ပန်ကာလေခံရင်း အိပ်ပျော်သွားတာလေ… နိုးလာတော့ လေဖြတ်ပါလေရော။

ရာသီဥတုအေးပါတယ်ဆို ရေချိုးမှားတာကိုး… ဆရာဝန်တွေကတော့ ဦးနှောက်သွေးကြောပိတ်တယ် ပြောတာပဲ။

နေပူကြီးထဲ မထွက်ပါနဲ့ ပြောသားပဲ… နည်းတောင်နည်းသေး… အခုတော့ ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးတာတဲ့။

ရပ်ထဲရွာထဲ ပြောနေကျစကားတွေပေါ့။

ငယ်တုန်းကတော့ အဟုတ်မှတ်တာလေ…. ဒါပေမယ့် နောက်ပိုင်းကျ တွေးကြည့်တော့ တစ်မျိုးကြီး။

ဒီလို…

ပန်ကာလေခံတဲ့သူတွေ အများကြီးထဲမှာမှ ဘာလို့ ကျန်တဲ့သူတွေကျ လေမဖြတ်သလဲ။

တစ်ကမ္ဘာလုံး အအေးပိုတဲ့နိုင်ငံတွေမှာ ရေချိုးနေကြတာလေ… ဘာကြောင့် မာလကီးယား မဖြစ်ကြသလဲ။

အပူပိုင်း အာဖရိကနိုင်ငံတွေမှာ နေ့စဥ်နေ့တိုင်း ဦးနှောက်သွေးကြောတွေများ တသွင်သွင် ပေါက်နေကြမလား ????

တွေးကြည့်တာ တွေးကြည့်တာ..

တကယ်တော့ ဒါတွေအားလုံးဟာ ကြိုတင်ကာကွယ်မှု အားနည်းလို့ ဖြစ်ကြတာပါနော်။

ဘာကို ကြိုတင်ကာကွယ်မှု အားနည်းသလဲဆိုရင် အဓိကကတော့ သွေးတိုးပေါ့။

ဦးနှောက်သွေးကြော ပိတ်တာ/ပေါက်တာ… ဒီဟာတွေရဲ့နောက်ဆက်တွဲ လေဖြတ်တယ် ဆိုတာမျိုးက သွေးတိုးရောဂါကို သေချာမကာကွယ် မကုသလို့ အဖြစ်များတာလေ။

(လေဖြတ်စေတဲ့ အခြားအကြောင်းအရင်းအချို့ ရှိပေမယ့် သွေးတိုးကြောင့်ဖြစ်တာ အဓိကအများဆုံးမို့ အဲဒီအကြောင်းကိုပဲ ဆက်ပြောပြချင်ပါတယ်နော်)

စိတ်ဝင်စားအောင် ပြောပြရရင်…

ဒုတိယကမ္ဘာစစ်ကာလတုန်းက အမေရိကန်သမ္မတ ရုစဘတ်ဟာ အသက်ကြီးလာတာနဲ့အမျှ သွေးပေါင်ချိန်လည်း ဖြည်းဖြည်းချင်း မြင့်တက်လာပါသတဲ့။ ၁၅၀၊ ၂၀၀၊ ၂၅၀၊ ၃၀၀ စသဖြင့် တစိမ့်စိမ့်တက်လာနေတာပေါ့။

ဆရာဝန်တွေဟာ ဒါကို သတိထားမိပေမယ့် အဲဒီအချိန်က သွေးပေါင်ချိန်မြင့်တက်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သေချာမသိကြတာရော၊ သွေးကျဆေးအမျိုးအစား သိပ်များများစားစား မရှိတာရော၊ အသက်ကြီးလာတာနဲ့အမျှ သွေးပေါင်တက်လာတာ ပုံမှန်ပဲလို့ ယူဆတာ (Essential Hypertension) ကြောင့်ရော သိပ်ဂရုတစိုက် မရှိခဲ့ကြပါဘူး။ သမ္မတကလည်း ဘာဝေဒနာလက္ခဏာမှ ထူးထူးခြားခြား မခံစားခဲ့ရဘူးလေ။

ဒါပေမယ့် တစ်ချိန်မှာတော့ သမ္မတ ရုစဘတ်ရဲ့ သွေးပေါင်ချိန်ဟာ ၃၀၀ အထိမြင့်တက်နေဆဲ ကာလတစ်ခုမှာ သမ္မတဟာ ထိုင်နေရင်းနဲ့ ရုတ်တရက် “ ခေါင်းကိုက်တယ် ခေါင်းကိုက်တယ်” ဆိုပြီး သတိလစ်သွားပါလေရော။

လစ်သွားတဲ့သတိဟာ ပြန်လည်မလာတော့ဘဲ မကြာခင်မှာပဲ သမ္မတလည်း ကွယ်လွန်သွားတာပေါ့။

(တို့ဆီမှာ ဆိုရင်တော့… ပန်ကာလေခံတာ များသွားလို့၊ ရေချိုးမှားခဲ့လို့၊ အပူထဲ သွားခဲ့လို့ ပြောကြမှာပေါ့နော် ????????)

