက်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေသည် ကျွန်တော်တို့ ဆရာဝန်တွေ ကြည့်ဖို့အတွက်ပါဗျ။ အလှဓာတ်ပုံတွေ မဟုတ်ပါဘူး။
ထို့ကြောင့် ဆရာဝန်တစ်ယောက်ယောက်နဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကို တိုင်ပင်မည်ဆိုတိုင်း ရှိသမျှ ဆေးမှတ်တမ်း၊ သွေးစစ်ချက်၊ ဓာတ်မှန် စတာတွေ တစ်ပါတည်းယူလာပြီး ပြလို့ရပါတယ်ဗျ။ ပြကိုလည်း ပြရမှာပါ။ ကျွန်တော်တို့ ဆရာဝန်တွေက တရုတ်လိုပြောရရင် ဂိုဏ်းတူ ညီအကို၊ မောင်နှမတွေပါဗျ။ အရင်ဆရာကုခဲ့တာ အကုန်မှားတယ်။ မေ့ပစ်လိုက်။ အခုငါပြောတာပဲ လိုက်နာ။ အဲဒီလိုပြောမယ့်သူ မရှိပါဘူး။ တစ်ကျောင်းတည်းဆင်းတွေ၊ ရောဂါတစ်ခုအတွက် ကုသမှုက တစ်ပုံစံထဲတွေပါပဲ။ ဝါနဲ့ သမ္ဘာနဲ့ ကွာသွားတာတော့ ရှိနိုင်တာပေါ့။
…
…
ကျွန်တော် တတိယနှစ် ဆေးကျောင်းသားဘဝက အတွေ့အကြုံလေး ပြောပြမယ်။
မနက်ခင်းတိုင်း ဖျားနာဆောင်ကို လူနာတွေကြားထဲ လက်တွေ့ဆင်းရတယ်။ တစ်ရက်မှာ ၃၅ နှစ်အရွယ် လူပျိုကြီးတစ်ယောက် ဖျားလို့ဆိုပြီး ဆေးရုံတင်ထားတာ တွေ့တယ်။ ဒီလူနာ ဘာရောဂါဖြစ်မလဲ ကိုယ့်ဘာသာကိုယ် ခန့်မှန်းကြည့်မယ်ပေါ့။
ဆရာကြီးတွေ ခန့်မှန်းထားတဲ့ရောဂါ၊ သေချာအောင် စစ်ဆေးထားတဲ့ သွေးစစ်ချက်တွေ၊ ဓာတ်မှန်တွေ၊ ပေးထားတဲ့ကုသမှုတွေ ဘာမှမကြည့်ဘဲ ကိုယ့်ဘာသာကိုယ် လူနာကိုမေးမြန်းစမ်းသပ်ပြီး စိတ်ကူးထဲကနေ ရောဂါနာမည်တပ်မယ်။ သေချာအောင် စိတ်ကူးထဲကနေ ဘာစမ်းသပ်စစ်ဆေးမှုတွေ လုပ်မယ်။ စိတ်ကူးထဲကနေ ဘာဆေးတွေ ပေးမယ်ပေါ့ဗျာ။ ပြီးမှ လူနာမှတ်တမ်းကိုကြည့်ပြီး ကျွန်တော် မှန်လားမှားလား အဖြေတိုက်မယ်ပေါ့။
ခပ်တည်တည်ပဲ လူနာကိုမေးတယ်။ ဘာဖြစ်လို့ ဆေးရုံလာတက်တာလဲ။ ဖျားလို့တဲ့။ ok ယောက်ျားကြီးဆိုတော့ သေချာတယ် မီးတွင်းဖျားတော့ မဟုတ်တော့ဘူး။ အသက် ၃၅ နှစ်တဲ့။ ok ဝက်သက်တော့ မဖြစ်နိုင်တော့ဘူး။ အရက်သောက်လားမေးတော့ မသောက်ဘူးတဲ့။ ok မူးမူးရူးရူးနဲ့ တွေ့ကရာ အမြည်းလုပ်ပြီး အူရောင်ငန်းဖျားလည်း မဖြစ်နိုင်တော့ဘူး။ အိမ်ထောင်ရှိလားဆိုတော့ မရှိဘူးတဲ့။ ဟာ ဘာရောဂါလဲသိဖို့ အတော်နီးစပ်သွားပြီပေါ့။ လူပျိုနာ အချစ်နတ်သမီးရောဂါ ဖြစ်ရမယ်လို့ ထင်မိသေး။ အဲဒီလို အဲဒီလိုတွေ ရှိဖူးသလားမေးတော့ ငယ်ဖြူပါတဲ့။ အော်အေး။ အဆုတ်ထဲပိုးဝင်တာများ ဖြစ်မလားဆိုပြီး ဆေးလိပ်သောက်သလား မေးကြည့်တော့ အနံ့တောင် မခံနိုင်ဘူးတဲ့။ ကျွန်တော် တတ်သမျှ၊ မှတ်သမျှ စမ်းကြည့်တော့လည်း ဘာလက္ခဏာမှ မတွေ့ဘူး။ ကျွန်တော့်ရဲ့ ဉာဏ်မျက်စိက မမြင်တာလေ။ ဘာရောဂါမှန်းကို မခန့်မှန်းတတ်ခဲ့ဘူး။
မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဖျားနာဆောင်သို့ အသက် ၃၅ နှစ်အရွယ် အမျိုးသားကို ရောဂါကြီးကြီးမားမား တစ်စုံတစ်ရာ မရှိဘဲနဲ့တော့ မတင်ထားပါဘူး။ အဲဒါလည်း သေချာတယ်။ ဝါသမ္ဘာ နုသေးလို့ ဘာရောဂါမှန်းမသိတာ။ ကိုယ်ညံ့မှန်းလည်း သိပါတယ်။ ဒါပေမယ့် ကိုယ်သိတဲ့ရောဂါတွေထဲက မဖြစ်ရလေခြင်းဆိုပြီး လူနာကို ရန်လုပ်ခဲ့သေးတယ်။ ခင်ဗျား အသက် ၃၅ နှစ်ရှိပြီ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ မိန်းမ မလိုက်စားနဲ့ ၊ ၃၅ နှစ်လုံးလုံး ဘာလုပ်နေသလဲလို့….ခုတော့ ကျွန်တော့်မှာ ဘာရောဂါမှန်းကို မသိတော့ဘူးလို့ 🙂
ဘာရယ်မဟုတ်ပါဘူး…
လူနာထံမှ ရောဂါရာဇဝင်ယူခြင်းနှင့် ရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း အနုပညာ (History taking and Physical examination) ဆိုပြီး ရေးချင်စိတ် ပေါ်လာလို့ ကြုံဖူးခဲ့တဲ့ နုနုနယ်နယ် ဆေးကျောင်းသားဘဝက အသိပညာမပြည့်စုံသေးတဲ့ အတွေ့အကြုံလေးနဲ့ တွဲရေးလိုက်တာပါနော့။
အခုလည်း အသိပညာတွေ ပြည့်စုံလားဆိုတော့ ဘယ်လူသားမှ ပညာရပ်တွေမှာ ပြည့်စုံတယ် မရှိပါဘူး။ ကိုယ့်မှာသာ သူများထက်ထူးပြီး ဒီအရွယ်ရောက်တဲ့အထိ ပြည့်စုံသင့်တာတွေ မပြည့်စုံသေးဘဲ…
တောထဲတောင်ထဲ ဖုန်းမောင်တစ်ကိုယ်တည်း နေနေရတဲ့ ဘဝပါလို့….။
ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.