အရိပ်ပြရင် အကောင်မြင်ပြီ ထင်ပါတယ် ????

သွေးတိုးရောဂါကို ဆရာဝန်တွေက အသံတိတ်လူသတ်သမား (Silent Killer) လို့ ခေါ်ဆိုသမုတ်တတ်ကြပါတယ်နော်။

ဘာကြောင့်လဲဆို သူဟာ အများစုမှာ ဘာလက္ခဏာမှ မပြတတ်ဘဲ တိတ်တိတ်လေး ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ရေရှည်ဒုက္ခပေးနေတာကြောင့်ပါ။ ဖြစ်လာခါမှ ရုတ်တရက် သွေးကြောပိတ်တာ၊ သွေးကြောပေါက်တာလိုမျိုး ထဖြစ်တာလေ။

မျက်စိထဲမြင်အောင် ပြောရရင်တော့ နေပူမိုးရွာထဲ နှစ်ရှည်လများ ပစ်ထားတဲ့ ရေပိုက်တွေလိုပေါ့။ မာကြောကြွပ်ဆတ်နေရုံမက အတွင်းမှာလည်း အညစ်အကြေးတွေ ဂျေးတွေ ကပ်ခဲနေပြီး ပိတ်လုပိတ်ခင် အနေအထားဟာ တစ်ချိန်ချိန်မှာတော့ ရုတ်တရက် ပေါက်ထွက်သွားတာ၊ အတွင်းထဲ အလုံးစုံ ပိတ်သွားတာမျိုး ဖြစ်သွားနိုင်တာပေါ့။

ခန္ဓာကိုယ်က သွေးကြောတွေလည်း အဲဒီလိုမျိုးပေါ့…

အဲဒါကြောင့် ဂရုစိုက်ကြပါနော်…

ကိုယ့်ရဲ့ သွေးကြောလေးတွေကို ဂရုစိုက်ကြပါ။

အသက် ၄၀ ကျော်ပြီဆိုတာနဲ့ အနည်းဆုံး ၆ လ တစ်ခါလောက် သွေးပေါင်ချိန်ကို စနစ်တကျ စစ်ဆေးစေချင်ပါတယ် ????

(စနစ်တကျ သွေးပေါင်ချိန်နည်း ဖတ်ရန် ???? click here )

ဒီလို စနစ်တကျချိန်ကြည့်လို့ သွေးပေါင်ချိန် အပေါ်သွေး ၁၄၀ နဲ့အထက်ဆိုတာနဲ့ သွေးတိုးရောဂါ စတင်ပြီလို့ သတ်မှတ်တာဖြစ်တဲ့အတွက် လိုအပ်တဲ့ကုသမှုတွေ စတင်နေကြပါပြီနော်။

(ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ သတ်မှတ်ချက်ပါနော်။ အမေရိကန်နိုင်ငံမှာဆို အခုနောက်ပိုင်း ၁၃၀ နဲ့အထက်ဆိုရင်ကို ကုသမှု စတင်နေတာလည်း ရှိပါတယ်)

ကုသတဲ့အခါ ရေရှည်ကုသရမှာ ဖြစ်တဲ့အတွက် ရောဂါကို သေချာသတ်မှတ်ဖို့ (စနစ်တကျ သွေးပေါင်ချိန်ဖို့) လိုပါတယ်။ တကယ်လို့ အပေါ်သွေး ၁၃၀ အထက်ရှိနေပြီး သွေးတိုးရောဂါလို့ သတ်မှတ်ဖို့ သိပ်မသေချာသေးရင်တော့…..

နေ့စဥ် သွေးပေါင်ချိန်ကို စနစ်တကျတိုင်းတာတာ၊ ဘာဆေးမှ သောက်မထားဘဲ နေလို့ထိုင်လို့ ကောင်းနေချိန် စနစ်တကျ သွေးပေါင်ချိန်ကြည့်တာ… ဒါတွေ ဒါတွေ သေချာလုပ်ပြီး ရောဂါသတ်မှတ်ရမှာပါနော်။

အရေးကြီးဆုံးကတော့ “ သွေးတိုးရောဂါ ရှိပြီ” လို့ သတ်မှတ်ပြီးတာနဲ့ သွေးကျဆေးတွေ ရေရှည်စွဲစွဲမြဲမြဲ သောက်ရတော့မှာဖြစ်ပြီး တခြား လိုအပ်တာတွေလည်း သေချာဆက်လုပ်ရတော့မှာပါ။

ကမ္ဘာမှာ ဖြစ်နေတာလည်း အဲဒီပြဿနာပါပဲ…

• သွေးတိုးရောဂါရှိသူတွေရဲ့ တစ်ဝက်လောက်ကပဲ ကိုယ့်မှာ ရောဂါရှိနေမှန်း သတိထားမိကြပါသတဲ့

• အဲဒီ သတိထားမိသူတွေရဲ့ တစ်ဝက်လောက်ကပဲ ကုသမှု ခံယူကြပါသတဲ့

• ဒီလို ကုသမှုခံယူကြသူတွေရဲ့ တစ်ဝက်လောက်ကပဲ သေချာမှန်မှန်ကန်ကန် စွဲစွဲမြဲမြဲ ကုသကြတဲ့အတွက် လူနည်းစုကပဲ သွေးတိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ကြပါသတဲ့။

တွက်ကြည့်ရင် သွေးတိုးသမား (၈) ယောက်မှာ (၁) ယောက်လောက်ကပဲ သေချာကုသမှုခံယူပြီး ဆိုးကျိုးတွေ ကာကွယ်နိုင်တာပေါ့နော်။

အခုပြောခဲ့တဲ့အထဲမှာ အသေးစိတ်တွေ၊ အောက်သွေးတွေအကြောင်း မပါဝင်ဘဲ… အများနားလည်အောင် ရပ်ထဲရွာထဲ ပြောလေ့ရှိကြတဲ့အတိုင်းပဲ ရေးထားပါတယ်။

အသေးစိတ် တိတိကျကျ သိလိုရင်တော့ တယ်လီကျန်းမာ messenger မှာ ဘိုကင်ယူပြီး ဆရာဝန်များနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးလို့ ရပါတယ်နော်။

အခုလောလောဆယ်တော့….

“ သွေးတိုးကလေ အမြဲတော့ ရှိနေတာတော့ မဟုတ်ဘူး။ တစ်ခါတလေ ၁၄၀၊ ၁၅၀ လောက်အထိ တက်သွားတာမျိုးတော့ ရှိတယ်… အငန်တွေ ငါးခြောက်တွေ စားလိုက်တာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ သွေးကျဆေးလေး တစ်ကဒ်လောက်သောက်ပြီးမှ ပြန်ချိန်ကြည့်တော့ ပုံမှန်ပဲ”

ဒါမျိုး ဆိုရင်တော့…

ပန်ကာလေနဲ့ နီးနေပြီ

ရေချိုးမှားဖို့ များနေပြီ

အပူဒဏ်တွေ များနေပြီလို့သာ မှတ်ယူရင်း…

သွေးပေါင်ချိန်ကို စနစ်တကျ တိုင်းတာဖို့ရယ်၊ သွေးတိုးရောဂါကို စောစီးစွာ သတ်မှတ်နိုင်ဖို့ရယ်၊ ဖြစ်လာခဲ့ရင်လည်း ရေရှည်ကုသမှုတွေကို သေချာနားလည်းပြီး လိုက်နာဆောင်ရွက်ကြဖို့ရယ်… တိုက်တွန်းလိုက်ပါရစေနော်…

လူတိုင်း အမှုမဲ့အမှတ်မဲ့ နေတတ်ကြတဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ ကင်းဝေးနိုင်ကြပါစေ ????????

(နှလုံး၊ ကျောက်ကပ်၊ မျက်စိနဲ့ အခြား နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း အခုရေးထားတဲ့အထဲ မပါသေးပါ)

သွေးကျဆေးဟာ ခဏတဖြုတ် သောက်ရတာမျိုးမဟုတ်… ရောဂါသတ်မှတ်ပြီးမှ ရေရှည်စွဲသောက်ရတဲ့ ဆေးအမျိုးအစားဖြစ်ကြောင်းလည်း မှတ်သားနိုင်ကြပါစေကြောင်း ဆုတောင်းလျက်….

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here